မြန်မာ အရေး အာဆီယံ မဖြေရှင်းနိုင်လျှင် ပြင်ပ မှ ဝင်ရောက် စွက်ဖက်လာနိုင်သည်ဟု မလေးရှား သတိပေး

by Hla Soewai - Mar 23 2023

ကုလ သမဂ္ဂ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး မှ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုပ်သော လုပ်ရပ်များကို တန်ပြန် နိုင်ရန် နိုင်ငံတကာ အနေဖြင့် ၎င်းတို့အား ယခုထက် ပိုပြီး အားပျော့သွားစေရန် အတူတကွ ပူးပေါင်းညှိနှိုင်းပြီး ပိတ်ဆို့ အရေးယူသွားရန် လိုသည်ဟု ယနေ့ ဂျီနီဗာ တွင် ပြောကြားလိုက်သည်။

 

စစ်ဗိုလ်ချုပ်များသည် လုပ်ရပ်များသည့် တနေ့ထက် တနေ့ နိုင်ငံတကာမှ မဖြစ်မနေ တုန့်ပြန်လာအောင် နှိုးဆွပေးနေသလို ဖြစ်လာနေသည်။ ၎င်းတို့ အဖို့ ထိုကဲ့သို့ မအောင်နိုင် မချင်း အမြဲ လုပ်သွားနေ၍ မဖြစ်၊ အချိန် သိပ်များများစားစား မကျန်တော့ ဆိုသည်ကိုလည်း သိနေသည်။

 

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ် ဆရီ ဇမ်ဘရီ အဒူ ကာဒါ က ထိုအရေး ကို ပါလီမန်တွင် ယခုလို ပြောဆို သတိပေးသွားခဲ့သည်။

 

အာဆီယံသည် ဒေသ တွင်း တည်ငြိမ်မှု ကို ထိန်းသိမ်းနိုင်ရန် အလို့ငှာ မြန်မာ ပဋိပက္ခအား ညဏ်အမျှော်အမြင် ကြီးစွာ နှင့် သတိရှိရှိ ကိုင်တွယ် ဖြေုရှင်းရန် ဆက်လက် ကြိုးပမ်းသင့်သည်ဟု မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ် ဆရီ ဇမ်ဘရီ အဒူ ကာဒါ က ပါလီမန်တွင် ပြောဆိုသွားခဲ့သည်။

 

ထိုသို့ မဖြေရှင်းနိုင်လျှင် ပြင်ပ အင်အားကြီးနိုင်ငံများမှ စွက်ဖက်လာမည့် အန္တရာယ်ကြီး ရှိနေပြီဟု လည်း ဆိုသည်။ ယင်းနှင့်အတူ ထိုဒေသ အား ဘူမိနိုင်ငံရေး အရ ထိန်းချုပ်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလာကြတော့မည်ဟု လည်း သတိပေးခဲ့သည်။ မြန်မာအား ထိုသို့ ပွက်ပွက်ဆူသည့် အနေအထားမျိုး ဖြစ်မသွားအောင် မိမိတို့ မဆုပ်မနစ် ကြိုးပမ်းရတော့မည်ဟု ပြောကြားသွားခဲ့သည်။

 

ထိုသို့ အမျှော်အမြှင် ရှိသူများက စိုးရိမ်တကြီး ပြောဆိုနေကြသော်လည်း စစ်ခေါင်းဆောင်များသည် ၎င်းတို့အပေါ် ကျရောက်လာမည့် အန္တရာယ်ကြီး ကို မှန်းဆ နိုင်စွမ်း မရှိပဲ၊ အယူအဆ တခုကို တသက်လုံး လှေနံ ဓါးထစ် မှတ်ယူသူများ ပီပီ တနိုင်ငံလုံးကို လက်နက် အားကိုးဖြင့် လက်ဝါးကြီးအုပ်၍ ထင်သလို ချယ်လှယ် သွေးစုပ်ရန် မိုက်မဲစွာ စိတ်ကူးယဉ် ကောင်းနေကြဆဲပင် ဖြစ်သည်။ ၎င်းတို့၏ အားနည်းချက် များက သိသိသာသာ ထွက်ပေါလာနေပြီ ဖြစ်သည်။

 

ကမ္ဘာကြီးသာ အပြောင်းလဲကြီး ပြောင်းလဲလာနေချိန်တွင် ၎င်းတို့ တိုင်းပြည်ကို အုပ်ချုပ်နေပုံများသည်လည်း ယခင် နှစ် ၆၀ က အတိုင်းပင်၊ ဟို စက်ရုံ သွားကြည့်၊ ဒီစက်ရုံသွားကြည့်၊ လိုအပ်သည်များ ညွှန်ကြား ဆိုသည့် အဆင့်က တက်ကို မလာနိုင်သေးပေ။ အကြမ်းဖက် စစ်ခေါင်းဆောင်ပင် ထင်သလို မသွားနိုင်တော့၊ ၎င်း ရောက်ရှိနေသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဝင်း အတွင်းကို ပင် အမြှောက်ဆံ များ ကျရောက်လာခဲ့ပြီ ဖြစ်သည်။ ၎င်း၏ တပ်များကို ယခင်ကလို ခိုင်းချင်တာ ခိုင်း၍ မရတော့မှန်း သိလာကြ၍ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်း စည်းရုံးနေကြရချိန်လည်း ဖြစ်သည်။

 

ထိုသို့ အာဏာ နှင့် စည်းစိမ်များကို ကိုယ့်အချင်းချင်း ဝေပုံကျ ခွဲဝေရင်း ဝါးလုံး ခေါင်းထဲ လသာ နေသူများ ဆိုသည်ကို အားလုံးက နားလည် သဘောပေါက်ထားကြသည့် အဖြစ်ကို အထင်အရှား ပြဆိုလာသည်က ရိုဟင်ဂျာ များ ပြန်လည် လက်ခံရန် ကုလ သမဂ္ဂ မှ စီစဉ် ပေးသော လှေများ နှင့် ရောက်လာကြသည် အဖြစ်ကို ကြည့်ပြီး ပိုးချည်မြှင် အိမ်ထဲက ထွက်လာကြပြီလားဟု ပင် မေးခွန်းထုတ်လာကြခြင်းပင် ဖြစ်သည်။

 

ရုရှားကို အားကိုးတကြီး နှင့် ပြေးကပ်သော်လည်း ဆီရီယား သမ္မတ ကို ကာကွယ်ပေးနိုင်သည့် ယခင် ရုရှား မဟုတ်တော့၊ ယူကရိန်း စစ်ပွဲသည် အရာရာတိုင်း ကို ပြောင်းလဲသွားစေပြီ ဖြစ်သည်။ ပူတင် သည် ၎င်း၏ ဂုဏ်သိက္ခာ အတွက် ယူကရိန်း စစ်ပွဲ ကို ရေရှည် ဆင်နွှဲသွားရန် ဆုံးဖြတ်ထားပြီး ဖြစ်၍ လက်နက်များကို ရသလောက် ကျစ်ထားတော့မည် သာ ဖြစ်သည်၊ မြန်မာထံမှပင် အမြှောက်ဆံများ လာနှိုက်နေပြီ ဖြစ်သည်။

 

ရုရှားကို ရေရှည် အားကိုး၍ မရတော့မှန်း သဘောပေါက်လာပြီး တရုတ်ထံ ပြန်ကပ်နေပြန်သည်၊ ထို့အတွက် တရုတ်တို့ စေ့စပ်ပေးမှု ဖြင့် ရိုဟင်ဂျာများကို ပြန်လက်ခံရန် စဉ်းစားလာရသည့် အခြေ ဆိုက်လာခဲ့ခြင်းလည်း ဖြစ်သည်။

 

တရုတ်သည် ဝ ပြည်နယ် ပန်ခမ်း မြို့တွင် မတ်လ ၁၅-၁၆ တွင် ပြုလုပ်ခဲ့သော အဖွဲ့ (၇) ဖွဲ့ပါ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ သည် ၎င်းတို့ချင်း ဆွေးနွေး ဆုံးဖြတ်ခဲ့သည်များကို ကူမင်းမြို့သို့ တဖွဲ့ကြီး သွားရောက်ပြီး မြန်မာ အထူးသံတမန် ဖြစ်သူ တိန် ဆိုင်ဂျွန်းအား သွားရောက် သံတော်ဦး တင်ခဲ့ကြရသည်ဟု သတင်းများက ဆိုသည်။ သို့သော် တရုတ်သည် ထိုအဖွဲ့တွင် ပါဝင်နေသော တိုင်းရင်းသား လက်နက်ကိုင် အချို့ကို စစ်တပ်နှင့် အပစ်ရပ်ရန် ဖိအားပေးနိုင်စွမ်း မရှိဟု သိနေသည်။

 

တရုတ်တို့ ၏ မူဝါဒသည် မြန်မာအား ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး မဟုတ်ဘဲ နည်းမျိုးစုံ သွေးခွဲ အချိုသပ်ပြီး ၎င်းတို့ သြဇာခံဘ၀နှင့် စီးပွားရေး အခွင့်အလန်းများကို လက်ကုန် နှိုက်ယူနိုင်ရန်ပင် ဖြစ်သည်။

 

ဤသည်ကို ခေါင်းရွက် ဗျတ်ထိုး ဈေးသည်က အစ မြန်မာ တိုင်းရင်းသား တရပ်လုံးသည် ရှင်းလင်းစွာ သိမြင်နေကြချိန်တွင် ၎င်းတို့ အဖို့က ပေါက်ဖေါ်ကြီး၏ ဩဇာကို မရှက်မကြောက် ခံယူ နေကြဆဲပင် ဖြစ်သည်ဟု မထင်က အခြား အဘယ်သို့များ ထင်နိုင်စရာ ရှိပေဦးမည်နည်း။

 

ထိုအဖွဲ့ထဲတွင် မိမိတို့ လက်ရှိ အကျိုးစီးပွား တခုတည်းကိုသာ ကွက်ကွက်ကလေး ကြည့်တတ်သူများ ရှိသလို ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များကို အကူအညီပေးနေသူများ ရှိနေသည်ကိုလည်း ချန်လှပ်ထား၍ မရပေ။

 

“Without Victory, There Is No Survival” – Winston Churchill

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!