ပူတင် ထံ မှ ရှီကျင့်ပင် ဘာတွေ လိုချင်နေလဲ

by Hla Soewai - Mar 23 2023

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ကမ္ဘာ ဘူမိနိုင်ငံရေးသည် တရုတ်၊ ရုရှား၊ အမေရိကန် မဟာဗျုဟာ ဖိုခနောင့်ဆိုင် ဖြင့် ပုံဖေါ်ခြင်း ခံခဲ့ရသည်။ မော်စီတုန်း နှင့် စတာလင် တို့ လက်ဝါးချင်း ရိုက်လာမှု ကြောင့် ကွန်မြူနစ် ဝါဒ ပျံ့ပွားလာမည့် အရေး ကို ကာကွယ်ရန် ကိုရီယား၊ ဗီယက်နမ် စစ်ပွဲကြီးများ ဖြစ်လာခဲ့ပြီး တိုင်ဝမ်ကို မဖြစ်မနေ ကာကွယ်ရန် အထိ အမေရိကန် တို့ သံန္နိဋ္ဌာန် ချလာခဲ့ရသည်။ ကမ္ဘာအနှံ့တွင်လည်း တဆင့်ခံ စစ်ပွဲ များ ဖြစ်ပွားလာခဲ့ရသည်။

 

မော် နှင့် ကရူးရှက် တို့ အကွဲအပြဲ ဖြစ်လာသည့် အခါ အမေရိကန် နှင့် တရုတ် တို့ ပြေလည်ဖို့ လမ်းပွင့်သွားခဲ့သည်။ နောက်ပိုင်းတွင် တရုတ် သည် ဆိုဗီယက်တပ်များကို တိုက်ထုတ်နေသော မူဂျာဟီဒင်များကို အကူအညီများ လျို့ဝှက် ပံ့ပိုးပေးလာခဲ့သည်။ ဤသို့ဖြင့် စစ်အေးတိုက်ပွဲကြီး အဆုံးသတ် သွားစေခဲ့ပြီး တရုတ်သည်လည်း စီးပွားရေး တဟုန်ထိုး တိုးတက်လာကာ ဘူမိနိုင်ငံရေး တွင် အမေရိကန် တို့ နှင့် ပုခုံးခြင်း ယှဉ်လာနိုင်ခဲ့သည်။

 

ယခုအခါ တရုတ်၊ ရုရှား၊ အမေရိကန် ဖိုခနောင့်ဆိုင်တွင် အရွေ့တခု ဖြစ်ပေါ်လာခဲ့သည်။

 

တရုတ်ခေါင်းဆောင် ရှီကျင့်ပင်သည် သုံးရက်ကြာ ခရီးစဉ် အဖြစ် မော်စကိုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ပူတင် ၏ ဒုက္ခများကို စာနာကြောင်း ပြသနိုင်ရန် အနည်းဆုံး ရည်ရွယ်ထားပုံရသည်။ ဒီထက်လည်း ပိုနိုင်ဖွယ် ရှိသည်၊ ရုရှားတို့ တောင်းခံနေသော အမြှောက်ဆံများနှင့် တိုက်ခိုက်ရေး ဒရုန်းများ ကို ပေးသင့် မပေးသင့် ဆုံးဖြတ်ရဖို့ ဖြစ်လာသည်။ ပေးရန် ဆုံးဖြတ်လိုက်သည်နှင့် တရုတ်သည် နေတိုး နှင့် ဖြစ်‌ နေသော တဆင့်ခံ စစ်ပွဲ စည်းဝိုင်းထဲ ဝင်ရောက်လာခြင်းပင် ဖြစ်သည်။

 

တရုတ် ဖက်မှ အဆိုအရ ငြိမ်းချမ်းရေး အတွက် သွားခြင်း ဖြစ်ပြီး ဖေဖေါ်ဝါရီ လ က အဆိုပြုထားသည့် ၁၂ ချက်ပါ ငြိမ်းချမ်းရေး အခင်းအကျင်းကို ဆွေးနွေးမည် ဖြစ်သည်။

 

မကြာသေးမီက တရုတ်၏ စေ့စပ်ပေးမှုဖြင့် ဆော်ဒီ နှင့် အီရန်တို့ ပြန်ပေါင်းထုတ်သွားပြီ ဆိုသည်ကိုလည်း မေ့လျော့ကုန်မည် စိုး၍ ထောက်ပြခဲ့ပြန်သည်။ ရှီ သည် ပထမဆုံး အကြိမ် အဖြစ် ယူကရိန်း သမ္မတ နှင့် အွန်လိုင်းမှ ဆွေးနွေးဖို့ ရှိနေသည်။

 

သို့သော် ရှီကျင့်ပင်သည် သူ၏ အစစ်အမှန် ရည်ရွယ် ရင်းကို ‌ဆင်သေအား ဆိတ်သားရေ ဖြင့် ဖုံးရန် ကြိုးစားသလို ဖြစ်နေသည်။ သူသည် စစ်ပွဲတွင် ကြားနေသည်ဟု တဖွဖွ ပြောနေသော်လည်း ယခုထိ ရုရှား ကျုးကျော်မှု နှင့် ပူတင် တပ်များ၏ ရက်စက် ကြမ်းကြုတ်မှု များကို တခွန်းတပါဒမျှပင် ရှုတ်ချခဲ့ခြင်းမျိုး မရှိသေးပေ။ မော်စကိုတွင် ပူတင် နှင့် လည်ပင်းဖက်ပြီး ယခုလို စစ်ပွဲကြီး ဖြစ်လာရခြင်းမှာ နေတိုးမှ အင်အားချဲ့ထွင်လာသောကြောင့် ဆိုကာ အပြစ်ဖို့တော့မည်လည်း ဖြစ်သည်။ လက်ရှိတွင် တိုင်ဝမ်ကို တရုတ်မှ တိုက်ခိုက်လာမည့် အရေး ကို ပြင်ဆင်ရန် ဆိုကာ အာရှဖက်တွင် အမေရိကန်တို့မဟာမိတ်များ ချဲ့ထွင် စည်းရုံးနေသည်ဟု တရုတ်တို့ နှိုင်းယှဉ် ရေးသား နေကြပြီ ဖြစ်သည်။

 

ရုရှားအား လက်နက် မထောက်ပံ့သည့်တိုင် ပူတင် တောင့်ခံထားနိုင်ရေး အတွက် အခြားအကူအညီများ ပေးသွားဖို့ ရှိနေသည်။

 

ရှီ ၏ ငြိမ်းချမ်းရေး အခင်းအကျင်း ဆိုသည်ကလည်း ရုရှားဖက်မှ လက်ရှိ သိမ်းပိုက်ထားသော နယ်မြေများမှ ဆုတ်ခွာပေးရန် မလိုပဲ အနောက်၏ စီးပွားရေး ပိတ်ဆို့ထားမှု များ ရုပ်သိမ်းပေးရန် နှင့် စ လာခဲ့သည်။

 

ရှီ ၏ ရပ်တည်ချက် ကြောင့် နိုင်ငံတွင်းရှိ အီလစ် အချို့ စိတ်မသက်မသာ ဖြစ်လာနေသည်၊ နိုင်ငံ တနိုင်ငံ ၏ အချုပ်အခြာ အာဏာကို လေးစားရေး ဆိုသည့် တရုတ် နိုင်ငံခြားရေး မူဝါဒကို မျက်နှာလွှဲ ခဲပစ် လုပ်သည်ဟု ယူဆလာပြီး ၂၀၁၃ ခုနှစ် အတွင်း ‌ယူကရိန်းအား ပေးခဲ့သော အာမခံချက် ဖြစ်သည့် နျူလက်နက် ဖြင့် အတိုက်ခံရလျှင် ကူ ညီ မည် ဆိုသည်ကိုလည်း မေးခွန်းထုတ်လာကြသည်။

 

တရုတ် ရှိ မဟာဗျူဟာ ရေးဆွဲသူများကမူ ရုရှား၏ မရေရှာသော နိုင်ငံရေး အနေအထားနှင့် အလားအလာ မကောင်းသော စီးပွားရေး အခြေအနေများကို ကြည့်၍ ရုရှား နှင့် ပလူးပလဲ လုပ်ခြင်းကို အားမပေးလိုကြပေ၊ ထို့ပြင် တရုတ်၏ ရည်မှန်းချက် တခု ဖြစ်သော ဥရောပ အား အမေရိကန် ရင်ခွင် မှ ဆွဲထုတ်ရေး ကြိုးပမ်းမှု များ အပေါ်လည်း မည်သူမျှ အယုံအကြည်ရှိကြတော့မည် မဟုတ်၊ အမေရိကန်နှင့် အီးယူ၏ ဒဏ်ခတ်မှု များ တရုတ်ဖက် လှည့်လာပါက အကျိုးယုတ်ဖို့သာ ရှိသည်ဟု တွက်ဆနေကြသည်။

 

သို့သော် ရှီ၏ စိတ်တွင် တွက်ဆနေသည်က တိုင်ဝမ် အရေး နှင့် ပတ်သက်ပြီး အမေရိကန် နှင့် စစ်ကြီးက မလွဲမသွေ ဖြစ်ဖို့ ရှိနေ၍ ရုရှားထံမှ စွမ်းအင်၊ စစ်ရေး နည်းပညာများ နှင့် သံတမန်ရေး အရ ထောက်ခံမှု တို့ ရနေဖို့ အရေးကြီးသည်။ ရုရှားတို့ ယူကရိန်းတွင် အရေးနိမ့်သွားက အမေရိကန် တို့ ပို၍ ရဲတင်း လာကြမည်၊ ပူတင် အခြေအနေ မကောင်းလျှင် မြောက်ပိုင်း နယ်ခြားတလျှောက် အခြေအနေများ မတည်မငြိမ် ဖြစ်လာမည်။ ထိုထက် ပို၍ ဆိုးသွား နိုင်သည်က ကရင်မလင် နန်းတော်ထဲတွင် အမေရိကန် လိုလားသော ခေါင်းဆောင် ရောက်လာပြီး မိမိတို့အား ဝိုင်းပတ်ခံရမည် အရေး တို့ ဖြစ်သည်။ ယင်းသည် တရုတ်တို့၏ အိမ်မက်ဆိုးကြီးလည်း ဖြစ်သည်။

 

ထိုသို့ ဖြစ်လာခဲ့လျင်တော့ တရုတ်တို အဖို့ အမေရိကန် နှင့် မဟာမိတ်များရန် ကို တဦးတည်း ခါးစီးခံရတော့မည် ဖြစ်သည်။

 

အံ့အား သင့်စရာ ဖြစ်ခဲ့ရသည်က ရုရှားဖက်ကမူ ယူကရိန်းအား တိုက်မည့် အရေးကို တရုတ်တို့အား အသိပေးခဲ့ပုံမရ၊ ထို့မတိုင်မီ ရက်အနည်းငယ်ကပင် ပူတင်သည် ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲတက်ရန် ဘီဂျင်းသို့ ရောက်လာသော်လည်း တစွန်းတစမျှပင် ပြောသွားပေါ် မရ၍ ယူကရိန်းရှိ တရုတ် နိုင်ငံသားများ ဆွဲထုတ်ချိန် မရလိုက်၊ ပူတင်သည် ယူကရိန်းအား လက်ဦးမှု ယူပြီး အလစ်တိုက်ရန်သာ စိတ်စောနေသူ ဖြစ်သည်။

 

တရုတ် စစ်ဗိုလ်ချုပ်များသည် ယခင်က ကရိုင်းမီယား၊ ဂျော်ဂျီယာ နှင့် ဆီးရီယား တို့တွင် ရုရှားတို့ အောင်မြင်ခဲ့သည်ကို ကြည့်ပြီး ပူတင်အား စစ်ရေး မဟာဗျုဟာ တွင် တဖက်ကမ်း ခပ်ယုံမက တောင့်တင်းသော စစ်တပ်ကြီးကိုလည်း ပိုင်ဆိုင်ထားသည် ဆိုကာ ကြိတ်၍ အထင်ကြီးနေခဲ့သည်။ ရုရှားတို့ ပုံစံ အတိုင်း အတုခိုး၍ စစ်တပ်ကိုပင် ပြုပြင် ပြောင်းလဲရေးများ လုပ်လာခဲ့ကြသည်။

 

သို့သော် အလစ်ဝင်တိုက် နိုင်ခွင့် ရခဲ့ပါလျက် ရုရှား စစ်တပ် နှင့် လက်နက်များ အလဲလဲ အပြိုပြို ဖြစ်နေသည်ကို ကြည့်ကာ တရုတ် စစ်ဗိုလ်ချုပ်များ တုန်လှုပ်ကုန်ကြသည်။

 

သို့သော် ၎င်းတို့၏ နိုင်ငံရေး စနစ်သည် လူတဦးတယောက်၏ သဘောထား အမြင်ကိုသာ တည်မှီနေရ၍ တုန်လှူပ်သည်ထက် ပို၍ ပါးစပ်ဟနိုင်သည် အထိ တော့ အခွင့်အရေး မရကြပေ။

 

ရှီကျင့်ပင် နှင့် တရုတ် ထိတ်တန်းခေါင်းဆောင်များက ရုရှား၏ နျူကလီယား ဓါးတရမ်းရမ်း နှင့် ခြိမ်းချောက်ပြောဆိုမှုများကို လုံးဝ သဘောမတွေ့ ဖြစ်နေသည်။ ရှီ သည် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း ဘိုင်ဒင် နှင့် ဘာလီတွင် တွေ့ဆုံခဲ့အပြီးတွင် အမေရိကန် နှင့် တင်းမာမှု လျော့ကျရေး ကို ကြိုးစားရန် စိတ်အား ထက်သန် နေပုံရခဲ့သော်လည်း အမေရိကန်ဖက်မှ တရုတ် မိုးပျံပူဖောင်းကို ပစ်ချခဲ့ပြီးနောက်တွင်တော့ အရှိန် တန့်သွားခဲ့သည်။

 

မည်သို့ပင် ဖြစ်စေ ယခုထိ တရုတ်သည် ရုရှား နှင့် ကင်းကင်းကွာကွာနေသည့် လက္ခဏ တစုံတရာ မတွေ့ရသေးပေ။ ရုရှားထံမှ သဘာဝ ဓါတ်ငွေ့များ နှစ်ဆတိုး တင်သွင်းနေပြီး ရုရှားတို့ အတွက် ရရန် ခက်ခဲလာနေသော မိုက်ကရိုချစ် များကိုလည်း တင်ပို့ပေးနေပြန်သည်။ ရုရှားနှင့်လည်း စစ်ရေး ပူးတွဲလေ့ကျင့်မှုများ လုပ်နေဆဲပင် ဖြစ်သည်။ တောင်အာဖရိက၊ အီရန် တို့ပင် ပူးပေါင်းလာကြသည်။

 

ယူကရိန်း အပေါ် ရုရှားတို့ အတွက်အချက် မှားခဲ့ခြင်းကို အခွင့်ကောင်းယူကာ ဆက်ဆံရေး တွင် အသာရအောင် ကြိုးပမ်းလာသည်။ စွမ်းအင် တွင် ရုရှားတို့ထံမှ လျော့ဈေး ဖြင့် ရလာပြီး တိုင်ဝမ် အရေးတွင်လည်း သံတမန်ရေးအရ ထောက်ခံမှု ပေးသွားမည်ဟု ပူတင်ထံမှ အာမခံချက် ရဖို့ကလည်း ကြိမ်းသေနေပေသည်။

 

ထို့ပြင် မြေပြင်မှဝေဟင်ပစ် ဒုံးကျည် နည်းပညာများ၊ ရေငုပ်သင်္ဘောသုံး နျုဓါတ်ပေါင်းဖို နည်းပညာ များ၊ ဆက်စပ် ပစ္စည်းများကို ၎င်းတို့နှင့် ရန်ဖက် အိန္ဒိယ နှင့် ဗီယက်နမ် တို့ထံ လွှဲပြောင်းမပေးရန်လည်း ပူတင်အား တောင်းဆိုမည် ဖြစ်သည်။ ရုရှားမှလည်း တရုတ်၏ နျူလက်နက်များ အဆင့်မြှင့်ရေး နှင့် ဒုံးကျည် အန္တရာယ် ကြိုတင် သတိပေးစနစ်များ တွင် ကူညီဖို့ ရှိနေသည်။

 

ပူတင် မှ ယခင်က ဥရောပသို့ ရောင်းရန် သတ်မှတ်ထားသည့် ဓါတ်ငွေ့များကို တရုတ်သို့သာ ရောင်းတော့မည်ဆိုပြီး အဆိုပြုလာသည့် ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး ပါ ဆွေးနွေးရန် ရှိနေသည်။

 

ရှီသည် ပူတင် ထံမှ ရလာသည့် လိုက်လျောမှုများသည် သွေးများနှင့် စွန်းပေလာမည်ကိုလည်း စိုးရိမ်မကင်း ဖြစ်နေသည်၊ ယခုပင် သူနှင့် တွေ့မည့် ပူတင်သည် အိုင်စီစီ က အလိုရှိနေသော ရာဇဝတ်သား ဘဝ နေ့ခြင်းညခြင်း ဆိုသလို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ တရုတ်အရာရှိများကလည်း ဆရာသမား မော်စကိုတွင် ရှိနေစဉ် ချုပ်ချုပ်တည်းတည်းလုပ်ကြဖို့ ရုရှားအားလည်း လက်တို့ထားမည်သာ ဖြစ်သည်။

 

ရှီသည် နှစ်ဖက်စလုံးက အနိုင်ရမည်ဟု တွက်ထားကြဆဲ ဖြစ်၍ သူ၏ ဖြန်ဖြေရေးသည် အရာမထင် မှန်း သိနေသော်လည်း နိုင်ငံတကာ အလယ်တွင် ငြိမ်းချမ်းရေး လိုလားသူ အဖြစ် ဂုဏ်တက်လာနိုင်ဖို့သာ ရည်ရွယ်ထားသူ ဖြစ်သည်။

 

ရုရှားကို လက်နက် ထောက်ပံ့မည် ဆိုလည်း ခိုးကြောင်ခိုးဝှက်သာ လုပ်မည် ဖြစ်သည်။ ပေးသမျှကိုလည်း အမှတ်အသားများ ဖျောက်ထားပြီး မြောက်ကိုရီယား၊ အီရန်တို့မှ လှည့်ပြီး ပို့နိုင်ပေသည်။ သို့သော် ဒရုန်းကဲ့သို့ လက်နက်မျိုးက ဖုံးဖုံးဖိဖိ လုပ်လို့မရပဲ လက်ပုးလက်ကြပ် မိသွားပါက ငြိမ်းချမ်းရေး သမား ဆိုသည့် ဂုဏ်ပုဒ် ပျက်စီးရမည့် အပြင် သူ့ဖက်ပါအောင် ဆွဲဆောင်နေသော ဥရောပ နိုင်ငံများ၏ အယုံအကြည်မဲ့ခြင်းကို ခံရပေဦးမည်။

 

လက်နက်များ ရုရှားသို့ ပေးပို့ နိုင်ပါက တရုတ်တို့ အတွက် အကျိုးအမြတ် ရှိလာနိုင်သည်က အမေရိကန် တို့ ဗျာများနေစေရန် စစ်ပွဲ အရှိန်ကို လိုသလို အတိုးအလျော့ လုပ်ထားနိုင်သည်၊ တိုင်ဝမ် အတွက် အဆင်သင့် မဖြစ်သေးသ‌ ရွေ့ ထိုနည်းဖြင့် အမေရိကန် တို့ကို ထိန်းထားနိုင်မည်ဟု တွက်ဆမှုများလည်း ရှိနေသည်။

 

(၂၀၂၃ မတ်လ ၁၉; ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်းပါ "What does Xi Jinping want from Vladimir Putin" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်)