အာဏာသိမ်း အဖွဲ့အား ထောက်ခံနေခြင်းသည် မြန်မာ အကျပ်အတည်းကို ရှည်လျားအောင် လုပ်နေခြင်းသာ ဖြစ်

by Hla Soewai - Mar 26 2023

မင်းအောင်လှိုင် နှင့် အာဏာသိမ်း အဖွဲ့သည် ဝံပုလွေ ကို ကြောက်၍ အသက်ရှင်နေသမျှ ကာလ ပတ်လုံး ကျီးလန့်စားစား နှင့် နေကြရပြီး နောက်ဆုံးတွင် သိုးထိန်းသမား၏ လက်ချက်ဖြင့် နိဂုံးချုပ် သွားရပေတော့မည့် သိုးငယ်လေးများပမာ ဖြစ်နေသည် ဆိုသော တောင်အာဖရိက စကားပုံ အတိုင်း ဖြစ်နေပေသည်။

 

သို့သော် နိုင်ငံတကာ တွင် မြန်မာ အကျပ်အတည်း နှင့် ပတ်သက်၍ ဘူးလုံး နားမထွင်း ထင်မြင် ယူဆမှုများ ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု မှ ဘီလီ ဖို့ဒ်မှ ယခုလို ထောက်ပြ ထားသည်။

 

(၁) စစ်တပ်သည် အဆုံးသတ်တွင် အာဏာကို အခိုင်အမာ တည်ဆောက်လာနိုင်မည်။

 

(၂) ထိုသို့ မဟုတ်က အုပ်ချုပ်‌ရေး တွင် ၎င်းတို့ကဲ့သို့ ထိန်းချုပ်နိုင်စွမ်း ရှိသူ ထွက်မလာပဲ အလုံးစုံ ပြိုလဲ သွားမည့် failed state ဖြစ်သွားနိုင်သည်။

 

(၃) စစ်တပ် မှ ရေရှည် ထိန်းချုပ်ထားနိုင်ခြင်းကို လိုလားပြီး တည်ငြိမ်မှု ရှိလာမည်။

အစရှိသည် တို့ ဖြစ်သည်။

 

ထိုသို့ အယူအဆ ရှိသူများသည် စစ်တပ် မှ နောက်ဆုံးတွင် ထိန်းချုပ်သွားနိုင်မည်ဟု ယုံကြည်နေပြီး လက်ရှိ အကြမ်းဖက် သတ်ဖြတ်နေမှုများကို တုံဏှိဘာဝေ လုပ်နေကြခြင်းသာ ဖြစ်သည်။

 

သို့သော် လက်ရှိ အနေအထားသည် ၎င်းတို့ အား ဆန့်ကျင်တွန်းလှန်နေမှုများက အင်အားကောင်းသည်ထက် ကောင်းလာနေပြီး ၎င်းတို့ အရေးနိမ့်မည်ဟု ယုံကြည်မှသာ စစ်တပ်သည် နိုင်ငံရေးအရ အဖြေရှာနိုင်အောင် ဆွေးနွေးပွဲများ လုပ်လာမည် ဖြစ်သည်။ သို့သော် ထိုသို့ ဖြစ်လာအောင် မလုပ်ပဲ စစ်တပ်ကို ဆက်၍ ထောက်ခံ နေခြင်းသည် ပြဿနာကို ရှည်ကြာသည်ထက် ကြာအောင် ပြုလုပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

 

(၁) စစ်တပ်သည် အဆုံးသတ်တွင် အာဏာကို အခိုင်အမာ တည်ဆောက်လာနိုင်မည်လော။

 

စစ်တပ်၏ လက်ရှိ အနေအထားကို ကြည့်မည် ဆိုလျှင် (၁) ရိက္ခာများကို ပင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ မိုင် ၃၀ အကွာကိုပင် ရဟတ်ယာဉ် ဖြင့် ချပေးနေရသည်။ (၂) စစ်သားများ၏ ဇနီးသားသမီးများကိုပင် လက်နက်တပ်ဆင်ပေးလာရသည်။ (၃) စစ်တက္ကသိုလ် သည်လည်း ယခင် သင်တန်းသား အရည်အတွက် ၏ အနည်းငယ်မျှ လောက်သော အရည်အတွက် ကို လေ့ကျင့်သင်ကြားပေးနေရသည်။ (၄) ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို ခုခံနိုင်ရန် ဆိုကာ ၎င်းတို့ သစ္စာခံ အရပ်သားများကို ဝါးချွန်များ ထုတ်ပေးနေရသည်။

 

စစ်တပ်၏ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ကျင့်သုံးလာသည့် မည်သို့မျှ ခေတ်မမီတော့သော ဖြတ်လေးဖြတ် ဗျုဟာသည် အဆုံးတွင် အောင်ပွဲခံလိမ့်မည်ဟု မည်သို့များ ယုံကြည်စရာ ရှိပေမည်နည်း။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း တသက်လုံး ထိုနည်းကိုသာ ကျင့်သုံးလာခဲ့ရာ မအောင်မြင်သည့် အပြင် ပို၍ပင် အင်အား ကောင်းသည်ထက် ကောင်းလာနေသည် မဟုတ်ပါလော။

 

(၂) အုပ်ချုပ်‌ရေး တွင် ၎င်းတို့ကဲ့သို့ ထိန်းချုပ်နိုင်စွမ်း ရှိသူ ထွက်မလာပဲ အလုံးစုံ ပြိုလဲ သွားမည့် failed state ဖြစ်သွားမည်လော။

 

ယင်းသို့ စိုးရိမ်မကင်း ဖြစ်သင့်သော်လည်း လက်ရှိ ရှေ့မတိုး နောက်မဆုတ် အနေအထားသည် failed state အနေအထားသို့ ဦးတည်နေပြီ ဖြစ်သည်။ မည်သည့် ဖက်က မှ အနိုင်ရရှိလာနိုင်စရာ မရှိက မြန်မာ ပြည်သူများ သာ ဆက်၍ ဒုက္ခပင်လယ်ဝေ နေရဖို့သာ ရှိသည်။

 

ထိုသို့ failed state ဖြစ်မည်ဟု ထင်မြင်ယူဆနေသူများသည် လက်ရှိ အနေအထား အတိုင်း မဖြစ်နိုင်ပဲ စစ်တပ် ပြိုလဲသွားမှသာ ဖြစ်နိုင်သည်ဟု သုံးသပ်နေသူများသာ ဖြစ်သည်။ ထို့အယူအဆနှင့် လက်ရှိ စစ်တပ် ကျုးလွန်နေမှုများကို သည်းငြည်းခံနေကြခြင်း သို့မဟုတ် အင်အား ချိန်ခွင်လျှာ ပြောင်းလဲသွားအောင် လုပ်လိုစိတ် မရှိကြခြင်း တို့ တွေ့လာရသည်။ သို့သော် လက်ရှိ အနေအထားသည် မည်သူမျှ မလိုလားသည့် failed state အဖြစ် ဦးတည်နေပြီ ကို ရှင်းလင်းစွာ ရှုမြင်ဖို့ လိုနေပေသည်။

 

(၃) စစ်တပ် မှ ရေရှည် ထိန်းချုပ်ထားနိုင်လာပါက တည်ငြိမ်မှု ရှိလာမည်လော။

 

စစ်တပ်သည် အလိမ်အညာ ရွေးကောက်ပွဲ ပြုလုပ်ပြီး အရပ်သား အစိုးရ ထွက်ပေါ်လာသည်နှင့် ၎င်းတို့အား ခုခံ တွန်း လှန်နေမှူများ ချုပ်ငြိမ်းသွားမည်၊ စစ်ပွဲ သည် အဆုံးသတ်သွားလိမ့်မည်ဟု စိတ်ကူး တွက်ဆနေသူများလည်း ရှိနေသည်။ မချုပ်ငြိမ်းပဲ အားနည်းသွားခဲ့မည် ဆိုလျှင်ပင် ပြည်သူ တော်လှန်‌ရေး တပ်ဖွဲ့များသည် ယခုလို စစ်ပွဲ တွင် လိုက်နာရမည့် စည်းကမ်း၊ တာဝန်ခံမှုများကို ဂရုစိုက် နေကြတော့မည် မဟုတ်။ စစ်တပ်မှ ၎င်းတို့အား လက်နက်ဖျက်သိမ်းခြင်း၊ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များကို ဖျက်သိမ်းခြင်း များ လုပ်နိုင်မည်ဟု ထင်နေခြင်းသည် မထော်တနန်း အတွေးအခေါ်များသာ ဖြစ်သည်၊ ထိုသို့ လုပ်နိုင်စွမ်း ရှိသူများသည် ပြည်သူ ထောက်ခံမှု ရထားသည့် ဒီမိုကရေစီ လိုလားသည့် အစိုးရမျိုးသာ ဖြစ်ပေလိမ့်မည်။

 

နောက်ထပ် တချက်က ဝီရသူ ကဲ့သို့ ပုဂ္ဂိုလ်မျိုးကိုပင် ဆုတံဆိပ်များ ပေးပြီး မြှောက်စားနေသည်ကို ကြည့်က ၎င်းတို့ ဆက်၍ ထိန်းချုပ်သွားနိုင်သည် နှင့် အမျှ မူဆလင် ဆန့်ကျင်ရေး လူမျိုးရေး အဓိကရုဏ်းများ ပို၍ ပင် ဖြစ်လာပေဦးမည်။

 

ရေရှည်တွင် လူထု ထိခိုက် လာမည့် အရေးက ပြီးခဲ့သည့် နှစ်နှစ်ကထက် ပို၍ပင် ဆိုးဝါးလာတော့မည် ဖြစ်သည်။ တိုင်းပြည် ကို တံခါးပိတ်ပြီး တရုတ်၊ ရုရှား တို့၏ ရွှေစိတ်တော် အညိုးမခံပဲ မျက်နှာကြည့် ဆက်ဆံသွားနေသရွေ့ စီးပွားရေး ပျက်သုံးလာမှု သည် မည်သို့မျှ နာလံထူလာဖွယ်မရှိတော့ပဲ ရေရှည် ကြုံတွေ့သွားရတော့မည့် အကျပ်အတည်းကြီး ဖြစ်လာပေလိမ့်မည်။

 

စစ်ခေါင်းဆောင်များသည် အယူသည်းသူများ ဖြစ်နေသည့် အပြင် အရည်အချင်းလည်း မရှိဖြစ်နေသည်ကို ယခုပင် အထင်အရှား တွေ့နေရသည်။ အကျိုးအမြတ် မရှိသော နိုင်ငံပိုင် လုပ်ငန်းများကို ပြန်၍ အသက်သွင်းလာနေခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း အား ပုံသေ သတ်မှတ်လာခြင်း၊ အနောက်တိုင်း ယဉ်ကျေးမှု ဆိုကာ ပိတ်ပင်လာခြင်း၊ မြေယာများကို အလုံးအရင်း သိမ်းယူလာခြင်း များကို ကြည့်မည်ဆိုက နိုင်ငံရေး အာဏာ ကို ချုပ်ကိုင်ပြီး ရှေ့လျောက် ၎င်းတို့ မိသားစုများ ကြွယ်ဝ ချမ်းသာရေးကိုသာ ဦးတည်မည့် အကျင့်ပျက် ခြစားမည့် kleptocratic အစိုးရမျိုးသာ တည်ဆောက်သွားရန် ပြင်ဆင်နေသည်ကို တွေ့နိုင်ပေသည်။ (အသစ်အဆန်း ထွင်လာသည့် လျပ်စစ်ကား တင်သွင်းခြင်းကိုပင် မင်းအောင်လှိုင်သည့် သမီးဖြစ်သူနှင့် လုပ်ငန်းဆက်စပ်နေသော ကုမ္ပဏီကိုသာ ချပေးခဲ့သည်)

 

ခေတ်သစ် မြန်မာ သမိုင်း တွင် မကြုံစဖူးအောင် ပြည်သူတို့ စည်းလုံးလာနေမှုကို တုန့်ပြန်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နိုင်ငံရေး၊ စီးပွားရေး၊ နယ်မြေ ပိုင်ဆိုင်ခွင့်များ ဖြင့် တော်လှန်ရေးမှ ခွဲထုတ်ရန် ကြံစည်လာကြသည်။ သို့သော် စစ်တပ်အင်အား ပျော့လာသည်ကို ကြည့်ပြီး ထိုမျှ နှင့် တင်းတိမ်တော့မည် မဟုတ်ပဲ တစိတ်တပိုင်း လွတ်လပ်သော နိုင်ငံ အဖြစ် ရပ်တည်နိုင်ရန် စိတ်ကူးများ ပေါ်လာနေသည်ကို တွေ့ရသည်၊ ဤသို့ဖြင့် အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး များသည် ပို၍ ပင် အလှမ်းကွာဝေးသွားပေတော့မည်။

 

ယခုပင် တရုတ် လူဆိုးဂိုဏ်များသည် စစ်တပ်မှ အုပ်ချုပ်ပိုင်ခွင့် ပေးထားသော နယ်မြေများရှိ ဒေသခံ လက်နက်ကိုင် အဖွဲ့များနှင့် ပလဲနံပ သင့်အောင် လုပ်ပြီး အလျိုလျို ပေါ်လာနေပြီ ဖြစ်သည်။

 

ထိုအဖြစ် များ မှ ရုန်းထွက်နိုင်ရန် ရွေးချယ်စရာ နှစ်လမ်းသာ ရှိပေသည်။

 

(၁) တော်လှန်ရေး တပ်ဖွဲ့များသည် ပိုမို အင်အားတောင့်တင်းလာပြီး ယခုထက် ပို၍ တသွေးတည်း တသားတည်း ဖြစ်လာခြင်း။

 

(၂) စစ်အာာဏာသိမ်း အဖွဲ့သည် စစ်ရေးအရ မည်သို့မျှ အောင်မြင်နိုင်စရာ အကြောင်းမရှိပဲ စေ့ဆပ် ဆွေးနွေးလာရခြင်း တို့ပင် ဖြစ်သည်။

 

ထိုသို့ ဆွေးနွေးရာတွင်လည်း ၎င်းတို့အား နိုင်ငံရေး တွင် မည်သို့ သော အခန်းကဏ္ဍမျိုး မှ ထည့်သွင်းစဉ်းစား လက်ခံခြင်း မပြုမှသာ ဖြစ်ပေမည်။ လက်ရှိ အမျိုးသား ညီညွတ်ရေး အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ဆွေးနွေးပြီး ထုတ်ပြန်ထားသော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် စာတမ်းပါ လမ်းပြ မြေပုံပင် ဖြစ်သည်။

 

ထိုလမ်းပြမြေပုံဖြင့်သာ အကြမ်းဖက်မှုများ ချုပ်ငြိမ်းပြီး မြန်မာ ပြည်သူများ ငြိမ်းချမ်းစွာ တစည်းတလုံးတည်း နေထိုင်သွားနိုင်ပေလိမ့်မည်။

 

ထိုသို့ ဖြစ်လာအောင် နိုင်ငံတကာ အနေဖြင့် စစ်အာဏာသိမ်း အဖွဲ့သည် လက်ရှိ အနေအထား အတိုင်း သက်တောင့်သက်သာ ဆက်နေသွား၍ မဖြစ်တော့အောင် လက်နက်များ ပံ့ပိုးပေးခြင်း၊ ၎င်းတို့၏ အလိမ်အညာ ရွေးကောက်ပွဲအား ထောက်ခံခြင်း၊ နိုင်ငံရေး အရ အသိအမှတ် ပြုခြင်း နှင့် လက်ရှိ အချိန်မတန်သေးသည့် နိုင်ငံရေး အရ ဆွေးနွေးပွဲများ ဖြစ်အောင် တွန်းအားပေးခြင်းများကို ရှောင်ကျဉ် ရပေလိမ့်မည်။

 

မြန်မာ အား အမှန်တကယ် ငြိမ်းချမ်းလိုစိတ် ရှိသည်ဆိုက အထက်ပါ အချက်များကို အခြေခံ၍ သာ ပြုလုပ်သွားရမည် ဆိုသည်ကို သတိချပ်ရပေလိမ့်မည်ဟု ဆောင်းပါး တွင် နိဂုံးချုပ် ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustaration Credit - Original creator