နိုင်ငံတကာ မှ အာရုံစိုက်စရာ ဖြစ်လာသော စစ်တပ်၏ ရှုံးမဲ မဲလာသော လုပ်ရပ်

by Hla Soewai - Mar 23 2023

ပြီးခဲ့သည် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ကြီး တွင် မြန်မာနိုင်ငံ တွင်း အခြေအနေများ အလွန်အမင်း ဆိုးရွားလာနေပြီ ဆိုသည့် အကြောင်းအား အတွင်းရေးမှုးချုပ် ၏ အထူး သံတမန် ဖြစ်သူ မစ္စက် နိုလင်း ဟေဇာ မှ အသေးစိတ် အစီရင်ခံပြီး နောက်တွင် နိုင်ငံတကာ မှ အထူး အာရုံစိုက် စရာ အဖြစ်သို့ တမဟုတ်ချင်း ရောက်ရှိလာနေပြီ ဖြစ်သည်။

 

အထွေထွေ ညီလာခံသည် မြန်မာနိုင်ငံ တွင်း အခြေအနေများကို ဆန်းစစ် ကြားနာ နိုင်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ နန်းနိန့် ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း ဖြစ်ပွားခဲ့သည့် ဓါတ်ပုံများအား အထွေထွေ ညီလာခံ တွင် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြသခဲ့ပြီး ယင်းလုပ်ရပ်များသည် လူ့အခွင့်အရေး ချိုးဖောက်နေသည် ဆိုသည်ထက် လွန်ကျုးလာပြီး စစ်တပ်မှ နေရာ အနှံ့ လူထု အပေါ် စနစ်တကျ တိုက်ခိုက် သတ်ဖြတ်နေခြင်း ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။

 

အဆိုပါ သတင်းအား ဓါတ်ပုံ များ နှင့်တကွ နယူးယောက် တိုင်း သတင်းစာကြီး တွင် အကျယ်တဝင့် ရေးသား ဖေါ်ပြလာခဲ့၍ တကမ္ဘာလုံး သိရှိသွားခဲ့ပြီလည်း ဖြစ်သည်။ ထို့ပြင် နန်းနိမ့် ရွာ ဘုန်းတော်ကြီး ကျောင်း ဝိုင်း အတွင်း ဖြစ်ပွားခဲ့သော အစုလိုက် အပြုံလိုက် လူသတ်ပွဲ ကြီးကို စစ်တပ်မှ ကျုးလွန်ခဲ့သည်ကို ကြည့်က တော်လှန်ရေး အင်အားစုများသည် အရှိန်အဟုန် နှင့် အင်အား တောင့်တင်းလာနေပြီ ဖြစ်သဖြင့် မင်းအောင်လှိုင် တပ်သားများသည် မနိုင်အင်ကာ ရက်ရက်စက်စက် တုန့်ပြန် နေကြခြင်း ဖြစ်သည်ဟု မှတ်ချက်ချ ခဲ့သည်။

 

နယူးယောက်တိုင်း သတင်း ဓါတ်ပုံ တွင် အုတ်နံရံ ပေါ်တွင် ကျည်ဆံ ရာ ဗလပွ နှင့် အစီအရီ တွေ့ရပုံကို ကမ္ဘာက ရှင်းလင်းစွာ တွေ့ခွင့်ရသွားခဲ့ကြသည်။

 

အမြဲလို မြန်မာပြည် အရေး အား ရေငုံ နှိုတ်ပိတ်နေလေ့ ရှိသော ဗီယက်နမ် သည်ပင် အဆိုပါ ညီလာခံ တွင် နိုင်ငံတွင်း အကြမ်းဖက်မှု များ ရပ်ဆိုင်းကြဖို့၊ အတတ်နိုင်ဆုံး ချုပ်တည်းကြဖို့ နှင့် ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကုလ သမဂ္ဂ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး က ပြေုာဆိုလာပြီ ဖြစ်သည်။ တဖန် မြန်မာ ပြည်သူများ၏ ဆန္ဒ အကျိုးစီးပွား နှင့် ထပ်တူ ကျမည့် တည်တံ့ခိုင်မြဲမှု ရှိမည့် အဖြေ မျိုး ဖြစ်ရန် လိုကြောင်းပါ ထည့်သွင်း ပြောဆိုသွားခဲ့ပြန်သည်။

 

စစ်အာဏာသိမ်း အဖွဲ့ အဖို့ ၎င်းတို့ ကျုးလွန်နေမှုများ ကို ပြည်တွင်းရေး သက်သက် ဟု အတင်းအဓမ္မ လုပ်ကြံ ဖုံးကွယ်ဖို့ ကြိုးစားနေခြင်းကို ဗီယက်နမ် ကဲ့သို့ ပြောခဲလှသည့် နိုင်ငံကပင် ထုတ်ပြောလာသည့်အထိ ဖြစ်လာရသည်ကို မတုန်လှုပ်ပဲ နေမည် မဟုတ်။ စိတ်ဓါတ်ရေးရာ အရ ထိုးနှက်မှုကြီး ဖြစ်သွားခဲ့ရသည်။

 

မနေ့ကပင် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး အိုင်စီစီ မှ ပူတင်အား ဖမ်းဝရမ်း ထုတ်ပြန်လာသည့် အဖြစ်ကို တုန်လှုပ်သွားကြမည်သာ ဖြစ်သည်။ ပူတင်သည် ရုရှား လူထု၏ ထောက်ခံမှု အချို့တဝက် ရနေသေး၍ ခံသာသော်လည်း ၎င်းအဖို့ ထိုသို့ ဝရမ်း ထုတ်ခံရမည် ဆိုက အရှက် ဗြန်းဗြန်းကွဲရဖို့သာ ရှိပေတော့မည်။ မည်မျှပင် တိုက်ပုံကြီး တကားကား နှင့် သွားလာနေသော်ငြား အားလုံး၏ အမြင်တွင် ရာဇဝတ်ကောင် အဖြစ် သာ သဘောထား ခံရတော့မည် ဖြစ်သည်။ လစာလေး တပဲ ခြောက်ပြား နှင့် ၎င်းအား ကာကွယ်ပေးနေရသည့် အဖြစ်ကိုပင် မတန်တော့ဟု အောက်ခြေ စစ်သည်များက သဘောထားလာကြပေတော့မည်။

 

နိုလင်း ဟေဇာ မှ ညီလာခံ အပြီး သတင်းစာ ရှင်းလင်းပွဲ တွင် သူမသည် အမျိုးသား ညီညွတ်ရေး အစိုးရ ခေါင်းဆောင်ပိုင်း နှင့်ကော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်ပါ အလေးအနက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခဲ့ပြန်သည်။ သူမ မှ စစ်တပ်နှင့် အာဏာ ခွဲဝေရေး အား ထော,က်ခံ ပြောဆိုမှု အပေါ် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရမှု အတွက် ရှင်းလင်းရာတွင် သူမ ဆိုလိုသည်က ၂၀၂၀ ရွေးကောက်ပွဲတွင် ထင်ဟပ်စေခဲ့သည့် မြန်မာပြည်သူတို့၏ ဆန္ဒ နှင့် လိုလားချက်များ အတိုင်း မြန်မာ မှ ဦးဆောင်ဦးရွက် ပြုလာမည့် လုပ်ငန်းစဉ်များကိုသာ မဆုပ်မနစ် ထောက်ခံခဲ့ခြင်းသာ ဖြစ်သည်ဟု ရှင်းလင်းသွားခဲ့သည်။

 

အဓိပ္ပါယ် ရှိမည့် အပြောင်းအလဲ များ ဖြစ်ပေါ်နိုင်ရန် ဖြေဆည်းပေးနိုင်ခြင်း မျိုးလည်း မရှိ၊ အပြောင်းအလဲများလည်း မတွေ့ရမချင်း မြန်မာပြည်သို့ ထပ်သွားမည် မဟုတ်ဟု ဆိုသည်။

 

လက်ရှိ တနိုင်ငံလုံး မီးဟုန်းဟုန်း တောက်လောင်လာနေစဉ်တွင် ၎င်းတို့ ဒေသ မီးကွင်းရေး ဆိုသော မူဝါဒ နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များ က တရုတ် အလိုကျ စစ်ကောင်စီ နှင့် ဆွေးနွေးရန် ပြောဆိုနေကြချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ် နယ်မြေ နှစ်ခု အတွင်း ရှိ လက်နက် စက်ရုံများမှ ထုတ်လုပ်သော ချေမှုန်းရေး ရိုင်ဖယ်များနှင့် ဗုံးသီးတပ် လောင်ချာများသည် နိုင်ငံ အနှံ့ရှိ တော်လှန်ရေး အင်အားစုများထံ ပျံ့နှံ့ ရောက်ရှိလာနေပြီ ဖြစ်ကြောင်း စစ်ရေး လေ့လာသူ အန်တော်နီ ဒေးဗီစ် အား ကိုးကား၍ နယူးယောက်တိုင်း သတင်းစာ တွင် ရေးသားလာခဲ့သည်။ အခြား လက်နက်များ ဖြစ်သော M16 နှင့် M4s ရိုင်ဖယ်များလည်း ထိုင်း နိုင်ငံ ရှိ မှောင်ခို လမ်းကြောင်းမှတဆင့် ဝင်ရောက်လာနေသည်ဟု လည်း ဆိုသည်။

 

ထိုပြင် ထွက်ပြေး တိမ်းရှောင်လာကြသော အင်ဂျင်နီယာ များ နှင့် နည်းပညာ ကျွမ်းကျင်သူများသည်လည်း လက်လုပ်မိုင်း များ ဒရုန်းများ တီထွင်၍ ရန်သူ ပစ်မှတ်များကို တိုက်ခိုက်လာကြပြီး တော်လှန်ရေး တပ်ဖွဲ့များ၏ ဖွဲ့စည်းမှု နှင့် လက်နက် အင်အားသည် ယခင်နှစ်များကထက် များစွာ တိုးတက် ကောင်းမွန်လာနေပြီ ဖြစ်သည်ဟု အန်တော်နီ ဒေးဗီစ် ၏ သုံးသပ်ချက်ကိုလည်း ဖေါ်ပြထားသည်။

 

ထို့အတွက် အင်အား ကြီးမားလာပြီး လက်နက် အင်အား ပို၍ ကောင်းမွန်လာသည့် တော်လှန်ရေး အဖွဲ့များကို နှိမ်နှင်း နိုင်ရန် ပို၍ ရက်စက် ကြမ်းကြုပ်သည့် နည်းများကို အသုံးချလာရခြ့င်း ဖြစ်သည်ဟုလည်း ဆိုသည်။ ၎င်းတို့အတွက် ထိုနည်းလမ်း ထက် ပို၍ အခြား နိုင်ငံရေး နှင့် စစ်ရေး တွင် အသုံးချလာနိုင်မှု ရှိမရှိ ကို စောင့်ကြည့်ရမည်သာ ဖြစ်သည်ဟု လည်း ပြောခဲ့သည်။

 

ကုလ လူ့ အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးမှလည်း နန်းနိန် ဘုန်းကြီးကျောင်းဝင်း လူသတ်ပွဲကို ကြည့်က စစ်တပ်သည် ၎င်းတို့ အရေးနိမ့်လာနေပြီ ဆိုသည်ကို ကောင်းစွာ သိနားလည် လာနေပြီ ဖြစ်သည်ဟု အင်တာဗျူး တွင် မှတ်ချက်ချသွားခဲ့ပြန်သည်။ စစ်တပ်သည် လူထု အပေါ် ပို၍ ရက်စက်လာလေ ၎င်းတို့အား တွန်းလှန်မှ ဖြစ်တော့မည်ဟူသော သံန္နိဋ္ဌာန်များ ပို၍ ခိုင်မာလာလေလေ ပင် ဖြစ်သည်ဟု ဆိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!