တိုင်ဝမ် အရေး အကြောင်းပြု၍ အမေရိကန် နှင့် တရုတ် တို့ စစ်ပွဲဆင်နွှဲရန် ပြင်ဆင်လျက်ရှိ (နိဂုံး)

by Hla Soewai - Mar 15 2023

အမေရိကန် တို့ အတွက် အသက်ရှု ချောင်နိုင်သည်က စစ်စခန်းများ သည် တရုတ် တို့နှင့် အလှမ်းကွာလေ ဒုံးကျည်များ၊ ဗုံးကြဲလေယာဉ်များ နှင့် တိုက်ခိုက်ခံရမည့် ဘေးမှ လျော့နည်းလေ ဖြစ်သည် ဆိုသော အချက်ပင် ဖြစ်သည်။ ကျုးကျော်သည့် ပထမနေ့မှာပင် ပစ်ခတ် ခံရနိုင်သည့် စာရင်းထဲတွင် တိုင်ပေ၊ အိုကီနာဝါ၊ တိုကျို၊ စင်္ကာပူ နှင့် ဂူအမ် တို့ ထည့်သွင်း တွက်ချက်ထားသည်၊‌ ထိုဒေသများ အတွက် အမေရိကန် လေကြောင်း ကာကွယ်ရေး စနစ်သည် အားပျော့နေပြန်သည်။ ကွန်ကရိ ဖြင့် ဆောက်ထားသော လေယာဉ် သိုလှောင်ရုံများကိုသာ အားကိုးရဖို့ ရှိနေသည်။

 

စစ်ပွဲ နှင့် ပတ်သက်၍ ပြောဆိုသည့် အခါတိုင်း အမေရိကန် အရာရှိများက တရုတ်တို့ တနေ့တခြား အင်အား ကြီးထွားလာနေမှု ကို စိုးရွံလာနေမိသည် ဆိုသော စကားက အမြဲလို ပါလာခဲ့သည်၊ အလွယ်တကူ တိုက်ခိုက်နိုင်သော ပစ်မှတ်များ ရှိသည့်နေရာ တွင် အကျအဆုံး နည်းပါးစေရန် တပ်များကို နေရာဖြန့်၊ အမြဲလို ရွေ့လျားနေစေမည့် distributed lethality ကို ကျင့်သုံးရန် အလေးအနက် စဉ်းစားနေကြသည်။ အမေရိကန်သည် ၎င်းတို့ ကျင့်သုံးနေကြ အတိုင်း တပ်ဖွဲ့များ နှင့် မဟာဗျူဟာ မြောက် လက်နက်များ ကို ခွဲခြားထားပြီး အပြန်အလှန် အားဖြည့်ပေးသွားမည့် စနစ်ကို အားထားသွားမည်ဟု ယုံကြည်ရသည်။

 

တိုက်လေယာဉ်များကို မြေပြင်ရှိ စစ်စခန်းများတွင် မထားတော့ပဲ ဝေဟင်တွင် ဝဲပျံနေစေပြီး ဆင်းသက်၍ ရမည့် နေရာတွေ့ပါက ခဏတဖြုတ် ရပ်နား သွား‌မည် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက အသုံးမပြုတော့သည့် လေယာဉ်ကွင်း များက်ုလည်း ပြန်မွမ်းမံနေကြပြီ ဖြစ်သည်။ ဗုံးဒဏ် ခံခဲ့ရသော လေယာဉ် ပြေးလမ်းများကိုလည်း ၆ နာရီ အတွင်း အပြီးပြင်ဆင်နိုင်ရန်လည်း အင်ဂျင်နီယာများက ရည်ရွယ် ထားပြီး ဖြစ်သည်။

 

လေကြောင်းထိန်းချုပ်ရေး မျှော်စင် နေရာတွင် အသင့် ပြင်ထားပြီး ဖြစ်သော လေယာဉ် သိုလှောင်ရုံ တခု နှင့် ဆက်လက် လုပ်ဆောင်သွားနိုင်ရန် ဒေတာများ ချိတ်ဆက်ထားပြီး ဖြစ်သည်။ ခေါင်းခဲစရာ တခု ရှိနေသည်ကား လောင်စာဆီ နှင့် လက်နက် ခဲယမ်းများကို မည်သို့မည်ပုံ ဖြည့်တင်းပေးရမည် ဆိုသည်ပင် ဖြစ်သည်။

 

အမေရိကန် စစ်ရေယာဉ်များသည် တိုင်ဝမ် အနီးတဝိုက်တွင် တိုက်ခိုက်ခြင်း မပြုပဲ နောက်တန်းတွင် နေပြီး ဂူအမ် နှင့် အခြား အခြေစိုက်စခန်းများကို ကာကွယ် သွားရန်၊ တရုတ် ၏ ကုန်သွယ်ရေလမ်းကြောင်းကို ပိတ်ဆို့သွားနိုင်ရန် အဓိက ထား လုပ်ဆောင်မည်ဟု ပြင်ဆင်ထားပုံ ရှိသည်။ အန္တရာယ် ရှိရာ ဇုံများ အတွင်း ဖြတ်ကနဲ အဝင်အထွက်လုပ်ပြီး တရုတ် စစ်သင်္ဘောများ နှင့် တိုက်လေယာဉ်များကို တိုက်ခိုက်သွားမည် ဖြစ်သည်။

 

မရိမ်းတပ်များကလည်း ဂျပန် နှင့် တိုင်ဝမ်ကြားရှိ ရေလက်ကြား နှင့် ဖိလစ်ပိုင် ကို ထိန်းချုပ်ထားနိုင်မည့် ကျွန်းစုများတွင် နေရာယူထားပြီး ဖြစ်သည်။

 

စစ်အင်အား ဖြည့်တင်းပေးရန်၊ တရုတ်တို့ တပ်အင်အား ဖြန့်ကျက်လာမှု ကို ထောက်လှန်းရန် နှင့် လ အနည်းငယ် အတွင်း ရောက်ရှိလာမည့် ဒုံးကျည် အသစ်များ နှင့် ရန်သူ သင်္ဘောများကို တိုက်ခိုက်သွားမည်လည်း ဖြစ်သည်။

 

ထိန်းချုပ် ကွပ်ကဲရေး ကွန်ယက်များ အားလုံး တရုတ်တို့၏ အီလက်ထရောနစ် နည်းဖြင့် တိုက်ခိုက်လာမှု ကို ခံနိုင်အောင် ပထမဆုံး ပြင်ဆင်ထားဖို့ လိုအပ်လာသည်။ kill web ဟု ခေါ်သည့် ညဏ်ရည်တု AI များဖြင့် တည်ဆောက်ကာကွယ်သွားပြီး၊ ကျွန်းတန်းများ ပေါ်ရှိ မရိမ်းတပ်များ၊ ကိုယ်ပျောက် F-35 တိုက်လေယာဉ်များ၊ ဒရုန်းများ ဖြင့် ကြားဖြတ် သွားမည် ဖြစ်သည်။

 

ဒုတိယ လိုအပ်နေသည်ကား ဝေးလံသော ဒေသများ သို့ လိုအပ်သည်များ အချိန်မီ ပံ့ပိုးပေးနိုင်ရန် လက်ရှိ ထက် ပို၍ ခေတ်မီသော ထောက်ပို့ စနစ်များ ရှိထားရမည် ဖြစ်သည်။ နောက်ဆုံး အချက်က မဟာမိတ် နိုင်ငံများအား တရုတ်၏ ဒေါသ အမျက်ချောင်းချောင်း ထွက်မည့် အရေးကို မမှုပဲ ယခုကတည်းက လိုအပ်သည်များ ပြင်ဆင်ထားရန် ဖျောင်းဖြ နိုင်ရမည် ဖြစ်သည်၊ တကယ်တမ်း ဖြစ်လာမှ ဆိုက အရာရာသည် ရှုပ်ထွေးလာနိုင်ဖွယ် ရှိနေသည်။

 

တရုတ်တို့၏ ကနဦး ထိုးစစ်တွင် ကျူးကျော် ဝင်ရောက်လာမည့် တရုတ်ရေတပ် အုပ်စု တခုလုံး ပင်လယ်ရေအောက် သို့ စုန်းစုန်း မြုပ်သွားအောင် လုပ်နိုင်ဖို့သည် တိုင်ဝမ်အား ကာကွယ်နိုင်ရေး အတွက် သေရေး ရှင်ရေး တမျှ အရေးကြီးသော တာဝန်ကြီး ဖြစ်နေသည်။ ရေငုပ်သင်္ဘောများ နှင့် ဗုံးကြဲလေယာဉ်ကြီးများက ထို တာဝန်အား ယူရမည် ဖြစ်သည်။

 

တရုတ်တို့ဖက်က စစ်သင်္ဘော အရည်အတွက် တွင် သာနေသော်လည်း ပင်လယ်ရေအောက် စစ်ဆင်ရေး တွင် အမေရိကန်က တပမ်းသာလျက် ရှိသည်။ ရေငုပ်သင်္ဘောတိုင်းတွင်လည်း တော်ပီဒိုများ၊ ကရုစ် ဒုံးကျည်များ နှင့် ရေအောက် မိုင်းများ အစုံအလင် ပါရှိသည်။ သို့သော်လည်း ကြာကြာနေ၍ မရ၊ ပစ်ခတ်၍ ကုန်သလောက် ဖြစ်သွားက ဂူအမ်ကဲ့သို့ စိတ်မချရသော နေရာမျိုး သို့ ရက်အတန်ကြာ ခုတ်မောင်းသွားပြီး လိုအပ်သည်များကို ပြန်လည် ‌ဖြည့်တင်းရဦးမည် ဖြစ်သည်။

 

ဟာဝိုင်အီ၊ အလာစကား နှင့် အမေရိကန် ပြည်မ မှ ပျံသန်းလာမည့် တိုက်လေယာဉ်များသည် တရုတ် ဒုံးကျည်များ အလှမ်းမမီသည့် နေရာမျိုးမှ လှမ်းပစ် နိုင်စွမ်း ရှိနေသည်။ အမေရိကန်၏ သင်္ဘောဖျက် ဒုံးကျည်များသည် ရေမိုင် ၂၀၀ နှင့် အထက် သွားနိုင်သည်၊ သို့သော်လည်း သယ်ဆောင်နိုင်သည့် ဒုံးအရေ အတွက် သည် အကန့်အသတ် နှင့် ဖြစ်၍ တပတ် အတွင်း ကုန်သွားနိုင်သည်။ သင်္ဘောများကို မြုပ်ပစ် နိုင်ရန် ထို့ လေယာဉ်များကို တိုင်ဝမ် နှင့် နီးနိုင်သမျှ နေရာများသိူ့ ရွှေ့ထားရဖို့ ရှိနေသည်။ တရုတ်ဖက်တွင်လည်း အလားတူ တာဝေးပစ် ဒုံး များ ကုန်ခမ်းလာဖို့ ရှိနေသည် ဟု ယူဆထားသည်။

 

ကမ္ဘာ‌ပတ် လမ်းကြောင်း၏ အနိမ့်ပိုင်းတွင် လှည့်ပတ် ပျံသန်းနေသည့် ဂြိုလ်တုများကို အပြန်အလှန် ပစ်ချနိုင်ဖို့က အသေအချာ တွက်ချက်လုပ်ရဖို့ ရှိနေသည်။ သို့သော် ပျက်ကျလာနိုင်သည့် အပိုင်းအစ များ ဖြင့် ကိုယ်ကိုကိုယ် ပြန်ထိခိုက်နိုင်သည့် အလားအလာများကြောင့် မလုပ်ပဲ နေကြဖွယ် ရှိသည်ဟုလည်း တွက်ဆနေကြသည်။

 

စစ်ပွဲ၏ အဆင့်တိုင်းသည် နျူကလီယား ဆိုသည့် ဓါးကြီး တဝင့်ဝင့် အောက်တွင် ဆင်နွှဲရဖို့ ရှိနေသည်။ တရုတ်သည် "ပထမဆုံး အသုံးပြုခြင်း" မှ ရှောင်ရှားမည်ဟု ပြောထားပြီး ဖြစ်သော်လည်း ၎င်းတို့၏ နျူကလီယား ထိပ်ဖူး အရည်အတွက်သည် တဖြေးဖြေး နှင့် တိုး ထုတ်လာနေရာ ယခု အခါ ၄၀၀ ပင် ကျော်လာခဲ့ပြီ ဖြစ်သည်။ ၂၀၃၀ ခန့်တွင် ၁,၀၀၀ ခန့်ပင် ရှိလာနိုင်သည်ဟု ပင်တဂွန်က ခန့်မှန်းထားသည်။ (ထိုပမာဏ ကပင် အမေရိကန် နှင့် ရုရှား တို့ထက် နည်းနေပေသေးသည်)

 

ထိုသို့ သုံးရမည့် အဆင့်အထိ ရောက်မလာဟု နှစ်ဖက်စလုံးက လျော့ပေါ့ တွက်ဆထားကြသော်လည်း နိုင်ငံ အတွင်း နယ်နမိတ်ထံ အထိ တိုက်ခိုက်လာခဲ့ကြလျှင်သော်၎င်း၊ စစ်ပွဲက ရှည်ကြာလာလျှင်သော်၎င်း အန္တရာယ် ရှိလာနိုင်သည်။

 

သမာယိုးကျ စစ်ပွဲပင်လျှင် နိုင်သူကော ရှူံးသူပါ ဆိုးဝါးသော အကျိုးဆက်များ ခံစားရဖို့ ရှိနေသည်။

 

အမေရိကန် မဟာဗျုဟာ ‌နှင့် နိုင်ငံတကာ လေ့လာရေး စင်တာမှ အချက်အလက် များ အားလုံ တွက်ချက်ပြီး စစ်ပွဲကို ပုံဖော် တွက်ချက်မှု အရ တိုင်ဝမ်၊ အမေရိကန် နှင့် ဂျပန်တပ်များက စစ်ပွဲစပြီး ဆယ်ရက်ခန့် အကြာတွင် တရုတ်တို့၏ ထောက်ပို့ လမ်းကြောင်းကို ဖြတ်တောက် ပစ်နိုင်ခဲ့မည် ဆိုလျှင် ကျွန်းပေါ်တွင် တရုတ် တပ်သား ၃၀,၀၀၀ ခန့် သောင်တင်နေပေလိမ့်မည်။

 

တိုင်ဝမ်သည်လည်း လက်ရှိ အနေအထား အတိုင်း ဆက်လက် ရပ်တည် သွားနိုင်ခဲ့လျှင်ပင် လျပ်စစ်ဓါတ်အား မှ အစ အခြေခံ အဆောက်အအုံများ ပျက်စီးပြီး ကျန်ခဲ့ပေလိမ့်မည်။ အမေရိကန် နှင့် ဂျပန် သည်လည်း လေယာဉ်တင် သင်္ဘောကြီး နှစ်စီး၊ တိုက်လေယာဉ် ၃၈၂ စီး၊ စစ်သင်္ဘာ ၄၂ စီး၊ တရုတ်ဖက်မှ တိုက်လေယာဉ် ၁၅၅ စီး၊ စစ်သင်္ဘော ၁၃၈ စီး ပျက်စီးသွားနိုင်သည်။

 

စီးပွားရေး တွင်ကား ပြောမပြနိုင်လောက်အောင် ကြီးမားသည့် အဆုံးအရှုံးများ နှင့် ရင်ဆိုင်ရဖို့ ရှိနေသည်။ RAND ကော်ပိုရေးရှင်းကြီး၏ ၂၀၁၆ ခန့်မှန်းချက်အရ စစ်ပွဲသည် တနှစ်မျှ ကြာသည် ဆိုလျှင်ပင် တရုတ်၏ ဂျီဒီပီသည် ၂၅ မှ ၃၅% အထိ ကျဆင်းသွားနိုင်ပြီး အမေရိကန်သည်လည်း ၅ မှ ၁၀% အထိ လျော့ကျသွားမည် ဖြစ်သည်။

 

တိုင်ဝမ်သည် ဆီမီးကွန်ဒပ်တာ များအား တကမ္ဘာလုံး လိုအပ်ချက်၏ ၉၀ ရာနှုန်းကို ထုတ်လုပ်ဖြန့်ဖြူးပေးနေသဖြင့် အီလက်ထရောနစ် ပစ္စည်းများ နေရာ အနှံ့ ပြတ်လပ်သွားမည် ဖြစ်သည်။ တကမ္ဘာလုံး အတိုင်းအတာ နှင့် မည်မျှထိ ဆုံးရှုံးသွားနိုင်မည် ဆိုသည်က "တွက်ချက်၍ မရလောက်သည့်" အခြေအနေမျိုး ဖြစ်သွား နိုင်သည်။

 

ထိုသို့ ‌‌ဆိုးဆိုးဝါးဝါး ဖြစ်လာမည့် အနေအထားများ ကြောင့် တရုတ် နှင့် အမေရိကန် အကြား စစ်ပွဲကြီး ဖြစ်လာနိုင်မည်လောဟု မေးစရာ ဖြစ်လာသည်။

 

တရုတ်အရာရှိများကတော့ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်း နိုင်ရေး ကို ပို၍ လိုလားသည်ဟု ပြောဆိုနေကြသော်လည်း တိုက်ဖို့ အချိန် ဇယား ရှိမရှိ ကိုမူ ပြောဖို့ ငြင်းဆိုခဲ့ကြသည်။ တရုတ်သည် တိုင်ဝမ်အား လုံးဝဥသုံ ကျုးကျော်စရာ မလိုသည့် အခြားနည်းလမ်းများ ရှိနေသည်။ ထိုအထဲတွင် စီးပွားရေး အရ အကျပ်ကိုင်ခြင်း၊ ကျွန်းအား လုံးဝ သို့မဟုတ် တဝက် တပျက် ပိတ်ဆို့လိုက်ခြင်း၊ ကင်မင်း ကဲ့သို့ အနီးအနားရှိ ကျွန်းများကို ဝင်ရောက်သိမ်းပိုက်ခြင်း အစရှိသည်တို့ ပါဝင်သည်။

 

ရှီကျင့်ပင် အဖို့ အချိန်ကို ထပ်စောင့်လျှင် ကောင်းမည်ဟု အတွေးများလည်း ရှိလာနိုင်သည်၊ အချိန်ကြာလေ သူ၏ တပ်များ အင်အားကြီးထွားလာလေ ဖြစ်ယုံမက တဖက်တွင်လည်း အမေရိကန် ကာကွယ်ရေး အသုံးစရိတ်သည် ဂျီဒီပီ အချိုး နှင့် ကြည့်မည်ဆိုလျှင် နှစ်ပေါင်း ၈၀ အတွင်း အနိမ့်ဆုံး ဖြစ်လာနေသည်။

 

သို့သော် တိုင်ဝမ်ဖက်က ပြန်ပေါင်းထုတ်ရန် စကား အရာနှင့်ပင် ဟန်ဆောင်ပန်ဆောင် ပြောမလာတော့လျှင်၊ သို့မဟုတ် လွတ်လပ်ရေး အား တရားဝင် ကျေညာလာလျှင်၊ အမေရိကန် တပ်များ တိုင်ဝမ် တွင် ဖြန့်ကျက်ချလာခဲ့လျှင် အစရှိသည်တို့ ဖြစ်လာက မဖြစ်မနေ တိုက်ရန် ဖိအားပေးခံရဖို့ ရှိလာသည်။

 

ယူကရိန် တွင် တနှစ်ကျော်လာသည့်အထိ ဖြစ်ပွားနေသော စစ်ကို ကြည့်မည်ဆိုလျှင် ထင်ရာစိုင်း လုပ်တတ်သည့် အာဏာရှင် များ၏ အတွက်အချက် မှားမှု များကို မေ့ထား၍ မဖြစ်ပြန်ပေ။

 

အမေရိကန် နှင့် အာရှရှိ မဟာဗျုဟာ လေ့လာရေး သမားများကတော့ အကယ်၍ တိုင်ဝမ်ကို တရုတ်လက်သို့ ထိုးအပ်လိုက်ရပါက အာရှသည် တရုတ်တို့ ကြိုးဆွဲရာ ကရမည့် နိုင်ငံရေး ဇာတ်ခုံကြီးတွင် အသုံးတော် ခံကြရတော့မည်ဟု ယူဆထားပြီး ဖြစ်သည်။ ဂျပန် နှင့် တောင်ကိုရီယားတို့သည်လည်း နျူလက်နက်များ မဖြစ်မနေ ထုတ်လုပ်လာရပေတော့မည်။ ထို့ပြင် တရုတ်သည် တိုင်ဝမ် နှင့် တင်းတိမ်နေမည် မဟုတ်တော့ပဲ အင်အားကို ရှေ့လျောက် ဆန့်ထုတ်လာဖို့သာ ရှိသည်။

 

လောလောဆယ် တွင် ယူကရိန်း တွင် ပူတင်၏ အရေးနိမ့်နေမှု များကို ကြည့်၍ ရှီကျင့်ပင်သည်လည်း တိုင်ဝမ် အရေး အောင်မြင်ပါ့မလားဟု အတွေးဝင်လာနိုင်သည် ဆိုကာ အမေရိကန်သည် စိတ်ဖြေ တွေးနေသည်။ ထိုအတိုင်း ယူဆထားယုံ နှင့် မဖြစ်တော့ပဲ ရှီကျင့်ပင် လက်တွန့်သည်ထက် တွန့်သွားအောင် မိမိသာမက မဟာမိတ်များ နှင့် တိုင်ဝမ်၏ စစ်အင်အား အခင်းအကျင်းကို တောင့်တင်းသည်ထက် တောင့်တင်းအောင် ပြုလုပ်ထားမှ ဖြစ်ပေတော့မည်။

 

အလွန့်အကျွံ မလုပ်မိအောင်လည်း သတိထားရပေမည်၊ သို့မဟုတ်က ရှီကျင့်ပင် သည် အခု နေ မတိုက်က နောက် ဘယ်တော့မှ တိုက်၍ မရတော့ဟူသော အတွေးဝင်သွားမည်ကိုလည်း သတိထား ရဦးမည် ဖြစ်သည်။