သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(119)

by Hla Soewai - Mar 18 2023

ဂန္ဓီကြီး၏ အာဏာဖီဆန် တော်လှန်ရေး (၃)

 

ဂန္ဒီသည် တောင်အာဖရိက သို့ ရောက်လာပြီးနောက် ပထမတန်း လက်မှတ်ကို ဝယ်ယူ စီးနင်းခဲ့သော်လည်း သူ၏ အသားအရောင်ကြောင့် တွဲထဲမှ ပလက်ဖေါင်း‌ ပေါ်သို အတင်းအဓမ္မ ဆွဲချခံခဲ့ရသည်။ 

 

နှစ်ဆယ်ရာစု နှစ် အစောပိုင်း နှစ်များတွင် တောင်အာဖရိက တွင် နေထိုင်သူ အိန္ဒိယ နွယ်ဖွား ၆၀,၀၀၀ ခန့် ရှိနေပြီ ဖြစ်သော်လည်း အများစု မှာ အလုပ်သမား များ ဖြစ်ကြပြီး အိန္ဒိယ နွယ်ဖွားများအား မလိုမုန်းထားမှု များ အရှိန်ရနေသော ကာလ လည်း ဖြစ်သည်။

 

ဂန္ဒီသည် ဗြိတိသျှ အင်ပိုင်ယာကြီး အတွင်း အုပ်ချုပ်ခံ ဘဝ နှင့် နေထိုင်ရသည်ကို ဂုဏ်ယူမိခဲ့သည်။ ရှေ့နေ ပေါက်စ အဖြစ်နှင့် ကိုလိုနီ ဘဝ လူမျိုးရေး အရ ခွဲခြား ဆက်ဆံ ခံနေရသည့် အဖြစ်ကို မြင်တွေ့နေရသော်ငြားလည်း ထိုသို့နေထိုင်ရသည့် ဘဝ မှ လွတ်မြောက်ရန် ကြံဆောင်မည်ဟူသော စိတ်ကူး စိတ်သန်း များ ပေါ်ပေါက်လာခဲ့ခြင်း မရှိသေးပေ။

 

မိမိတို့ ကြမ္မာ မိမိတို့ဖာသာ စီမံ ဆုံးဖြတ် နိုင်ခွင့် ရရေး အတွက် ရုန်းကန်ရမည့် အစား အင်ပိုင်ယာကြီး အတွင်း တန်းတူညီမျှ အခွင့်အရေး ရရှိရန် အတွက်သာ လှုံ့ဆော်လာခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အမှုများ တမှုပြီး တမှု လိုက်လာခဲ့ရသည့် အခါတွင်တော့ ဗြိတိသျှ နယ်ချဲ့စနစ်သည် လူမျိုးရေး ခွဲခြားမှု နှင့် ခေါင်းပုံဖြတ် အမြတ်ထုတ် နိုင်ရေး အတွက်သာ စနစ်တကျ စီမံ တည်ဆောက်ထားသည့် အဖြစ်ကို ဂန္ဒီသည် ပျက်ပျက်ထင်ထင် သိမြင်လာခဲ့သည်။ ဤသို့ဖြင့် တောင်အာဖရိက နိုင်ငံရေး တွင် ထဲထဲဝင်ဝင် ပါဝင်လာခဲ့သည်။ အိန္ဒိယ နွယ်ဖွားများ၏ လူနေမှု ဘဝ မြှင့်တင်ရေး အတွက် လှုပ်ရှားလာပြီး Indian Opinion ဆိုသည့် ဂျာနယ်ကိုပါ ထုတ်ဝေလာခဲ့သည်။

 

ရုရှားတွင် ၁၉၀၅ တွင် ဖြစ်ပွားလာခဲ့သည့် အထွေ‌ထွေ သပိတ်ကြီးကြောင့် ဇာဘုရင် အစိုးရမှ နိုင်ငံရေး အရ လိုက်လျောမှု များ ပြုလာခဲ့ရသည် ကြည့်ပြီး အားတက်လာသော ဂန္ဒီသည် သူ၏ ဂျာနယ်တွင် နှစ်ပေါင်း ၃၀၀ နီးပါး ရုရှားကို အုပ်ချုပ်လာခဲ့သော ရိုမန်နော့ မင်းဆက်သည်ပင် အုပ်ချုပ်ခံ လူထု၏ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိက ရှေ့ဆက် အုပ်ချုပ်၍ မဖြစ်နိုင်တော့" ဟု ရေးသားခဲ့သည်။

 

ဂန္ဒီ၏ အတွေးအခေါ်များ ပြောင်းလဲလာအောင် ဖန်တီးပေးနိုင်ခဲ့သူက အမေရိကန် စာရေးဆရာကြီး ဟင်နရီ ဒေးဗစ် သောရိုး ဆိုသူပင် ဖြစ်သည်။ သောရိုး၏ ၁၈၄၉ ခုနှစ် တွင် ရေးသားခဲ့သော "လူထု အာဏာဖီဆန်‌ ရေး" ဆိုသည့် အက်ဆေး တွင် အစိုးရ အား အခွန်ဆောင်ရန် ငြင်းဆိုခြင်းသည် လုပ်ထုံး လုပ်နည်းအရ တရားမဝင်သော်လည်း အမှား အမှန်ကို ခွဲခြားနိုင်သော ကိုယ်ကျင့် တရား အရ ကြည့်မည်ဆိုလျှင် လုပ်သင့် လုပ်ထိုက်သည် ဟု ရေးသားထားသည်။ လူ တဦးချင်းစီသည် မိမိတို့၏ ကောင်းကျိုး ဆိုးပစ်ကို ခွဲခြားနိုင်သည့် အသိစိတ် နှင့် လိုက်လျောညီထွေ ဖြစ်အောင် ကျင့်ကြံ ဆောင်ရွက်ရမည် တာဝန် ရှိသည်။ "အစိုးရ သည် တဦးတယောက်ကို တရားမဲ့စွာ အကျဉ်းချထားမည် ဆိုလျှင် တရားမျှတမှုကို လိုလားသော လူတဦး၏ နေရာမှန်သည်လည်း အကျဉ်းထောင် ပင် ဖြစ်ရမည်" ဟု ဆိုသည်။

 

တဖန် သူတို့၏ ခံယူထားသော အသိတရား အရ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်သူ မှန်သမျှ၏ လက်ဝယ်တွင် အာဏာ များ ရှိနေသည်ဟု လည်း ရေးသားခဲ့သည်။ သူ၏ အဆိုအမိန့်များသည် ဂန္ဒီ ၏ စိတ်ကို နိုးကြားလာအောင် လှုံ့ဆော်ပေးနိုင်ခဲ့သည်။

 

၁၈ ရာစု နှစ် အတွင်း ပေါ်ပေါက်လာသော အသိညဏ် အလင်း ထွန်းတောက်လာသည့် ခေတ်တွင် ပြင်သစ် နှင့် ဗြိတိန်ရှိ တွေးခေါ်ပညာရှင် အချို့က နိုင်ငံတော်၏ အာဏာ ဆိုသည်ကို စတင် မေးခွန်း ထုတ်လာကြသည်။ လူ့အဖွဲ့အစည်းအားလည်း ထိုသို့ နိုင်ငံတော် အာဏာဆိုပြီး တဖက်သတ် ကျင့်သုံးလာမှုကို တန်ပြန်နိုင်သည့် အင်အားများ အဖြစ် ရှုမြင်လာကြသည်။

 

သောရိုး၏ "လူထု အာဏာဖီဆန်ရေး" အဆိုအမိန့်များကို ဂန္ဒီ မှ နောက်ဆုံးတွင် လက်ခံ ကျင့်သုံးလာခဲ့ခြင်းသည် "လူတဦးချင်းစီ နှင့် ၎င်းနေထိုင်ရာ လူ့အဖွဲ့အစည်း တခုလုံးသည် အစိုးရ၏ အဆန်းထွင် ဖိနှိပ်လာမှု များကို မည်သို့မည်ပုံ ဟန့်တားနိုင်သည် ဆိုသည့် အပေါ် စံနမူနာ များ ဖြစ်လာခဲ့သည်။

 

ဂန္ဒီသည် သူ၏ ခံယူချက်ကို ၁၉၀၇ ခုနှစ်တွင် လက်တွေ့ စမ်းသပ်လာခဲ့သည်။ ထိုအချိန်က တောင်အာဖရိကရှိ ထရန်းဗားလ် ပြည်နယ်တွင် လူတန်းစား ခွဲခြားသည့် အာရှတိုက်သား ဥပဒေပြင်ဆင်ချက်ကို ပြဋ္ဌာန်းလာခဲ့သည်။ ထိုဥပဒေအရ ထိုပြည်နယ်အတွင်း နေထိုင်သော အိန္ဒိယ နွယ်ဖွား ထောင်ပေါင်းများစွာအား အစိုးရ ထံ အတင်းအကျပ် မှတ်ပုံတင် စာရင်းသွင်း ခိုင်းခဲ့သည်။ မှတ်ပုံတင်ရာတွင်လည်း ခန္ဓာကိုယ်အား အသေးစိတ် စစ်ဆေးပြီး လက်ဗွေရာပါ ယူမည်ဖြစ်သည်။ ထို့နောက် ထုတ်ပေးလာသော အစိုးရ မှတ်ပုံတင် စာရွက်ကို သွားလေရာ ကိုယ်နှင့်မကွာ ယူဆောင်ရမည်ဟု ဆိုသည်။ မှတ်ပုံတင်ရန် ပျက်ကွက်သူများ၊ စစ်ဆေးမေးမြန်းသည့် အခါ ထုတ်မပြနိုင်သူများအား ‌ဒဏ်ငွေရိုက်ခြင်း၊ ဖမ်းဆီးခြင်း နှင့် တိုင်းပြည်မှ နှင်ထုတ်သည် အထိ အရေးယူမည် ဟူ၍ ပါရှိလာခဲ့သည်။