နိုလင်း ဟေဇာ မှ ကုလ အထွေထွေ ညီလာခံတွင် အကုန်ဖွင့်ချပြီ

by Hla Soewai - Mar 17 2023

မြန်မာ နိုင်ငံတွင် နိုင်ငံရေး အရ ဖြေရှင်းချက် ထွက်ပေါ်ရန် မည်သို့မျှ အလားအလာ မရှိဟု ကုလ အထွေထွေ ညီလာခံ သို့ ရှင်းလင်း ပြောကြားရာတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

နှစ်ဖက်စလုံးက အင်အားသုံး၍ တဖွဲ့ အပေါ် တဖွဲ့ အနိုင်ရရေးသာ ရည်ရွယ်နေ၍ ဆွေးနွေးဖြေရှင်းနိုင်မည့် အလားအလာ မတွေ့ရဟု ဆိုသည်။

 

ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်သည် အရေးပေါ် အခြေအနေကို သက်တမ်း တိုးလာချိန်ကစ၍ အကြမ်းဖက်မှု များ တိုးမြှင့်ကျုးလွန်လာနေပြီး၊ ၎င်းတို့ အာဏာကို ဆက်လက်ဆုပ်ကိုင် ထားနိုင်ရေး အတွက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်ဖက် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ လူ့အခွင့်အရေး များကို ဆိုးဆိုးဝါးဝါး ကျုးလွန်နေသည်ဟု ဆိုသည်။

 

နိုလင်း ဟေဇာ မှ စစ်တပ်ကျူးလွန်ခဲ့သော ခေါင်းဖြတ်သတ်ခြင်း၊ ခန္ဓာကိုယ် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင် သတ်ဖြတ်ခြင်း များ ကို အသေးစိတ် အစီရင်ခံသွားခဲ့ပြီး၊ မကြာမီ က ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း မြို့နယ် နန်နိမ် ရွာ ဘုန်းကြီး ကျောင်းဝင်း အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုအားလည်း ကမ္ဘာတဝှမ်း မှ သံတမန်များ ရှေ့တွင် ထည့်သွင်း ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

 

ကုလ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မိမိနိုင်ငံသည် တသက်လုံး စစ်အာဏာရှင် စနစ်အောက်တွင် နေသွားမည်လော၊ ဒီမိုကရေစီ နိုင်ငံ အဖြစ် ဆက်လက်ရပ်တည်သွားမည် လော ဆိုသည့် လွန်စွာ အရေးကြီးသော လမ်းဆုံလမ်းခွ သို့ ရောက်နေပြီ ဖြစ်သည်ဟု ဆိုသည်။

 

ထိုသို့သော လူများက မြန်မာပြည်အား တည်ငြိမ် အေးချမ်း ဖွံ့ဖြိုးသည့် နိုင်ငံဖြစ်အောင် မည်သို့များ ဆက်၍ အုပ်ချုပ်သွားပေမည်နည်း၊ ရှေ့လျောက်ပြီး ဒေသတွင်း တည်ငြိမ်ရေး ကို ခြိမ်းချောက်သည်ထက် ခြိမ်းချောက်လာဖို့သာ ရှိနေပြီ ဆိုသည်ကို နိုင်ငံတကာ က လယ်ပြင်တွင် ဆင်သွားသလို တစထက် တစ ကောင်းစွာ သိမြင်လာပြီ ဖြစ်သည်။ ဝါးလုံးခေါင်းထဲ တွင် စိတ်ကြီးဝင်နေကြသူများ ဖြစ်ပြီး အာဏာဆွဲကိုင်ထားနိုင်ရေး သက်သက် ဖြင့် ဦးတည် လှုပ်ရှားနေ၍ ရန်သူများက များသည်ထက် များလာမည့် အဖြစ်ကိုလည်း လားလားမျှပင် ဆင်ခြင်မိကြဟန် မတူပေ။

 

ယခုအခါ လူတဦးတယောက်၏ ကိုယ်ကျိုးစီးပွားအတွက် စိုးရိမ်ပူပန်လာသည့် စိတ်ဖြင့် ကမူရှုးထိုး မိုက်မဲစွာ အတွက်အဆ မှားယွင်းခဲ့၍ ၂၀၀၈ ဖွဲ့စည်းပုံ ဖြင့် ပေးထားသော အာဏာများ အကုန်ဆုံးရှုံးသွားရပြီ ဖြစ်ပြီး တဖွဲ့လုံး သေနတ်ကိုသာ အားကိုးနေရသည့် အဖြစ်သို့ လုံးလုံးလျားလျား သက်ဆင်းသွားကြရပြီ ဖြစ်သည်။

 

ဤသည်ကို စစ်တပ်၏ ဒုတိယ ခေါင်းဆောင် စိုးဝင်းသည် အင်အား ထောင်ကျော် ဖြင့် ထိုးစစ်ဆင်နေသည့် ကယားပြည်နယ် လွိုင်ကော် မြို့သို့ မှ စစ်တပ် အပါအဝင် အဖွဲ့အစည်း များ နှင့် တွေ့ဆုံရာတွင် တုံးကိုက်ကိုက် ကျားကိုက်ကိုက် လုပ်ရမည်ဟု ထည့်သွင်း ပြောဆိုသွားခြင်းက သက်သေခံနေပြီ ဖြစ်သည်။

 

၎င်း၏ စကားများထဲတွင် လူထုအထိအခိုက် မရှိအောင်၊ စစ်စည်းကမ်းများ လိုက်နာကြဖို့ တခွန်းတပါဒမျှ ပင် မပါပဲ တုံးကိုက်ကိုက် ကျားကိုက်ကိုက် ဆိုကာ တာဝန်မဲ့စွာ ပြောဆိုသွားခြင်းဖြစ်၍ မယုံနိုင် စရာပင် ဖြစ်နေသည်။ နောက်တချက် အဓိက ထား ပြောသွားသည်က တပ်တွင်းစည်းလုံးရေးပင် ဖြစ်သည်၊ ဤသည်ကလည်း သူတို့ အတွက် သေရေးရှင်ရေး တမျှ အရေးကြီးနေသည် မဟုတ်ပါလား။ တုံးကိုက်ကိုက် ကျားကိုက်ကိုက် စကား က ဘာကိုမှ ထည့်မစဉ်းစား၊ ညှာတာနေစရာ မလိုပဲ ပြတ်ပြတ်သားသား လုပ်ရန် စိန်ခေါ်သွားခြင်း ပင် ဖြစ်သည်။

 

သူကိုယ်တိုင် ရောက်လာပြီး ယခုလို “တုံးတိုက်တိုက် ကျားကိုက်ကိုက်”၊ “လှေခွက်ချည်းကျန် အလံမလှဲ ကြနဲ့” စကားများကို ဟန်ပင် မဆောင်နိုင်တော့ပဲ သုံးနှုံးလာရခြင်းသည်ကပင် မည်မျှ အထိ အကျပ်အတည်းကြီး နှင့် ကြုံနေရပြီ ဆိုသည်က သိသာ ထင်ရှားနေပေသည်။

 

ထိုသို့ ပြောဆိုပြီး ရဟတ်ယာဉ် ဖြင့် သူ၏ နန်းတော်တမျှ ကြီးမားသော စံအိမ်ကြီးသို့ ပြန်လည် ကြွချီသွားခဲ့ပြီလည်း ဖြစ်သည်။

 

လက်ရှိတွင် တိုင်းရင်းသား လူမျိုးစုများ ထဲတွင် လူဦးရေအားဖြင့် အနည်းဆုံး ဖြစ်သည့် ကယား နှင့် ချင်းပြည်နယ် များ ရှိ တိုင်းရင်းသားများကို ရက်စက်စွာ နှိပ်ကွပ် သတ်ဖြတ်ရန် စီမံနေပြီ ဖြစ်သည်၊ ရလဒ်ကတော့ အောင်မြင်နိုင်စရာ အကြောင်းမရှိပဲ၊ တိုင်းရင်းသား သွေးစည်း ညီညွတ်‌ရေး သည် ၎င်းတို့ အာဏာ တည်မြဲနေသရွေ့ မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့၊ နာကျည်းမှုများ၊ မုန်းတီးမှုများ နှင့်သာ ရင်ဆိုင်ကြရဖို့ ရှိနေသည်။

 

၎င်းတို့ အဖို့က ကိုယ်ထင်ရာ ကိုယ် ဆွဲတွေးနေကြသူများဖြစ်သည်၊ တတိုင်းပြည်လုံး သေနတ်သံ တိတ်သွားလျှင်ကော ၎င်းတို့ကို ကယ်တင်ရှင်များ အဖြစ် ကြိုဆိုကြမည်လော၊ ၎င်းတို့ မိသားစုများ အတွက် တိုင်းပြည် နှင့် လူမျိုးကို စတေးပစ်နေခြင်းပင် ဖြစ်သည်။

 

စစ်ကိုင်း တိုင်း လူထုအားလည်း ဝေသာလီ ပြည်ကို ဘီလူး ဝင်စီးသည့် သဘောမျိုး ဖြင့် ခြောက်လှန့်နိုင်ရန် ၎င်းတို့၏ စစ်ကြောင်းကိုပင် “ဘီလူးစစ်ကြောင်း” ဟု အမည်ပေးကာ သောင်းကျန်းနေပြီ ဖြစ်သည်။

 

မည်သို့ပင် ဖြစ်စေ ပြည်သူတို့၏ ဝိုင်းပယ် တွန်းလှန်မှုကြောင့် ၎င်းတို့အားလုံးသည် လူ့တရိစ္ဆာန် သာသာ ဘဝ ရောက်နေကြရပြီ ဖြစ်သည်ကို လေးနက်အောင် ထပ်ပြောလိုပေသည်။

 

ယခုအခါ တရုတ်ကို မျက်နှာလို မျက်နှာရ လုပ်ပြီး ရိုဟင်ဂျာ ဒုက္ခသည် များ လက်ခံမည့် ကိစ္စသည် ယခုကဲ့သို့ အခြေအနေများ ဆိုးဝါးလာချိန်တွင် မည်သို့မျှ လုံခြုံစိတ်ချရမှု မရှိ၊ ၎င်းတို့ သဘောဆန္ဒမပါပဲ မဖြစ်သင့်ဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံး နှင့် ဗြိတိန် အစိုးရ မှ ကန့်ကွက်လာခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ အကြမ်းဖက် စစ်အုပ်စု သည် ကြံရာမရ ဖြစ်လာနေပြီး ဘာသာရေး ပဋိပက္ခ ကြီး ပေါ်ပေါက်လာအောင် မြေစမ်းခရမ်းပျိုးလာနေခြင်း ဖြစ်၍ အိုင်စီစီ အနေဖြင့် လက်ရှိ ရိုဟင်ဂျာ များ အပေါ် ကျုးလွန်နေမှု များ အပေါ် စုံစမ်းစစ်ဆေးနေမှု ကို မြန်မာပြည်ထဲ အထိ တိုးချဲ့ပေးရန် တရားဝင် တောင်းဆိုလိုက်ပြီ ဖြစ်သည်။

 

နမ်းနိမ့်ရွာ လူသတ်မှု ကြီးသည် ယခုလ အတွင်း စတုတ္ထ အကြိမ် ကျုးလွန်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!