ဗိုလ်ချုပ်ကြီး ဝမ် ဟောင်ဂွမ်း မှ နှစ်ရက် အတွင်း အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်နိုင်မည် ဆိုက ကျွန်းပေါ်သို့ ဝင်တိုက်ဖို့ လမ်းပွင့်သွားပြီဟု ဆက်ပြီး ပြောပြန်သည်။ အမေရိကန် တပ်များ သုံးရက် အတွင်း ရောက်မလာနိုင်က ပွဲသည် ပြီးသလောက် ဖြစ်သွား၍ လာဖို့ ပင် မလိုတော့ဟုလည်း ဆိုသည်။
တရုတ် ဆိုင်ဘာ တပ်များကလည်း တိုင်ဝမ် စစ်သားများ စိတ်ဓါတ်ကျဆင်းသွားအောင် တီဗီ နှင့် ရေဒီယို စတေရှင်များ အား ဝင်နှောင့်ခြင်း၊ ၎င်းတို့ထံ ဆိုရှယ် မီဒီယာ နှင့် ဖုန်း မက်ဆေ့ခ်ျ များ တလှေကြီး ပို့လွှတ်ပြီး တပ်တွင်း ပုန်ကန်သူများနှင့် ထွက်ပြေးသူများအား သတင်းပေးက ဆုလဒ်များ ချီးမြှင့်မည်ဟု အကြောင်းကြားခြင်းများ လုပ်နိုင်သည်ဟု ပြောခဲ့ဖူးသည်။
တရုတ်တို့ အဖို့ အကြီးမားဆုံး ရင်ဆိုင်ရမည့် အခက်အခဲကား ကမ်းတက် စစ်ဆင်ရေးပင် ဖြစ်သည်။ ၁၉၄၉ ခုနှစ် အတွင်း တိုင်ဝမ် ကျွန်းသို့ တိမ်းရှောင်သွားခဲ့သော ချန်ကေရှိတ်၏ အမျိုးသားရေး ဝါဒီ တပ်များ အား တိုက်ခိုက်ရန် ကျွန်းမကြီး နှင့် သုံး ကီလိုမီတာ ခန့်ဝေးသည့် ကင်မင်း ကျွန်းငယ်လေးသို့ ငါးဖမ်းလှေကလေးများ နှင့် ရောက်လာကြသော တရုတ်နီ တပ်သား ၉,၀၀၀ ခန့်အား စောင့်၍ ချေမှုန်း နိုင်ခဲ့သည့် သမိုင်းကြောင်းက ရှိထားပြီး ဖြစ်သည်။
ယခုအခါ တရုတ်တို့ ငါးဖမ်းလှေငယ်လေးများ နှင့် မဟုတ်တော့ပဲ နောက်ဆုံးပေါ် လက်နက်များ ပိုင်ဆိုင်ထားပြီး ဖြစ်သည်၊ ထို့ပြင် ဒုတိယ ကမ္ဘာစစ် D-day၊ ၁၉၅၀ ကိုရီယား စစ်ပွဲ အတွင်း အင်ချွန်း ကမ်းတက် စစ်ဆင်ရေး နှင့် ဗြိတိသျှ တို့၏ ဖေါက်ကလန် ကျွန်းသိမ်း တိုက်ပွဲများကို အကျအန လေ့လာထားပြီးလည်း ဖြစ်သည်။
သို့သော် တရုတ်သည် ၁၉၇၉ ခုနှစ် အတွင်း ဗီယက်နမ်သို့ ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်း တွင် စစ်ပွဲ အတွေ့အကြုံ မရှိသေးပေ၊ တိုင်ဝမ် ရေလက်ကြား၏ အကျဉ်းမြောင်းဆုံး နေရာသည်ပင် ၁၃၀ ကီလိုမီတာ ကျယ်ဝန်းနေပြီး ပင်လယ် ဒီရေ အတက်အကျ နှင့် ရေစီးကြောင်းများသည်လည်း ခန့်မှန်းရ ခက်နေသည်။
တိုင်ဝမ် ကမ်းရိုးတန်း တလျှောက်ရှိ ကမ်းခြေ များတွင် ၁၄ နေရာခန့်သာ ကမ်းတက်ဖို့ အဆင်ပြေသည်။ ထိုနေရာများကိုလည်း အင်အား အလုံအရင်း ချထားပြီး ဖြစ်သည်၊ အထူးသဖြင့် မြို့တော် တိုင်ပေ နှင့် ကပ်နေသော ကမ်းခြေ တွင် ဘန်ကာများ၊ မြေအောက် ဥမှင်လှိုင်ခေါင်းများ အထပ်ထပ် ဆောက်လုပ်ကာ အထူးသတိထားပြီး ကာကွယ် ထားခဲ့သည်။
နောက်တချက် သည်ကား ကမ်းတက်စစ်ဆင်ရေး ကြီး အတွက် လိုအပ်သည့် တပ်အင်အားကို အလျင်အမြန် ပို့ပေးနိုင်ရန် လုံလောက်သည့် သင်္ဘော အရည် အတွက် ရှိနေ မရှိနေကား မရေမရာ ဖြစ်နေဆဲပင်၊ တိုင်ဝမ်ကို သိမ်းပိုက်နိုင်ရန် စစ်အင်အား အနည်းဆုံး သုံးသိန်း မှ တသန်း အထိ လိုအပ်နေသည်။ လောလောဆယ်တွင် တပ်အင်အား နှစ်သောင်း ခန့်အထိ ရှိနေသည့် ကမ်းတက် တပ်မဟာ ၆ ခုသည် အနီးအနား တွင် အဆင်သင့် ရှိနေသည်။
သို့သော် တရုတ်ရှိ ကမ်းတက် စစ်ရေယာဉ်များသည် ပထမ တရက် နှစ်ရက်အတွင်း တပ်အင်အား နှစ်သောင်းခန့်ကိုသာ ပို့နိုင်စွမ်း ရှိနေသည်။ ဤသည်ကလည်း ၎င်းတို့နှင့် တပါတည်း ယူလာမည့် လက်နက် ပစ္စည်း ပမာဏ အပေါ် မူတည်ပြီး လျော့နည်းသွားဖို့သာ ရှိသည်။
အလားတူ လေကြောင်းမှလည်း တပ်အင်အား နှစ်သောင်းခန့်လောက်သာ ပထမ တရက်တွင် ချပေးနိုင်စွမ်း ရှိနေပြန်သည်။ တရုတ်သည် ထိုအရေးကို ဖြေရှင်း နိုင်ရန် မကြာသေးမီက ဖယ်ရီများ နှင့် အရပ်သုံး သင်္ဘောများကို သုံး၍ လေ့ကျင့်လာခဲ့သည်၊ အောင်မြင်သည် ဆိုစေဦး အတင်အချ လုပ်နိုင်မည့် ဆိပ်ကမ်းများကို သိမ်းပိုက်နိုင်ဖို့ လိုအပ်နေပြန်သည်။
ယူကရိန်း စစ်ပွဲကြောင့် တရုတ်တို့ဖက်မှ ၎င်းတို့၏ မြေပြင်တပ်များ အပေါ် သံသယ ဝင်လာခဲ့သည်။ ကမ်းတက် စစ်ဆင်ရေး များ အတွက် ကြည်းရေလေ တပ်ပေါင်းစုအား ရုရှားတို့၏ နည်းဗျူဟာ မြောက် တပ်မဟာ များ အပေါ် ပုံစံပြု တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်တော့ ရုရှား တပ်များ ယူကရိန်း တွင် အခြေမလှ ဖြစ်နေသည်ကို တွေ့မြင်နေရသည့် အတွက်ကြောင့်လည်း ဖြစ်သည်။
တရုတ် တပ်များသည် တိုင်ဝမ် ခေါင်းဆောင်ပိုင်းကို အလျှင်အမြန် ဦးချိုး နိုင်ခဲ့လျှင်ပင် ယူကရိန်းကဲ့သို့ အလွယ်တကူ ရွှေ့ပြောင်းနိုင်သော ဒုံးပစ် လောင်ချာများ၊ ဒရုန်းများ နှင့် ခုခံသွားမည့် ရေရှည် စစ်ပွဲမျိုး နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
လောလောဆယ် တိုင်ဝမ်၏ မဟာဗျုဟာသည် တရုတ် ၏ ကနဦး ကမ်းတက်တပ်များကို ဟန့်တားနိုင်ရန် နှင့် နောက်ထပ် တပ်အင်အား ထပ်မံ မဖြည့်တင်းနိုင် ရန် စီမံထားသည်။ ဆိပ်ကမ်းများ နှင့် ကမ်းခြေ တလျှောက် ပင်လယ်ရေမြုပ် မိုင်းများ ချထားခြင်း၊ သင်္ဘောများ နစ်မြူပ်ပြီး အတားအဆီးမျိူးစုံ ချကာ ပိတ်ဆို့ထားမည် ဖြစ်သည်။
ဖျက်ဆီးခြင်း မခံရပဲ ကျန်ရှိနေသော စစ်သင်္ဘောများ၊ တိုက်လေယာဉ်များ ဖြင့် ချည်းကပ်လာနေသော တရုတ်စစ်သင်္ဘောများကိုလည်း တိုက်ခိုက်သွားမည် ဖြစ်သည်။ ကမ်းပေါ်တက်လာနေသော တပ်များအားလည်း လက်နက်ကြီးများ၊ ရောကက် လောင်ချာများ နှင့် ပစ်ခတ် ချေမှုန်း မည်လည်း ဖြစ်သည်။
ထို့ပြင် ကမ်းခြေတလျောက် ပင်လယ်ရေမျက်နှာပြင် အောက်တွင် လိုအပ်လျှင် မီးတောက်များ ဖန်တီး နိုင်စွမ်း ရှိသည့် ပိုက်လိုင်းများ ချထားသည်ဟုလည်း တရုတ်တို့ဖက်က သံသယ ရှိနေသည်။ ကမ်းခြေ အချို့နေရာများတွင် ဖြန့်ချထားသော အမြှောက်များအား အဝေးထိန်း စနစ် ဖြင့် ပစ်ခတ် နိုင်သည်ဟုလည်း ယုံကြည်နေကြသည်။
တရုတ် တပ်များက ကမ်းခြေသို့ အောင်မြင်စွာ တက်လာနိုင်ခဲ့လျှင်ပင် တိုင်ပေ နှင့် မြို့ကြီးများသို့ ရောက်ရန် တောတောင်များ ဖြတ်၍ ခရီးကြမ်း နှင်ကြရဦးမည် ဖြစ်သည်။ နှစ်ဖက် စလုံးသည် လက်တကမ်း တိုက်ပွဲ များ နှင့် မြိုသိမ်းတိုက်ပွဲ အတွက် ခံစစ်ကော၊ ထိုးစစ်တွင် ပါ အတွေ့အကြုံ ရှိမထားကြပေ။ တိုင်ဝမ် တပ်များကတော့ ၎င်းတို့ အရပ်သားများ အထိအခိုက် များနိုင်၍ မြို့တွင်း တိုက်ပွဲ ဆင်နွှဲရန် လိုလိုလားလား မရှိသည်ကို တွေ့ရသည်။ တရုတ်ဖက်ကတော့ ထို့အတွက် လေ့ကျင့်ထားပြီး ဖြစ်သည်။ ထိုသို့ လေ့ကျင့်ထားမှု ကလည်း တိုင်ပေသို့ ရောက်ပြီး အလျှင်အမြန် အောင်ပွဲ ခံနိုင်ရန် အတွက်သာ ရည်ရွယ်ထားချင်းမျိုး ဖြစ်သည်။
ယူကရိန်း စစ်ပွဲ အနေအထားကို ကြည့်၍ နှစ်ဖက်စလုံးက လူနေဒေသများ အကြား တိုက်ခိုက်နိုင်ရန် အပြင်းအထန် လေ့ကျင့်လာခဲ့ကြသည်။
သို့သော် တရုတ်တပ်များ ရှေ့မတိုး နောက်မဆုပ် ဖြစ်သွားခဲ့လျင်ပင် အချိန်သည် တိုင်ဝမ်ဖက်တွင် ရှိမနေ။ တိုင်ဝမ် တပ်များ အနေဖြင့် အလွန်ဆုံး နှစ်ပတ် ခန့်သာ ကျားကုတ်ကျားခဲ ခုခံနိုင်စွမ်း ရှိပြီး နောက်ပိုင်းတွင် အမေရိကန်တို့၏ အကူအညီ လိုအပ်လာသည်။
တိုင်ဝမ်သည် ကျွန်းဖြစ်နေ၍ ယူကရိန်းလောက် ကျုးကျော် တိုက်ခိုင်နိုင်ဖို့ မလွယ်ကူလှပေ။ ထောက်ပို့ ပိုင်းတွင် ပို၍ ခက်ခဲ နေပြန်သည်။ ဆိပ်ကမ်းများ အားလုံးလိုလိုသည် တရုတ်တပ်များ လက်ချက်ဖြင့်သော်၎င်း၊ သို့တည်းမဟုတ် တိုင်ဝမ် တပ်များ နှင့် အမေရိကန် တပ်များက ဦးအောင် ဖျက်ဆီးခြင်း ခံရနိုင်သည်။ ထို့အတွက် ထောက်ပို့ ပိုင်းနှင့် တပ်အင်အား ဖြည့်တင်းရေး ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သကဲ့သို့ပင် ခက်ခဲနေဦးမည် ဖြစ်သည်။
အမေရိကန် နှင့် တိုင်ဝမ်သည် ဂျပန် ကဲ့သို့ မဟာမိတ်များထံမှ အကူအညီများ လိုအပ်နေပြန်သည်၊ ဂျပန်တွင် တိုက်ပွဲဝင် အသင့်အနေအထားရှိသည် တပ်များ ရှိနေသည်၊ ဖိလစ်ပိုင်သည် စစ်အင်အား အရ ချို့တဲ့သော်လည်း တိုင်ဝမ် နှင့် နီးကပ်နေသည်။ ဩစတေးလျသည် စစ်အင်အား တွင် အတန်အသင့် ရှိသော်လည်း အလှမ်းဝေးနေသည်။ ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ ကျွန်းစု နိုင်ငံများသည်လည်း နောက်တန်း စခန်းများ အဖြစ် လက်ခံပေးထားနိုင်သည်။
ပို၍ အလှမ်းဝေးသော ဗြိတိန်သည်လည်း အနည်းဆုံးတော့ စစ်သင်္ဘောများ စေလွှတ်ပေးနိုင်စွမ်း ရှိနေသည်။ ထိုအထဲတွင် ကူညီမည်ဟု တပ်အပ်သေချာ မပြောနိုင်သည့် နိုင်ငံက အိန္ဒိယ ပင် ဖြစ်သည်။ ၎င်းတို့ ကူညီဖို့ဆိုသည်က စစ်ပွဲကြီး မည်သို့ အခြေစိုက်လာမည် နှင့် မည်သူသည် တရားခံ လဲ ဆိုသည် အပေါ် မူတည်နေသည်။
အမေရိကန်သည်လည်း တိုင်ဝမ်ကို ကူညီပေးဖို့ လေယာဉ်တင် သင်္ဘောများကို အားကိုးရမည် ဖြစ်သည်။ သို့သော် တရုတ်က ဝင်ရောက်လာမည့် အမေရိကန် စစ်သင်္ဘော နှင့် တိုက်လေယာဉ်များအား ပိတ်ဆို ရေး၊၊ နေရာယူခွင့် မပေးရေး ဆိုသည့် Anti-Access/ Area-Denial (A2/AD) လက်နက်ကြီးများ ဖြင့် နေရာယူ ချိန်ရွယ်ထားပြီး ဖြစ်သည်၊ ထို့အပြင် DF-26 ဒုံးကျည်များဖြင့် ပစိဖိတ် သမုဒ္ဒရာ အတွင်းပိုင်း ကျသော နေရာများအထိ ရောက်အောင် တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။ ၎င်းတို့ရှိ အသံထက် အဆမတန် မြန်သည့် ဒုံးကျည်များအား ကြားဖြတ် ပစ်ချနိုင်ဖို့ ခက်ခဲနေရသည်။
တရုတ်သည် ယခုအခါ ကမ္ဘာတွင် အကြီးဆုံး ရေတပ်ကြီးကို ပိုင်ဆိုင်နေပြီ ဖြစ်ပြီး ရေငုပ်သင်္ဘော အုပ်စုကြီးဖြင့် ဝင်ရောက်လာသော အမေရိကန် စစ်သင်္ဘောများကို တိုက်ခိုက်ကြမည် ဖြစ်သည်။ ၎င်းတို့၏ ခရီးဝေး သွားနိုင်စွမ်း ရှိသော ဗုံးကြဲလေယာဉ်များ၏ အန္တရာယ်ကလည်း ရှိနေပြန်သည်။
အမေရိကန် စစ်ရေး စီမံကိန်း ရေးဆွဲသူများက 3 D ဆိုသည့် disrupt, defend, dominate ဆိုသည့် မဟာဗျုဟာ ကို ရေးဆွဲပြင်ဆင်လာကြသည်၊ ထိုဗျူဟာ အရ တရုတ်တို့၏ စစ်ဆင်ရေးအားလုံးကို ပထမ သံဆူးကြိုးဝိုင်း အတွင်းမှာပင် disrupt နှောက်ယှက် ဖျက်ဆီးရန်ဖြစ်သည်၊ ထို့နောက် ထိုသံဆူးကြိုးဝိုင်း တဝိုက် ရှိနေသော မဟာမိတ်များကို defend ကာကွယ်သွားမည်၊ ထို့နောက် ပင်လယ်ပြင် တဝိုက် နှင့် ဝေဟင်ကို dominate စိုးမိုးထားရန်ပင် ဖြစ်သည်။
သို့ရာတွင် နယ်မြေ အနေအထား ထိစပ်မှု ဖြင့် အသာစီးရ နေမှု၊ ပစိဖိတ် အနောက်ခြမ်းရှိ အမေရိကန် စစ်စခန်းများကို တရုတ်တို့ ဖက်မှ ပစ်ခတ်နိုင်စွမ်း ရှိနေမှု၊ အဆမတန် များပြားလှသော တရုတ် စစ်အင်အား နှင့် လက်နက်များကို ရင်ဆိုင်ရမည့် စိန်ခေါ်မှု များ အစရှိသည် တို့ကို ကျော်လွှားနိုင်ရမည် ဖြစ်သည်။
ဆက်လက် တင်ပြသွားပါမည်။