သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(121)

by Hla Soewai - Mar 24 2023

ဂန္ဒီကြီး၏ အာဏာဖီဆန် တော်လှန်ရေး (၅)

 

ဂန္ဒီသည် တောင်အာဖရိက တွင် ရှိနေ ခိုက်အိန္ဒိယ တွင် အမျိုးသားရေး လှုပ်ရှာမှု ကြီးသည် အရှိန်ရလာနေပြီ ဖြစ်သည်။ ၁၈၈၅ ခုနှစ် တွင် အိန္ဒိယ အမျိုးသား ကွန်ဂရက် အဖွဲ့ကြီးကို တည်ထောင်လာခဲ့သည်။ ထိုအဖွဲ့ကြီး တွင် လူမှု ပြုပြင်ရေး သမားများ၊ သတင်းစာဆရာများ နှင့် ရှေ့နေ စုစုပေါင်း ၇၂ ဦး ဖြင့် ဖွဲ့စည်းခဲ့ပြီး အိန္ဒိယ ပြည်သူတို့၏ အသံများကို ကိုယ်စားပြု ဖေါ်ထုတ်နိုင်ရန် အတွက် ဖြစ်သည်။ သို့သော် ၎င်းတို့သည် ဗြိတိသျှ အုပ်ချုပ်ရေး အောက်တွင် အခွင့်ထူး များ ရရှိထားသူ များ ဖြစ်၍ အတွေးအခေါ် အယူအဆများသည် လန်ဒန် သို့ ဂန္ဒီ ထွက်မလာမီက ကဲ့သို့ပင် မပြောင်းမလဲပဲ ရှိနေဆဲပင် ဖြစ်သည်။ ကိုလိုနီ တံပိုးအောက်မှ အိန္ဒိယ အား ရုန်းထွက်နိုင်ရန် မကြိုးစားပဲ ထိုအုပ်ချုပ်ရေး စနစ်အောက်မှာပင် အိန္ဒိယ နိုင်ငံသား တို့ ပါဝင်ခွင့် ရရေးသာ ရည်မှန်း လုပ်ကိုင်နေကြသူများ ဖြစ်နေသည်။

 

၁၉၀၁ ခုနှစ် တွင် တောင်အာဖရိက မှ ခေတ္တခဏ ပြန်လာခိုက်တွင် ဂန္ဒီသည် ကွန်ဂရက် ၏ ညီလာခံ သို့ တက်ရောက်လာခဲ့ပြီး “လူမျိုးရေး ခွဲခြား ဆက်ဆံမှု များ နှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်နေမှုများ” အား ဆန့်ကျင် တိုက်ပွဲ ဝင်နေမှုများအား ထောက်ခံမှု ပေးရန် တောင်းဆိုခဲ့သည်။

 

ထိုအချိန်တွင် အိန္ဒိယ တွင် လူမျိုးရေး ခွဲခြား ဆက်ဆံမှုများသည် အမြင့်ဆုံးသို့ ရောက်ရှိနေချိန်လည်း ဖြစ်သည်။ ထိုသို့ ဖြစ်ရန် အသစ်ရောက်လာသော ဘုရင်ခံချုပ် လော့ဒ် ဂျော့ချ် ကာဇင် သည် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်လာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ဥပမာ အားဖြင့် အင်္ဂလိပ် တက္ကသိုလ် ကျောင်းကြီးများသို့ တက်ရောက်နိုင်ခွင့် ရှိမည့် အိန္ဒိယ တိုင်းရင်းသားများ အရည်အတွက် ကို ကန့်သတ်လာခဲ့သည်။ ကာဇင်၏ စည်းမျဉ်းများကြောင့် ဗြိတိသျှ အုပ်ချုပ်ရေး လက်အောက်တွင် ငိုက်မြည်းနေသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ခေါင်းဆောင်များ အလန့်တကြား ဖြစ်သွားခဲ့ကြသည်။

 

၎င်းတို့အား ဗြိတိသျှ တို့က အထူး အခွင့်အရေး များ ပေးထားသော လည်း တကယ်တမ်း တွင် ကျွန်သာသာ မျှ သဘောထားကြကြောင်း သတိပေး အုံးမောင်း ခေါက်လိုက်ခြင်းပင် ဖြစ်သည်။

 

၁၉၀၅ ခုနှစ်တွင် ဘုရင်ခံချုပ် ကာဇင်သည် အိန္ဒိယ တိုက်ငယ် ၏ အရှေ့ခြမ်းရှိ ဘင်္ဂလား အား ခွဲထုတ်ရန် ကြံစည်လာသည်၊ ထို့အတွက် အိန္ဒိယ တိုင်းရင်းသား များ မကျေမနပ် ဆူပူ လာကြသည်။ ထိုအထဲတွင် “Made in India Movement” လှုပ်ရှားမှု ဖြင့် ဗြိတိသျှ ကုန်ပစ္စည်းများကို သပိတ်မှောက်ကြရန် လှုံ့ဆော်ခဲ့ကြသည်။ ဤသည်က အိန္ဒိယ တိုင်းရင်းသား တို့၏ ပထမဆုံး ဗြိတိသျှ ဆန့်ကျင်ရေး လှုပ်ရှားမှု ကြီး ဖြစ်ပြီး အိန္ဒိယ အမျိုးသား ကွန်ဂရက်၏ ထောက်ခံမှုပါ ရရှိလာခဲ့သည်။

 

ဗြိတိသျှ အစိုးရသည် လော့ဒ် ကာဇင် အား အင်္ဂလန်သို့ ပြန်ခေါ်လိုက်သည့်အတွက် သူ၏ ဘင်္ဂလား အား ခွဲထုတ်ရန် အစီအစဉ် လည်း နိဂုံးချုပ်သွားခဲ့ရသည်။ ဂန္ဒီ ရေးသားသော “Hind Swaraj” ဆိုသော ဟုမ်မရူး သည် အိန္ဒိယ တွင် လွန်စွာ ရေပန်းစားလာခဲ့၍ ဗြိတိသျှ အာဏာပိုင် များက ပိတ်ပင်ရသည့် အထိ ဖြစ်လာခဲ့သည်။ သို့သော်လည်း အိန္ဒိယ နိုင်ငံသား အတော်များများသည် ထိုအချိန်ထိ ၎င်းတို့သည် ဗြိတိသျှ နေမဝင် အင်ပိုင်ယာကြီး၏ နိုင်ငံသားများ အဖြစ် မှတ်ယူနေကြဆဲပင် ဖြစ်သည်။

 

ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာသည့် အခါ ဗြိတိသျှ တို့ဖက်မှ ကူတိုက်ရန် စစ်တပ်များကိုပင် စေလွှတ်ပေးလာခဲ့ကြသည်။ ထိုစစ်ပွဲကြီး ကျဆုံးသွားရသူများ အတွက် ဂုဏ်ယူနေခဲ့ကြပြန်သည်။ ထို့နောက်ပိုင်း ကျမှသာ ကိုယ်ပိုင် အုပ်ချုပ်ရေး ရမှ ဖြစ်မည် ဆိုသော အတွေးအခေါ်များ အရှိန်ရလာခဲ့ခြင်း ဖြစ်သည်။

 

ထိုအချိန်တွင် ဂန္ဒီသည် အိန္ဒိယ သို့ ပြန်ရောက်လာခဲ့ပြီး တော်စတွိုင်းကဲ့သို့ပင် ရိုးရှင်းသော ဘဝ နှင့် ဘာသာရေး ကို လိုက်စားပြီး နေထိုင်ခဲ့ချိန်လည်း ဖြစ်သည်။ သူသည် အင်္ဂလန် နှင့် တောင်အာဖရိက တွင် တမြတ်တနိုး ဝတ်ဆင်ခဲ့သော အနောက်တိုင်း ဝတ်စုံကို စွန့်လွှတ်ခဲ့ပြီး အိန္ဒိယ လယ်သမား တဦး နှင့် မခြား ဝတ်ဆင်နေထိုင်ခဲ့သည်။ ဤသို့ဖြင့် ဂန္ဒီ အား မဟတ္တမ (မြင့်မြတ်သော ဝိညာဉ် ပိုင်ရှင်) အဖြစ် လူသိများလာခဲ့သည်။

 

သို့သော် ဂန္ဒီသည် အိန္ဒိယ လယ်သမား များကို ကိုယ်စားပြု တိုက်ပွဲဝင်လာခဲ့ပြီး အထည် အလိပ် လုပ်သားများ၏ သပိတ်များကို အောင်မြင်စွာ ဆင်နွှဲလာနိုင်ခဲ့သည်၊ သို့သော် သူ၏ လှုပ်ရှားမှု များသည် ၁၉၁၉ ခုနှစ်အထိ ဒေသတွင်း ပြဿနာများ ဖြေရှင်းပေးသည့် အဆင့်တွင် ပင် ရှိပေသေးသည်။ ထိုနှစ်တွင် ဗြိတိသျှ တို့သည် ရိုလက် ဥပဒေ ကို ပြဋ္ဌာန်းလာခဲ့သည်။ ထိုဥပဒေသည် အာဏာပိုင်များအား လူထု အတွင်း မငြိမ်မသက် ဖြစ်လာခြင်းကို နှိမ်နှင်းရန် အရေးပေါ် အာဏာကို အပ်နှင်းပေးလိုက်ခြင်း ဖြစ်သည်။ ဂန္ဒီသည် ထိုဥပဒေကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြရန် လှုံ့ဆော်လာခဲ့သည်။ အဓိက အားဖြင့် လုပ်ငန်းခွင် တွင် အလုပ်ကို ရပ်စဲပြီး အစားစာခြင်း ရှောင်ကာ ဥပုဒ် စောင့်ကြရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

ထိုနှစ် ဧပြီလတွင် ဂန္ဒီ လှုံ့ဆော်ခဲ့သည့် ဆန့်ကျင် ကန့်ကွက်မှုသည် ကြမ္မာဆိုး နှင့် ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။ အမ်ရစ်ဆာ မြို့တွင် စုရုံးလာသော အင်အား တသောင်း ခန့်ရှိ လူအုပ်ကြီးအား ပစ်ခတ်ရန် ဗြိတိသျှ စစ်တပ် မှ ဗိုလ်မှုးချုပ် ရယ်ဂျီနယ် ဒိုင်ယာ မှ အမိန့်ပေးခဲ့သဖြင့် အနည်းဆုံး ရာပေါင်းများစွာ သေဆုံးသွားခဲ့ရသည်။ လူထောင်ကျော် ဒဏ်ရာရရှိသွားခဲ့သည်။

 

ဂန္ဒီသည် အမ်ရစ်ဆာ လူသတ်ပွဲကြီး (ပုံတွင်ရှု) ကို ဗြိတိသျှ ဆန့်ကျင်ရေး တိုက်ပွဲ အဖြစ် အသွင်ပြောင်းနိုင်ရန် လူထု ကြီးအား လှုံ့ဆော်လာခဲ့၍ သူ၏ ဟုမ်းမရူး သည်လည်း လူထု လှုပ်ရှားမှုကြီး အသွင်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

 

ဗြိတိသျှ တို့ဖက်မှ ၁၉၁၉ ဒီဇင်ဘာလ တွင် တင်းမာမှု များ လျော့ကျသွားစေရန် အိန္ဒိယ အစိုးရ အက်ဥပဒေကို ပြဋ္ဌာန်းလာခဲ့သည်။ ထိုဥပဒေအရ အုပ်ချုပ်‌ရေး အာဏာ အချို့ကို ပြည်နယ် များသို့ ခွဲဝေပေးရန် ဖြစ်သည်။ ဗြိတိသျှ တို့ သည် အိန္ဒိယ အား ၎င်းတို့ အင်ပိုင်ယာကြီး အတွင်း ကျစ်လစ်စွာ ချုပ်ကိုင်ထားပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုသည်များ ကို တဖြေးဖြေး နှင့် ဖွင့်ပေးနိုင်အောင် ရည်ရွယ်ခြင်း ဖြစ်သည်။