သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(123)

by Hla Soewai - Mar 28 2023

ဂန္ဓီကြီး၏ အာဏာဖီဆန် တော်လှန်ရေး (၇)

 

 မကြာမီမှာပင် ဂန္ဒီအား ဖမ်းဆီးလိုက်သည်။ သူ နှင့် အတူ လိုက်ပါ ချီတက်လာသူများက ဆားချက်သည့် နေရာများတွင် "တော်လှန်ရေးကြီး အဓွန့်ရှည်ရမည်" ဟူသော ကြွေးကျော်သံများကို ဟစ်ကြွေး ခဲ့ကြသည်၊ ပုလိပ် နှစ် စစ်သားများက လူအုပ်ကြီးအား နံပတ်တုတ်များ၊ သေနတ်ဒင်များ နှင့် ရက်ရက်စက်စက် ဝင်ရောက် ရိုက်နှက်ခဲ့ကြသဖြင့် အတုံးအရုံး မြေကြီးပေါ် လဲကျကုန်သည်။

 

ဗြိတိသျှ အစိုးရ၏ ရက်စက်ကြမ်းကြုပ်စွာ ကိုင်တွယ် မှုများအား တကမ္ဘာလုံး မှ အမျက်ချောင်းချောင်း ထွက်ခဲ့ကြသည်။ အမေရိကန် သတင်းထောက် ဝက်ဘ် ‌မေလာ မှ "မည်သို့မျှ ပြန်လည် ခုခံ ကြခြင်း မရှိသော လူများအား ဖွတ်ဖွတ်ညက်ညက် ကျေအောင် ရိုက်နှက်နေကြသည့် အဖြစ်ကို ကျွနုပ် အနေဖြင့် မည်သို့မျှ ဆက်၍ ရပ်ကြည့် နေနိုင်စွမ်း မရှိ၍ ဝေးရာသို့ ပြေးထွက်လာခဲ့ရသည်" ဟု ရေးသားခဲ့သည်။

 

ထို ဖြစ်စဉ်ကြီးကြောင့် ယဉ်‌ ကျေး သိမ်မွေ့ လှပါသည် ဆိုသော ဗြိတိသျှ အင်ပိုင်ယာ ကြီး၏ အတွင်း သရုပ် ကို တကမ္ဘာလုံးက အတိုင်းသား မြင်ခွင့် ရသွားခဲ့ပြီ ဖြစ်သည်။ သို့သော် အိန္ဒိယ တိုင်းရင်းသား တို့သည် ငြိမ်းချမ်းစွာဖြင့် တော်လှန်ရေးကို ဆက်လက် ဆင်နွှဲနေဆဲပင် ဖြစ်သည်။

 

ထိုသို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု ကြောင့် လူပေါင်း ၆၀,၀၀၀ ခန့် ဖမ်းဆီးလာခဲ့ရမှု နှင့် အတူ ဗြိတိသျှ တို့ တုန်လှုပ် ချောက်ခြားစ ပြုလာနေပြီ ဖြစ်သည်။ ဤသို့ဖြင့် ၁၉၃၅ တွင် ဗြိတိသျှ ပါလီမန် မှ အိန္ဒိယ အစိုးရ အုပ်ချုပ်ရေး ဥပဒေသစ် ကို ပြဋ္ဌာန်းလာခဲ့သည်။ 

 

ထိုဥပဒေဖြင့် အိန္ဒိယ တိုင်းရင်းသား တို့သည် ပြည်နယ် အစိုးရများ တွင် ပို၍ ထိန်းချုပ် နိုင်ခွင့် ရလာပြီး ဗဟို အစိုးရ အဖွဲ့တွင်လည်း ပါဝင်ခွင့် ရလာခဲ့သည်။ သို့သော် လွတ်လပ်ရေး ရခဲ့ခြင်း မဟုတ်ပဲ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အား အတိုင်းအတာ တခုထိ ပေးလာခဲ့ခြင်းသာ ဖြစ်သည်။

 

တချိန်တည်း မှာပင် ဟိန္ဒူ နှင့် မူဆလင် တို့အကြား တင်းမာမှုသည် လွန်စွာ အန္တရာယ်များလှသည့် ပေါက်ကွဲလု နီးပါး အခြေအနေ သို့ ရောက်လာနေသည်။ မူဆလင်များသည် တနိုင်ငံလုံး လူဦးရေ၏ လေးပုံ တပုံ ခန့် ရှိနေသည့် အတွက် အနာဂတ်တွင် ၎င်းတို့ဖာသာ သီးခြား လွတ်လပ်သော နိုင်ငံ ထူထောင်သွားပိုင်ခွင့် ရှိရမည်ဟု တောင်းဆိုလာခဲ့ကြသည်။ ဤသို့ဖြင့် ပါကစ္စတန် ဟူသော အယူအဆများ စတင် ပျံ့ပွားလာခဲ့သည်။

 

ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာသည့် အခါတွင်တော့ ဟိန္ဒူ နှင့် မူဆလင်များအကြား ပဋိပက္ခသည် နောက်တန်းသို့ ရောက်သွားခဲ့သည်။ ဗြိတိသျှ အစိုးရ မှ ဂျာမဏီ နှင့် ဖြစ်ပွားသော စစ်ပွဲတွင် ပထမ ကမ္ဘာစစ် ကကဲ့သို့ပင် အိန္ဒိယ နိုင်ငံသား များအား ၎င်းတို့ဖက်မှ ထောက်ခံရန် မျှော်လင့်ထားခဲ့ကြသည်။

 

၁၉၃၉ စက်တင်ဘာ ၃ ရက်နေ့တွင် ဘုရင်ခံချုပ် လင်လစ်ဂိုး မှ အိန္ဒိယ သည် ဗြိတိသျှ အင်ပိုင်ယာကြီး၏ တစိတ်တပိုင်း ဖြစ်သည့် အားလျှော်စွာ ယခုအခါ နာဇီ ဂျာမဏီ နှင့် စစ်ဖြစ်ပွားနေပြီဟု သူ့သဘောနှင့် သူ ကျေညာလိုက်သည်။ ထိုသို့ တဖက်သတ် ကျေညာခဲ့ခြင်းကို အိန္ဒိယ နိုင်ငံရေး ခေါင်းဆောင်များ အကြားမကျေမနပ် ဖြစ်လာခဲ့သည်။ သို့သော်လည်း မည်သို့မည်ပုံ တုန့်ပြန်သင့်သည် ဆိုသည် အပေါ် သဘောထား တိုက်ဆိုက်ခြင်း မရှိ ခဲ့ကြပေ။

 

အိန္ဒိယ စစ်သား အများအပြားလည်း မကြာမီ မိမိတို့အား လွတ်လပ်ရေး မဖြစ်မနေ ပေးရတော့မည့် အင်ပိုင်ယာ ကြီး အတွက် စစ်ပွဲပြီးဆုံးသည် အထိ ဆက်လက် တိုက်ခိုက်ပေးခဲ့ရပြန်သည်။

 

သို့သော် ဗြိတိန် ဝန်ကြီးချုပ် ဝင်စတန် ချာချီမှ မိမိ ဝန်ကြီးချုပ် ဖြစ်နေသမျှ ကာလပတ်လုံး "ဗြိတိသျှ အင်ပိုင်ယာ ကြီး ပြိုကွဲသွားမည့် အရေး" ကို ဦးဆောင်ဦးရွက် ပြုမည့်လူမျိုး မဟုတ်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ ထိုအစား ချာချီသည် အပေးအယူ သဘောနှင့် အင်ပိုင်ယာကြီး အတွင်း ဒိုမီနီယံ အဆင့်အတန်း နှင့် ဆက်နေသွားရန် ကမ်းလှန်းလာခဲ့သည်။

 

၎င်း၏ ကမ်းလှန်းချက်အား ဂန္ဒီ၊ ဂျဝါဟာလာ နေရူး နှင့် ကွန်ဂရက် ခေါင်းဆောင်များက ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြသည်။ ထိုအစား လုံးဝ လွတ်လပ်ရေး ပေးရန် သာ တောင်းဆိုလာခဲ့သည်။

 

ထိုသို့ နှစ်ဖက် အကြား တင်းမာလာမှုသည် ၁၉၄၂ ဩဂုတ်လ တွင် အရှိန် အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်။ ဤသည်ကား အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ ကွန်ဂရက် တွင် အိန္ဒိယ တိုင်းရင်းသားများ အနေဖြင့် ဗြိတိသျှ တို့၏ နယ်ချဲ့ အရင်းရှင် စနစ်ဖြင့် ဆက်၍ ခေါင်းပုံဖြတ် အုပ်ချုပ်နေခြင်းကို ဆက်၍ သည်းခံနေကြတော့မည် မဟုတ်ဟု ရဲ့ဝံ့ပြတ်သားစွာ ထုတ်ဖေါ် အသိပေးလိုက် ခြင်းကြောင့်ပင် ဖြစ်သည်။

 

ထိုပြင့် အိန္ဒိယ မှ ထွက်သွား ‌‌ဆိုသည့် Quit India ဆုံးဖြတ်ချက်ကို အဆိုပါ ညီလာခံကြီးမှ တညီတညွတ် တည်း ချမှတ်ခဲ့ပြန်သည်။ ထိုဆုံးဖြတ်ချက်ကြီးတွင် ဗြိတိသျှ တို့အား တနေ့တရက် မျှပင် ဆက်ရှိနေခြင်းကို မလိုလားတော့ဟု လည်း ပါရှိခဲ့သည်။

 

ဗြိတိသျှတို့က ထိုသို့ ကျေညာချက် ထုတ်ပြန်လာခြင်းကို မခံမရပ်နိုင် ဖြစ်လာပြီး ဂန္ဒီ နှင့် ကွန်ဂရက် ခေါင်းဆောင်များကို ဖမ်းဆီးလိုက် ပြီး ဒုတိယ ကမ္ဘာစစ် ကြီး ပြီးသည် အထိ အကျဉ်းချထားလိုက်သည်။ ၎င်းတို့ကမူ အိန္ဒိယ တွင် ပိုနေမြဲ ကျားနေမြဲ အတိုင်း ဆက်ရှိ နေခဲ့ကြသည်။