အင်ဒိုနီရှား မှ မြန်မာပြည် အရေး ပတ်သက်သူများ နှင့် ဆွေးနွေးနေပြီဟု ဂျိုကိုဝီ ပြော

by Hla Soewai - Mar 17 2023

ယခုနှစ် အတွင်း အာဆီယံ၏ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည့် အင်ဒိုနီရှားသည် နောက်ကွယ်တွင် မြန်မာ ပြည်ရှိ အဖွဲ့အစည်း များ နှင့် ဆွေးနွေးမှု များ ပြုလုပ်နေပြီ ဖြစ်သည်ဟု စထရိတ်တိုင်းမ် သတင်းစာ နှင့် အင်တာဗျုး တွင် ပြောဆိုသွားခဲ့သည်။

 

၎င်း မှ မည်သည့် အဖွဲ့အစည်း ဟု အမည်တပ် ပြောဆိုခြင်း မရှိသော်လည်း NUG, NUCC တို့ နှင့် ဖြစ်မည်ဟု ယုံကြည်ရပေသည်။

 

သို့သော်လည်း မြန်မာပြည်ရှိ အခြေအနေသည် “ရှုပ်ထွေးလာနေ၍” ဖြေရှင်းနိုင်ရန် အချိန်ယူရဦးမည် ဟု ဆိုသည်။ အဓိကအား ဖြင့် မင်းအောင်လှိုင် ကိုယ်တိုင် သဘောတူ ထားသည့် အချက် ငါးချက် အကောင်အထည် ဖေါ်ရေး ကို ဦးစားပေး အကောင်အထည် ဖေါ်သွားမည် ဖြစ်သည်ဟုလည်း ပြောခဲ့သည်။

 

ဂျိုကိုဝီ သည် သူ၏ စတိုင်ဖြစ်သော “အသံတိတ် သံခင်းတမန်ခင်း” ဖြင့် မှ နောက်ကွယ် တွင် ဆွေးနွေးမှု အများ အပြား ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

 

မိမိတို့ သည် နှစ်ဖက် စလုံး နှင့် ရင်းနှီးစွာ ဆက်ဆံနေ၍ အဖွဲ့ဝင် မည်သည့် နိုင်ငံကိုမျှ တရုတ်-အမေရိကန် အားပြိုင်မှု တွင် တဆင့်ခံ အဖြစ် အရောက်မခံနိုင်၊ ထိုသို့ ဖြစ်လာပါက ဒေသတွင်း မတည်ငြိမ်မှု များသာ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။

 

သို့သော် ဗီယက်နမ်တို့ ကမ္ဘောဒီယား အား ကျုးကျော်ခဲ့စဉ်က အာဆီယံ ငါးနိုင်ငံသည် အမေရိကန် နောက်တွင် မားမားမတ်မတ် ရပ်ကာ တုန်လှုပ်ချောက်ခြားစွာ ဖြင့် ကွန်မြူနစ် အန္တရာယ်ကြီးမှ ကယ်ပါ ယူပါ တစာစာ တောင်းဆိုနေခဲ့ဖူးသည်ကို မိမိ ပြန်လည် အမှတ်ရနေမိသည်။

 

မြန်မာ စစ်အာဏာသိမ်း အဖွဲ့သည် တရုတ် နှင့် ရုရှား ကို ခခယယ ဒူးထောက်နေရပြီး ထိုအခြေအနေကို တရုတ်မှ စတင် အခွင့်ကောင်း ယူသည့် အနေဖြင့် ဘင်္ဂလားဒေ့ရှ် ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ ပထမသုတ် အဖြစ် နေရပ် ပြန်ရတော့မည်ဟု ၎င်းတို့၏ သံတမန်ရေး အောင်မြင်မှု အဖြစ် တရုတ် သံအမတ်က ဒက္ကားတွင် ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖေါ်ပြောဆိုလိုက်သည်။ မြန်မာဖက်မှ စေလွှတ်လိုက်သော ၂၂ ဦး ပါ လူဝင်မှု ကိုယ်စားလှယ် အဖွဲ့သည် ကောက်ဘဇားသို့ ရောက်ရှိနေကြပြီး ပထမအသုတ် အဖြစ် ပြန်လည် ခေါ်ယူမည့် ၄၂၉ ဦး အား လူတွေ့ စစ်ဆေးမည်ဟု သိရသည်၊ ရိုဟင်ဂျာ များ အနေဖြင့် မိမိတို့ ဆန္ဒအလျောက် ပြန်လာခြင်း ဟုတ်မဟုတ်ကို ကွဲကွဲပြားပြား မသိရသေးပေ။ ဘင်္ဂလားဒေ့ရှ် တွင် လောလောဆယ့် ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကို စခန်း ၃၃ ခု ဖွင့်လှစ်၍ လက်ခံထားရသည်ဟု ဆိုသည်။ ထိုအရည်အတွက်သည် ကမ္ဘာတဝှမ်း ပြန့်ကျဲနေသော ဒုက္ခသည် စုစုပေါင်း၏ ဆယ်ပုံတပုံခန့် ရှိနေသည်။

 

ထွက်ပြေးသွားသော ရိုဟင်ဂျာ များ နေထိုင်ရာ ဒေသများရှိ မြေဧက ၇၀၀ ကျော်အား အပြီးအပိုင် သိမ်းယူရန် စစ်တပ်က လျို့ဝှက်ညွှန်ကြားထားသည့် စာ များ လက်ခံရရှိထားသည်ဟု မြန်မာနောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

လောလောဆယ်တွင် အကြမ်းဖက် စစ်တပ်မှ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း မြို့နယ် ရှိ နမ်းနိန်း ကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ ဝင်ရောက် သတ်ဖြတ်သွား၍ ကျောင်းထိုင်ဆရာတော် နှင့် သံဃာ နှစ်ပါး အပါအဝင် ပြည်သူ ၂၂ ဦး သေဆုံးသွားခဲ့သည် ဆိုသော သတင်းအား CNN မှ ဓါတ်ပုံများ နှင့် တကွ အကျယ်တဝင့် ဖေါ်ပြလာပြီ ဖြစ်သည်။

 

ဇော်မင်းထွန်းက အဆိုပါ ဖြစ်ရပ်အပေါ် PDF, KNDF များ အပေါ် လွှဲချခဲ့သော်လည်း ထိုဒေသအတွင်း အဆိုပါ တပ်များ လှုပ်ရှားနေခြင်း မရှိဟု CNN က ဆိုသည်။

 

အာဏာသိမ်းပြီး ချိန်ကစ၍ ဒေသ အသီးသီး တွင် လူသတ် မီးရှို့ခြင်းများ ဆက်တိုက် ကျုးလွန်နေကြသူများက ယခုကဲ့သို့ လူသိရှင်ကြား ဖြစ်လာသော အမှုတွင် ၎င်းတို့ မဟုတ်ဟု ငြင်းဆိုလာခြင်းကို မည်သူမျှလည်း အယုံအကြည် ရှိကြမည် မဟုတ်ပေ။ ထို့အပြင် ၎င်းတို့၏ ဝါဒဖြန့် စာမျက်နှာများတွင်မူ “ကယား PDF များကို ဆုံးမခြင်း၊ နှိမ်နှင်ခြင်း” ဟု သော ခေါင်းစဉ်များ ဖြင့် ရေးသားဖြန့်ဝေနေကြသည်။

 

စစ်အာဏာရှင် များ က မတ်လ ၁ ရက်နေ့ ထုတ်ပြန်သော အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအား ဖြည့်စွက်ချက် ထုတ်ပြန်လာခဲ့သည်၊ ထိုဥပဒေသည် ၎င်းတို့ အရင်လုပ်ခဲ့သမျှ အား တရားဥပဒေ နှင့် အညီ ဆိုသည့် သဘောနှင့် ဖုန်းကို ကြားဖြတ်နားထောင်ခွင့်၊ အိမ်ခြံမြေများ သိမ်းယူခွင့် အပါအဝင် အခြားလုပ်လို့ရသည်များ လုပ်ပိုင်ခွင့် ရသွားပြီ ဖြစ်သည်။ ဆိုလိုသည်က ၎င်းတို့ အနေဖြင့် လုပ်ချင်တာ လုပ်နိုင်ခွင့် ရနေသော်လည်း နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုလာနိုင်သည်များကို တန်ပြန်နိုင်ရန် ရည်ရွယ်ပုံရသည်။

 

ချင်း နှင့် ကယား တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ သည် ၎င်းတို့ ပြည်နယ်အတွင်းသို့ စစ်အင်အား အလုံးအရင်း နှင့် ဝင်ရောက်လာသော စစ်ကောင်စီ၏ အကြမ်းဖက်တပ်များကို ရှိသမျှ အင်အား နှင့် ရင်ဆိုင်နိုင်ရန် ပြင်ဆင်နေကြသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

တနင်္လာနေ့တွင် နေပြည်တော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များ မှ လယ်ဝေး တွင် အခြေပြုထားသည့် ခြေမြန်တပ်ရင်း အမှတ် (၆၀၄) ဝင်း အတွင်းသို့ အဝေးပစ် ဒုံးကျည် လေးစင်းဖြစ် ပစ်ခတ်ခဲ့ကြောင်း ကျေညာချက် ထွက်ပေါ်လာပြီး ထိခိုက်ပျက်စီးမှု အတိုင်းအတာကို အတည်ပြု၍ မရသေးကြောင်း မြန်မာ နောင်း သတင်းတွင် ဖေါ်ပြလာခဲ့သည်။ တပ်ရင်းမှုး ဗိုလ်မှုး ဟိန်းဇံထွန်း ဒဏ်ရာရရှိသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးဟု ဆိုသည်။ (ဓါတ်ပုံ - မြန်မာနောင်း)

 

ပြည်သူတွေရဲ့ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!