ဂဏန်းလက်မ မဟာဗျူဟာ

by Hla Soewai - Mar 30 2023

မင်းအောင်လှိုင်သည် မတ်လ ၂၇ ရက် နေ့ စစ်တပ် အခမ်းအနားတွင် နိုင်ငံတကာ အား ဒီမိုကရေစီ ပြန်လည် ထားရှိနိုင်ရေး အတွက် သူ့နောက်တွင် ရပ်တည် ပေးရန် ပြောပြီး ၃၆ နာရီ အတွင်းမှာပင် နိုင်ငံ၏ ပင်မ ပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ပါတီ ၃၉ ပါတီကို ဖျက်သိမ်းလိုက်ခြင်း ဖြင့် ပါးစပ်ထဲ တွေ့ရာ ပြောနေခြင်းသာ ဖြစ်သည် ဆိုသည်ကို ကမ္ဘာသို့ ချပြလိုက်ပြီ ဖြစ်သည်။

 

တကယ်တမ်းတွင် သူ့အကြောင်း လူတကာ အူမ ချေးခါး မကျန် သိ အောင် သု့ဖာသာ သူ ဖန်တီးတတ်သူ ဖြစ်သည်။ ထို့အတွက် သူ ဘာရည်ရွယ် ချက် နှင့် ပြောသည် ဆိုသည်ကို မည်သူမျှ နဖူးပေါ် လက်တင် နက်နက်နဲနဲ စဉ်းစားစရာ မလိုအောင် ကူညီ ပေးသူ ဖြစ်သည်။ 

 

ယခုလည်း NLD အား ဖျက်သိမ်းလိုက်ခြင်း အပေါ် စစ်ကောင်စီ အား သဘောထား ပျော့ပြောင်းစွာ ဆက်ဆံချင်ပုံရသည့် ဂျပန် နှင့် ဩစတေးလျှ တို့က စတင် ဝေဖန်လာပြီ ဖြစ်သည်။

 

ဂျပန်မှ ယခုလို ဖျက်သိမ်းလိုက်ခြင်းသည် လက်ရှိ အခြေအနေကို တိုးတက် ကောင်းမွန်လာစရာ မရှိ၍ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD တာဝန် ရှိသူ များ အားလုံး အမြန် ပြန်လွှတ်ပေးပြီး ‌စတင် ဆွေးနွေးရန် တောင်းဆိုလာသည်။

 

ဩစတေးလျှ ကလည်း ယင်းလုပ်ရပ်သည် နိုင်ငံအား အကြမ်းဖက်မှု များ နှင့် ပို၍ မတည်မငြိမ် ဖြစ်လာမည်ဟု သတိပေးလာခဲ့သည်။

 

ဂျာမဏီ ကလည်း ထိုလုပ်ရပ်သည် ၎င်း၏ ပြည်သူများကို ‌ဂရုစိုက်စရာ တစက်မျှမလို ဆိုသည့် သဘောထားအပြင် လွတ်လပ်ခွင်နှင့် ဒီမိုကရေစီ လမ်းကြောင်းမှ ပြောင်ပြောင်တင်းတင်း သွေဖယ်သွားပြီ ဆိုသည်ကို ထပ်မံ ပြသလိုက်သည့် နမူနာ ဖြစ်သည်ဟု ကျေညာချက် ထုတ်ပြန်လာခဲ့သည်။

 

အမေရိကန် နှင့် ဗြိတိန်မှလည်း အတိုက်အခံများအား အကြမ်းဖက် နည်းလမ်းများ ဖြင့် အကြောက်တရား စိမ့်ဝင်လာအောင် ပြုလုပ်နေမှုများကို ရှုတ်ချကြောင်း ကျေညာချက် ထုတ်ခဲ့ပြန်သည်။

 

နိုင်ငံတကာ သည် တကယ်တမ်းတွင် မြန်မာပြည်နှင့် ပတ်သက်၍ ၁၉၈၈ မှ ၂၀၁၁ အကြာ ပြသခဲ့သော ဇာတ်ထုတ်ရှည်ကြီးကို ပြန်၍ ရုံသွင်း ပြသ ရန် စိတ်ကူးနေကြခြင်းသာ ဖြစ်သည်။

 

တခု တိုးတက်လာသည်က ၎င်းတို့အား ဆက်ဆံရေး တွင် အနည်းငယ်မျှပင် အသိအမှတ် ပြုသည့် အသွင် မျိုး မပေါက်အောင် သတိကြီးစွာ ထားပြီး လုပ်ကိုင်နေကြရခြင်းပင် ဖြစ်သည်။

 

ဤသည်က မင်းအောင်လှိုင် တို့ အဖွဲ့အတွက် မည်သို့မျှ လုပ်၍မရ၊ မည်သူမျှလည်း မကယ် နိုင်ပဲ လည်စင်း ခံနေရသည့် ဘဝ မျိုး ရောက်နေသည်။

 

 နိုင်ငံတကာ မှ စစ်ကောင်စီ အား ဖိအားပေးနေသည့် အရှိန် လျော့ကျမသွားအောင် ပြည်သူတို့ အနေဖြင့် ၎င်းတို့အား မဆုပ်မနစ် ဆက်လက် ဆန့်ကျင်နေဖို့သာ လိုသည်။ တဖက်တွင် တော်လှန်ရေး အင်အားစု များကလည်း တော်လှန်ရေး အရှိန်အဟုန် ကို ဆက်လက် တိုးမြှင့်သွားဖို့သာ လိုသည်။ ဤသည်က စစ်ကောင်စီ အား တဖြေးဖြေး လည်မြို ညှစ်လာမည့် ဂဏန်း လက်မ မဟာဗျုဟာ ပင် ဖြစ်သည်။

 

မင်းအောင်လှိုင် သည် သမ္မတ ဖြစ်ရေးသာ လိုလားနေသော်လည်း၎င်းအပေါ် ပြည်သူတို့၏ ကြည်ညိုလေးစားမှု တစက်လေးမျှ မရှိတော့သည့်အပြင် ထောက်ခံသူများကလည်း ၎င်းကို မဟုတ်ပဲ စစ်တပ်ကိုသာ ထောက်ခံ နေကြခြင်း ဖြစ်သည်ကို အထင်အရှား တွေ့လာရသည်။ ထိုလူများသည်လည်း နိုင်ငံရေး မျက်နှာစာတွင် စည်းတဖက်ကို ရောက်သွားကြပြီ ဖြစ်၍ ၎င်း၊ အကြောက်တရားများဖြင့်၎င်း၊ အခွင့်အရေး ရလို၍ ၎င်း မျက်စိမှိတ် ထောက်ခံ နေကြခြင်းသာ ဖြစ်သည်။

 

သူတို့ အားလုံး၏ စိတ်တွင် ဖြစ်နိုင်လျှင် မင်းအောင်လှိုင် ကို ဖယ်ရှား ချင်နေကြသည်။ လက်ရုံးရည် အားဖြင့် တိုးတက်အောင် လုပ်၍ မရသည်ကိုလည်း သိထားကြ၍ ပါးရည်နပ်ရည်ရှိမည့်နှလုံးရည် ပြည့်ဝသော ခေါင်းဆောင် တဦးကို ကြိတ်၍ တောင့်တနေကြပြီ ဖြစ်သည်။ မင်းအောင်လှိုင်သည် ထိုအနေအထားကို ကောင်းစွာ ရိပ်မိနေပြီ ဖြစ်၍ တစ်ပူပေါ် နှစ်ပူဆင့်လာနေသည်၊ ဖြစ်နိုင်လျှင် ရွေးကောက်ပွဲ ဆိုသည်အား မနက်ဖန် ပင် လုပ်ချင်နေသူ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် အကြီးအကဲ လုပ်သူများ စီစဉ်ပေးထားသော စစ်တပ်အား နိုင်ငံရေး မျက်နှာစာ မှ ကိုယ်ယောင် ဖျောက်ပြီး နောက်ကွယ်မှ ထိန်းချုပ်ထားသည့် စနစ်သည် လွန်စွာ အောင်မြင်နေသည်ကို မသိပဲ နေမည် မဟုတ်၊ ပြဿနာက သူ၏ မိသားစု အကျိုးစီးပွား အ‌တွက် ဘေးရောက်သွား၍ မဖြစ်၊ အနည်းဆုံး နောက်ထပ် ငါးနှစ်လောက် သမ္မတ သို့မဟုတ် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဆက်နေချင်သေး၍ မဲခိုးသည် ဆိုကာ လိမ်လည် ပြောဆို မျက်စိမှိတ် အာဏာ သိမ်းယူလိုက်ခြင်းသာ ဖြစ်သည်။ ထိုသို့ လုပ်ရဲအောင် drip သွားချိတ်ပေးခဲ့သူများသည် အမျိုးသား သစ္စာဖေါက် အတုအယောင် နိုင်ငံရေး ပါတီများပင် ဖြစ်သည်။

 

တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးအောင်၊ အိမ်နီးခြင်းများ နှင့် ရင်ဘောင်တန်းနိုင်အောင် ကြိုးစားနေသည့် နိုင်ငံ ခေါင်းဆောင်များအား မတရား အမှုဆင်၍ ထောင်သွင်း အကျဉ်းချ ခဲ့ရသည့် အတွက် လူထု၏ လေးစားကြည်ညိုမှု သုံညအောက် အဖြစ်နှင့် အာဏာသိမ်း ခေါင်းဆောင် ဘဝ စတင် လျှောက်လှမ်းခဲ့ရသူ လည်း ဖြစ်သည်။

 

ဧရာဝတီ သတင်းအရ မင်းအောင်လှိုင် နှင့် စိုးဝင်း အကွဲ အပြဲသည် စတင်လာနေပြီဟု သိရသည်၊ စိုးဝင်းသည် အရေးပေါ် အခြေအနေ သက်တမ်းတိုး ခြင်းကို လုံးဝ မနှစ်မြိုသည့်အပြင် ရွေးကောက်ပွဲလည်း လုပ်နိုင်မည့် အလားအလာ မရှိဟု ရှူမြင်ထားသည်။ ရှေ့တန်းတွင် အကျ အဆုံး လွန်စွာ များပြားနေခြင်းကိုလည်း စိုးရိမ်မကင်း ဖြစ်လာနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

 

ဤသည်ကို ရိပ်စားမိသဖြင့် မင်းအောင်လှိုင်သည် ဒုတိယ ဝန်ကြီးချုပ် အများအပြား ခန့်အပ်ပြီး စိုးဝင်းအား ချောင်ထိုးရန် ကြံစည်လာသည်။ ထို့ပြင် စစ်ဖက်လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား လုပ်ပိုင်ခွင့်များ အလွန်အကျွံ ပေးကာ မြှောက်စားလာသည်၊ ညဏ်ရည် နည်းမှန်း သိ၍ တမင် ပစားပေးခံရ‌သော ရဲဝင်းဦးသည် တပ်တွင်း နိုင်ထက် စီးနင်း ဆက်ဆံလာ၍ ဘေးထုတ်ခံထားရသော အောင်လင်းဒွေး နှင့်ပါ ပြဿနာ ဖြစ်လာသည့် အပြင် စစ်တိုင်းမှုး များ၏ ရွံရှာ မုန်းတီးခြင်းကို ခံနေရသည်ဟု ဧရာဝတီက ဆိုသည်။

 

ထိုအတိုင်းဆိုက စိုးဝင်းသည် အရံတပ်ရင်း ရောက်ဖို့ သို့မဟုတ် ပင်စင် ပေးခံရဖို့ များနေပြီး ရဲမင်းဦးသည် ကာချုပ် ဖြစ်လာနိုင်စရာ ရှိနေပြီ ဖြစ်သည်။

 

နောက်ဆုံးတွင် တော့ မင်းအောင်လှိုင် နှင့် သူမိသားစုသည်သာ အခြေမပျက် ဆက်၍ ကြီးပွားဖို့သာ ရှိနေပြီး ကျန်လူများကတော့ ပရုပ်လုံးများ ပမာ ရှိပေတော့မည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

Photo - REUTERS