စစ်ရေးပြကွင်း တိုက်ခိုက်ခံရ

by Hla Soewai - Mar 28 2023

မတ်လ (၂၆) ရက်နေ့ ည ၇း၃၀ ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက တပ်မတော်နေ့ ဆိုကာ ပြုလုပ်မည့် စစ်ရေးပြကွင်းကို ၁၀၇ မမ ရှောတိုက်ဒုံး ၄ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သတင်းရင်းမြစ်များ အား ကိုးကား၍ ခေတ်သစ် မီဒီယာ တွင် ဖေါ်ပြထားသည်။

 

ထိုတိုက်ခိုက်မှုသည် ကိုဇေယျသော်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် လက်စားချေ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထိခိုက် သေဆုံးမှု ကို အတည်ပြုနိုင်ခြင်း မရှိသော်လည်း ၎င်းတို့၏ အထင်ကရ ကွင်းကြီးအား တိုက်ခိုက်နိုင်ခဲ့မှု သည်ပင် စိတ်ဓါတ်‌ရေးရာ အရ ထိုးနှက်မှုကြီးပင် ဖြစ်သည်။

 

၎င်းတို့၏ လက်အောက်ခံ တပ်များသည် ထိန်းချုပ်နိုင်ဆဲ ဒေသများမှာပင် ညအချိန်မတော် ခွေးတကောင် လမ်းဖြတ်ကူးသည်ကိုပင် သေနတ် နှင့် လှမ်းပစ်သည့်အထိ သွေးရူးသွေးတမ်း ဖြစ်နေသည်။

 

ထိုသို့သော အခြေအနေများ ကြားမှာပင် စစ်အာဏာသိမ်း အဖွဲ့ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံ‌ရေး ပါတီများအား လာမည့် မတ်လ ၂၈ ရက် နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ကြရန် နှင့် ပျက်ကွက်က ဖျက်သိမ်းပစ်မည်ဟု သတိပေး ခြိမ်းချောက်လာသည်။

 

မင်းအောင်လှိုင် အဖို့ကတော့ ရွေးကောက်ပွဲ ဆိုသည်ကို မည်ကာမတ္တာမျှ လုပ်၍ ရစေဦး၊ အရေးမကြီး၊ လုပ်ဖြစ်ဖို့သာ အရေးကြီးသည်ဟု သဘောထားနေသူ ဖြစ်သည်။ သို့သော် ကျန် စစ်ဗိုလ်ချုပ်များက သဘောတူပုံ မရ၍ မာရှယ်လော ထပ်တိုးပြီး ၎င်းတို့ အလိုကျ နှိမ်နှင်းရန် လိုက်လျောလိုက်ခြင်းပင် ဖြစ်သည်။

 

လက်ရှိတွင် ကနော်နီ ကနောနဲ့ အဆင့်ရှိ နိုင်ငံရေး ပါတီ ၃၈ ပါတီ သည် ပြန်လည် မှတ်ပုံတင်လာကြသည်ဟု ၎င်းတို့ ထုတ်ပြန်သော သတင်းများအရ သိရသည်။ ထိုအထဲတွင် ပြည်သူတို့၏ ထောက်ခံမှု အများဆုံး ရနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ခြင်း မရှိသည့် အပြင် မှတ်ပုံတင်ရန်လည်း ကြိုးစားမည် မဟုတ်ဟု သိရသည်။

 

ထိုဆုံးဖြတ်ချက် အား မတ်လ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ယာယီ ဗဟို အလုပ်အမှုဆောင် ကော်မတီ မှ ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ အစည်းအဝေူးမှ လက်ရှိ ရွေးကော် အားလည်း တရားမဝင် အဖွဲ့အစည်း အဖြစ် ကျေညာခဲ့သည်။

 

စစ်အင်အား ဖြင့် လူထု အပေါ် ခြိမ်းချောက်ရန် ကြိုးစားနေသော်လည်း ၎င်းတို့အဖွဲ့ အတွင်း စိတ်ဓါတ်များ ကျဆင်းပြီး ဖရိုဖရဲ ဖြစ်နေပြီ ဆိုသည်ကို ကလေးက အစပင် သိနားလည် ထားပြီ ဖြစ်၍ မည်သူမျှ တလေးတစား မရှိကြတော့၊ ၎င်းတို့ ဝယ်ယူထားသည့် လက်နက်ကြီးများကလည်း ပျောက်ကျားစစ်ဆင်ရေး မျိုး အတွက် မည်သို့မျှ သုံးစားမရသည့် အနေအထား ဖြစ်နေပြီး ရင်ဆိုင်တိုက်ပွဲကြီး များ တွင်သာ အသုံးပြု၍ ရသည့် လက်နက်မျိုး များ ဖြစ်နေသည်။

 

ဗိုလ်မှုး ဗိုလ်ကြီး ဆိုသူများသည်လည်း အခွင့်ထူးများ ရဖို့သာ အမြဲ ချောင်းနေသူများ ဖြစ်၍ တကယ့် တိုက်ပွဲကြီး များ နှင့် ကြုံလာရသည့် အခါ တွင် မည်သို့မျှ သုံးစား၍ မရ၊ ဆုံးဖြတ်ချက် အမှားများ နှင့် အကျအဆုံး များစွာ ဖြင့် အဆုံးသတ်သွားရသည် ကို ဒီမောဆိုး တိုက်ပွဲကြီးက သက်သေခံနေပေသည်။

 

ရိုဟင်ဂျာ ၄၈၀ ဦးအား လာရောက် တွေ့ဆုံသော မြန်မာ အရာရှိ ၁၇ ဦး ပြန်သွားပြီ ဖြစ်သော်လည်း မိမိတို့အား မည်သည့် မေးခွန်းများ မေးခွင့် မပြု၊ လုံခြုံစိတ်ချစွာ နေခွင့်ရမည်လား ဆိုသည်ကိုပင် တလုံးတပါဒမျှ ဖြေဆိုသွားခြင်း မရှိဟု တွေ့ဆုံမေးမြန်း ခံရသူ များ အား ပြောကြောင်း ကောက်ဘဇား မှ AFP သတင်းတွင် ဖေါ်ပြထားသည်။ ၎င်းတို့၏ မီဒီယာ များ တွင်လည်း ထိုသတင်းကို တလုံး တပါဒမျှ ဖေါ်ပြထားခြင်း မရှိပေ။ အာဏာရှင် လက်အောက်တွင် အမှုထမ်း များ အဖို့က ထိုကဲ့သို့ပင် ပါးစပ်ပိတ် ထားကြရစမြဲလည်း ဖြစ်သည်။

 

၎င်းတို့ အပေါ် ရိုဟင်ဂျာ ဒုက္ခသည်များကပင် အယုံအကြည် တစက်မျှ မရှိသည်ကို တွေ့ရသည်။ နိုင်ငံတကာ တရားရုံး ၏ ဆုံးဖြတ်ချက် အား လိုက်နာချင်ယောင် ဆောင်ခြင်းသာ ဖြစ်မည်ဟု မှတ်ချက်ချခဲ့ကြသည်။

 

အမျိုးသား ညီညွတ်‌ရေး အစိုးရမှ စစ်ကောင်စီ မှ ရနေသော ဝင်ငွေများ ရပ်တန့်သွားရန် သံတမန် နည်းလမ်း အရ အစွမ်းကုန် ဖိအားပေးနေသည်။ ထိုင်းရေနံ ကုမ္ပဏီ PTTEP အားလည်း စစ်ကောင်စီအား လစဉ် အစီရင်ခံစာ၊ ပေးနေသော ငွေပမာဏ နှင့် လိုအပ်သည့် သတင်း အချက်အလက်များ ကို ပေးရန်နှင့် ငွေပေးချေနေမှုများ ရပ်ဆိုင်းထားရန် တရားဝင် တောင်းဆိုသော စာကို ပေးပို့လိုက်ပြီး ဖြစ်သည်ဟု စီမံဘဏ္ဍာနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသော်လည်း ထိုင်း ကုမ္ပဏီမှ လက်ခံရရှိခြင်း မရှိဟု ငြင်းဆိုထားပြန်သည်။

 

MOGE သည် ထိုင်းတို့ထံမှ ရတနာ ဓါတ်ငွေ့ တွင်း မှ လစဉ် ဒေါ်လာ သန်း ၈၀ နှင့် ၁၀၀ ကြား ရရှိနေသည်ဟု သိရသည်။ သို့သော် ရွှေ ဓါတ်ငွေ့တွင်း မှ ဝင်ငွေများကို တောင်ကိုရီယား၏ POSCO မှ ၎င်းတို့ထံ တိုက်ရိုက် ပေးချေခြင်း မရှိပဲ escrow account ခေါ် ကြားခံ အကောင့် တခုသို့သာ ပေးသွင်းနေသည်ဟု လျပ်စစ်ဝန်ကြီး ဦးစိုးသူရထွန်း မှ ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

အမေရိကန် သည် ထိုငွေများသည် နိုင်ငံ ပြန်လည် တည်ဆောက်ရေး အတွက် သုံးစွဲ နိုင်မှန်း သိနေ၍ စစ်ကောင်စီ မှ လက်နက်များ ဝယ်ယူ ဖြုန်းတီးနေမှု ကို ကာကွယ်ရန် ထိုင်း၊ ကိုရီယား တို့ နှင့် ဆွေးနွေးနေပြီ ဖြစ်သည်။ 

 

လောလောဆယ်တွင် တော့ PTTEP သည် မြန်မာ တွင် ရင်းနှီး မြုပ်နှံရန် ရှိနေသော ဒေါ်လာ နှစ် ဘီလီယံ တန် M-3 Gas-to-Power project အား ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်သည်။

 

စစ်ကောင်စီမှ အသစ် ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီး ဆိုသည်မှာလည်း မည်သည့် နိုင်ငံခြားနှင့် မျှ မဆက်ဆံရပဲ စုန်းစုန်းမြုပ်နေပြီ ဖြစ်သည်။

 

နိုင်ငံတကာ မှလည်း ဘာတွေ ဆက်ဖြစ်လာနိုင်သည်ကို စောင့်ကြည့်နေကြပြီး ၎င်းတို့ မည်သို့မျှ ဆက်၍ အုပ်ချုပ်၍ မရတော့မှန်း သိနေကြပြီ ဖြစ်သည်။

 

လူတဦးတယောက်တွင် ရှိသင့်ရှိထိုက်သော အသိတရားကို ပုံပျက်ပန်းပျက် ဖြစ်စေမည့် ပုံသေကားချပ် ထဲက မထွက်နိုင် ပိတ်မိနေသည့် ဝဋ်ကြွေးကို ပေးဆပ်နေရသူများ သာ ဖြစ်သည်။

 

ထိုသို့သော လူများက တရိပ်ရိပ် တက်လာနေသော တော်လှန်ရေး ဒီရေ လှိုင်း လုံးကြီးအား မည်သို့များ ဟန့်တား နိုင်ပေမည်နည်း။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!