မနက် လေးနာရီ ခွဲလောက်တွင် လူ ရာပေါင်းများစွာသည် ဆိုးလ်မြို့ ရှိ နမ်ဂူရို ဘူတာရုံ အပြင်ဖက် လမ်းပေါ် စုပြုံရောက်ရှိနေကြပြီ ဖြစ်သည်၊ သူတို့သည် ရထားစီးရန် ရောက်လာကြသူများတော့မဟုတ်၊ မနက်စောစောစီးစီး ဖွင့်သော ကာဖီ ဆိုင်များ တွင် စားသောက်ကြဖို့လည်း မဟုတ်၊ အားလုံးသည် တရက်စာ လုပ်ခလေး ရရှိရန် အတွက် မိမိတို့ လုပ်အားနှင့် အလဲအလှယ် ပြုလုပ်ရန် ရောက်လာကြခြင်းသာ ဖြစ်သည်၊ ဆောက်လုပ်နေသော အဆောက်အဦးများ အတွက် လူလိုနေပါက လာရောက် ခေါ်ယူတတ်သူ ကို စောင့်နေကြခြင်းသာ ဖြစ်သည်။ စောင့်နေရင်း ဆေးလိပ်ဖွာသူဖွာ၊ ဆောင့်ကြောင့်ထိုင်နေသူ ထိုင်နေ၊ အချို့ကလည်း ချောင်းတဟွတ်ဟွတ် နှင် စကားကို အမျှင်မပြတ် ပြောနေကြပြန်သည်၊ သူတို့ ပြောသည်များကို ဂရုတစိုက် နားထောင်ကြည့်မည်ဆိုက ကိုရီယားလို ပြောဆိုနေခြင်း မဟုတ်ပဲ၊ အများစုက မင်ဒါရင် လို ပြောနေကြသည်ကို ကြားကြရမည် ဖြစ်သည်။
တောင်ကိုရီယားသည် တခါက လုပ်အား ကို ပြည်ပသို့ တင်ပို့သည့် နိုင်ငံ ဖြစ်ခဲ့ဘူးပေသည်၊ ၁၉၇၀ ကျော်နှစ်များ အတွင်း တောင်ကိုရီယား အလုပ်သမားများသည် ဆော်ဒီ အာရေဗီယား ရှိ လမ်းလုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ကြဖူးသည်၊ သို့သော် ယခုအခါ နမ်ဂူရို တွင် စုရုံးနေကြသော တရုတ်လူမျိုးများ အပါအဝင် ရွှေ့ပြောင်း ဝင်ရောက်လာသူများသည်သာ တောင်ကိုရီယား ရှိ အလုပ်သမား အင်အား တွင် ကြီးမားသော အစိတ်အပိုင်း အဖြစ် ပါဝင်လာနေကြပြီ ဖြစ်သည်။
သို့အတွက် ကျားများတွင် အလုပ်အကိုင်များ အတွက် စိုးရိမ်ကြောင့်ကြ ဖြစ်ရန် မလိုပဲ အလုပ်လက်မဲ့နှုန်းသည် လေးနိုင်ငံ စလုံးတွင် ၄% အောက်တွင်သာ ရှိနေကြသည်။ သူတို့ ရေရှည် အတွက် စိုးရိမ်စရာ ဖြစ်လာရသည်က အလုပ်အကိုင်များ ပြတ်လတ်သွားမည့် အရေး မဟုတ်ပဲ အလုပ်လုပ်ကိုင်နိုင်သည့် လူငယ်လူရွယ်များ အလုံအလောက် ရှိမလာမည့် အရေးသာ ဖြစ်သည်။ အစဉ်အလာအရ သတ်မှတ်ထားသော အလုပ်လုပ်ကိုင်နိုင်သည့် လူ (အသက် ၁၅ - ၆၄) အရည်အတွက်သည် ကျားလေးကောင် စလုံးတွင် လျော့နည်းကျဆင်းလာနေပြီ ဖြစ်သည်။ ၂၀၄၀ အရောက်တွင် အသက် ၁၅-၆၄ အတွင်း မဆိုသလောက်သာ ရှိကြတော့မည် ဖြစ်သည်။ သို့သော် သက်ကြီးရွယ်အို များ အရည်အတွက်သည် လက်ရှိ ဂျပန် မှာ ရှိသည်ထက်ပင် များပြားနေသည်။ လာမည့် နှစ် နှစ်ဆယ် သက်တမ်း အတွင်း ကျားများသည် ဂျပန် နှစ်သုံးဆယ် မှ ရှိလာမည့် အရည်အတွက် ထက် များပြားသည့် ဦးရေကို ပိုင်ဆိုင်လာကြတော့မည် ဖြစ်သည်။
ကျား များရှိ ကလေးမွေးဖွားမှုနှုန်းသည် ကမ္ဘာတဝှမ်း နိုင်ငံများထဲတွင် အောက်ဆုံး ဆယ်နိုင်ငံတွင် ရှိနေသည်၊ မိဘများ လက်ထက်က မိသားစု အရွယ်အစား၏ ၅၅% ရှိသည်အထိ နိမ့်ဆင်းလာနေမည်ဟု ခန့်မှန်းထားကြသည်။ အစိုးရများက ထိုသို့ ဖြစ်လာနိုင်သည့် အလားအလာများကို ပြောင်းပြစ်ရန် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှု မရ ဖြစ်နေသည်။ အချို့အစိုးရများက အောင်သွယ်ပေးသည့် အလုပ်ကိုပင် လုပ်ကိုင်ပေးလာသည့် အထိ ဖြစ်သည်။ စင်္ကာပူရှိ လူမှု ဖွံ့ဖြိုးရေး ကွန်ယက်ကြီးသည် ညစာစားပွဲများ၊ ရုပ်ရှင်ပွဲများ နှင့် ကျား၊ စစ်တုရင်ကဲ့သို့သော ဘုတ် ဂိမ်း များ အစရှိသည်တို့ကို စီစဉ်ပေးခဲ့သည်၊ အဆိုပါ ကွန်ယက် မှ လက်မှတ် ထုတ်ပေးခြင်း ခံထားရသည့် အေဂျင်စီများမှ ဘဝလက်တွဲဖေါ် ကို ကူညီ ရှာဖွေပေးမည်လည်း ဖြစ်သည်၊ တိုင်ဝမ်တွင် အစိုးရမှ speed-dating လို၊ စက်ဘီး စီး ခရီး လှည့်လည် ပွဲ အစရှိသည့် ပွဲပေါင်းစုံ စီစဉ်ပေးခဲ့ပြန်သည်၊ သို့သော် ထိုသို့သော ပွဲမျိုးက လုံးဝ သုံးစားမရဟု အစိုးရ အထက်တန်း အရာရှိ အမျိုးသမီးတဦးက ခပ်ပြတ်ပြတ်ပဲ မှတ်ချက်ချခဲ့ပြန်သည်။
တခုသော အကြောင်းကား ကျားတို့ ၏ အလုပ်ခိုင်းစေတတ်သည့် သဘောသဘာဝကြောင့် ဖြစ်သည်ဟု ဆိုသည်။ လူများကို အလုပ်ထဲမှာသာ သော့ပိတ် လှောင်ခတ်ထားပုံမျိုး နဲ့ ခိုင်းစေမှ ဖြစ်မယ် ဆိုတဲ့ နိုင်ငံတွေမှာ ကလေးမွေးဖွားနှုန်းက နိမ့်ဆင်းနေမှာပဲ ဟု တိုင်ပေရှိ ဂျွိက်စ် ယန်း ဆိုသူ အမျိုးသမီးက ပြောပြသည်၊ သူမဆိုက လူအများနှင့် ဆက်ဆံရာတွင် တာဝန်ယူထားရသည့် အလုပ်အတွက် နေ့ပေါင်းများစွာ ညသန်းကောင်လောက်မှ အိမ်ပြန်နိုင်ခဲ့သည်ဟု ဆိုသည်။ တောင်ကိုရီယားတွင် သမ္မတ မွန်ဂျေးအင် သည် တပါတ်လျင် ၅၂ နာရီသာ အများဆုံး လုပ်ကိုင်ရမည်ဟု သတ်မှတ်လာခဲ့သည်၊ (သို့သော် ချွင်းခြက်များစွာ ရှိနေဆဲ ဖြစ်သည်)၊ မစ္စက် ယန်း သည် ဩစတေးသျှ သို့ပင် ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ပြီး သူမ၏ ဖေ့စ်ဘုတ် ဖေါ်လိုဝါး သုံးသောင်းကျော်အားလည်း အလုပ်မှ အလုပ်ဆိုသည့် စိတ်မျိုးမထားရန် တိုက်တွန်းခဲ့ပြီး တိုင်ဝမ်သည် မိမိဘဝအတွက် အချိန်ပေးနိုင်သည့် နိုင်ငံမျိုး မဟုတ်ဟု ပင် ပြောဆို ခဲ့ပြန်သည်။
အချိန်သည် မိသားစုဘဝတခု တည်ဆောက်ရန် အဟန့်အတား ဖြစ်လာခဲ့သလို နောက်တခုက လူနေမှု စရိတ်ပင် ဖြစ်သည်။ မျိုးဆက်သစ်တခုပြီး တခု အင်တိုက် အားတိုက် ကြိုးစားလုပ်ဆောင်လာခဲ့ကြသဖြင့် မှီတင်းနေထိုင်ရာ လူ့ဘောင် အဖွဲ့အစည်း တခုလုံး အကျိုးရှိလာခဲ့ရသော်လည်း ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးသည် မိခင်များ၏ ပုခုံးပေါ် လုံးလုံးလျားလျား ကျရောက်လာခဲ့သည်၊ မိခင်များက အသက်အရွယ် အိုမင်းမစွမ်း ဖြစ်လာနေသော မိဘများကို ပြုစုစောင့်ရှောက်ရသလို ကလေးသူငယ်များကိုလည်း ကျွေးမွေးသုတ်သင် ပျိုးထောင်ပေးရမည့် တာဝန်ရှိလာခဲ့သည်၊ ဤနေရာတွင် ခင်ပွန်းဖြစ်သူထံမှ အကူအညီက မဆိုသလောက်သာ ရခဲ့သည်။ (တောင်ကိုရီယားတွင် အိမ်မှုကိစ္စများ ၏ ငါးပုံတပုံခန့်လောက်သာ အမျိုးသားများက အကူအညီ ပေးတတ်ကြသည်)၊ ထိုအရေးတွင် ခင်ပွန်းများသာမက အစိုးရ၏ အကူအညီကိုလည်း လုံလုံလောက်လောက် မရခဲ့ကြ၊ ထို့အတွက် အမျိုးသမီးများက တတ်နိုင်သမျှ နောက်ကျမှ အိမ်ထောင်ပြုရန် ရွေးချယ်လာတတ်ကြပြီး ကလေးကိုလည်း ဖြစ်နိုင်လျင် တယောက်လောက်သာ ယူလိုကြသည်။
ကလေး ရလာပြီး အကြီးမားဆုံး ကြုံတွေ့လာရသည့် အခက်အခဲကား ကျားများ အဓိက ဂုဏ်ယူ ကြွားဝါနေကြသည့် ပညာရေးပင် ဖြစ်သည်။ ကျားများက သင့်တင့်လျောက်ပတ်သော အစိုးရ ပညာရေး စနစ်တခု ဖန်တီးပေးထားခဲ့သော မိဘများက ငွေကြေးအကုန်အကျ များမည့် ပုဂ္ဂလိက ကျောင်းများတွင် ထားနိုင်ရေး၊ အိမ်တွင် ဆရာခေါ်သင်ရေး အစရှိသည် တို့သည် မိမိတို့ တာဝန်ဖြစ်သည်ဟု ခံယူလာခဲ့ကြသည်။ သို့သော် ၎င်းတို့ အဓိက ရည်ရွယ်သည်က အကောင်းဆုံး တက္ကသိုလ်များသို့ ဝင်ရောက်နိုင်ရေး အတွက်ပင် ဖြစ်သည်။ ပညာရေး သည်ကား မိဘများအကြား တဦးနှင့်တဦး အချိန်နှင့် ငွေအား ကို အပြိုင်အဆိုင် ထုတ်သုံးလာကြသည့် လက်နက်ယှဉ်ပြိုင်ပွဲကြီးလို ဖြစ်လာနေရသည်။
တောင်ကိုရီယားတွင် ပညာရေးတွင် လက်နက်များ ဖျက်သိမ်းကြရန် အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းသွားမည်ဟု သမ္မတ မွန်း က ကတိပေးလာခဲ့သည်။ တက္ကသိုလ်များကို ကွန်ယက်ကြီး တခုအဖြစ်ရောက်အောင် ပေါင်းစပ်ပေးရန်နှင့် စာသင်ကျောင်းများ၏ ထက်အောင်စဉ် ထားရှိမှုကို ဖျက်သိမ်းရန် နှင့် အလုပ်ရှင်များအားလည်း ကျောင်းအောင်လက်မှတ်ပါ ပညာရည်ထူးချွန်မှု ကို ကြည့်၍ အလုပ်ခန့်ထားမှု များ မလုပ်ရန် တိုက်တွန်းသွားမည်ဟု မွန်း က ပြောလာခဲ့သည်။ အချို့သော အချက်များက အလုပ်မဖြစ်နိုင်ပေ၊ သမ္မတ အား ဝေဖန်သူများက ‘အရည်အသွေးအလျောက် မြှောက်စားမှု အပေါ် စစ်ပွဲဆင်နွဲ လာခြင်းဟု ပြောဆိုခဲ့ကြသည်။ သို့သော် ချီးမြှောက်ထိုက်သည့် အရည်အချင်း နှင့် ထိုသို့ဖြစ်လာရန် အချိန်ကုန်ခံ ကြိုးပမ်းလာမှု ဆိုသည်တို့ကို ခွဲခွဲခြားခြား ရှု့မြင်တတ်ရန် လိုပေသည်။ ထိုသို့ မရမကုတ် ကြိုးပမ်းလာပါက ထိခိုက်ပျက်စီးနိုင်ပေသည်။ ကျားမိခင်များ က ကျားပေါက်များကို ထိခိုက်လာမည့် အရေးကို အရဲစွန့် လုပ်သလို ဖြစ်လာနေသည်။
၎င်းတို့အတွက် ထိုသို့သော ဝန်ထုပ် ဝန်ပိုးကြီးနှင့် ရင်ဆိုင်လာရသည့် အတွက် အချို့သော မိဘများက ကလေးများ၏ ပညာအရည်အချင်းကို အတုလုပ်ရန် ကြိုးပမ်းလာခဲ့ကြပြန်သည်၊ ၂၀၀၉ ခုနှစ်အတွင်း ထွက်ရှိခဲ့သော မျိုးရိုးဗီဇဆိုင်ရာ ရောဂါတခု၏ ရှေ့ပြေးနမိတ် ပညာရေး စာတမ်းအား ပူးတွဲ ပြုစုသူသည် မွန်း အစိုးရ အဖွဲ့ဝင် တရားရေး ဝန်ကြီး ချို ကွပ်၏ သမီး ဖြစ်နေသည်။ အဆန်းတကြယ် ဖြစ်လာရသည်က ထိုအချိန်တွင် သူမသည် ကျောင်းသူဘဝတွင်သာ ရှိနေသေးသည့် အဖြစ်ပင်၊ ထို့အတွက် ချိုကွပ် လည်း အရှက်တကွဲ အကျိုးနည်း နှင့် ရာထူးမှ နှုတ်ထွက်ခိုင်းသည့် အထိ ဖြစ်လာခဲ့ရသည်။
ကျားများအဖို့ လက်ရှိ ၎င်းတို့အတွက် အကျိုးမရှိ ဖြစ်လာနေသည့် လူဦးရေ တွင် အသက်အရွယ် အချိုးအစား မညီမျှ မှု ဖြစ်နေမှုများကို ပြန်လည် တည်မတ်ပေးနိုင်ရန်မှာ ပိုမို ရှည်ကြာစွာ လုပ်ကိုင်သွားနိုင်ရန် အတွက် အလုပ်လုပ်နိုင်သည့် ရက်များကို တိုတောင်းအောင် လုပ်ပေးရန်သာရှိသည်။ စင်္ကာပူရှိ နီယို ကွီး လင်း ဆိုသူသည် အသက် ၆၀ နားသို့ ချည်းကပ်လာချိန်တွင် သူ၏ အသေးစား လုပ်ငန်းရှင်ဘဝကို စွန့်လွှတ်လိုက်ပြီး သက်ကြီးရွယ်အိုများ လှုပ်လှုပ်ရှားရှား လုပ်နိုင်ရန် ဖန်တီးပေးထားသည့် Loving Heart စင်တာတွင် အချိန်ဖြုန်းလာခဲ့သည်။ ဤသည်က အလုပ်မှ အနားယူသွားချင်းမျိုး မဟုတ်ပဲ မန်နေဂျာ အဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းသာ ဖြစ်သည်၊ သို့သော် သူလုပ်ရသည့် အလုပ်က သက်တောင့်သက်သာ မဟုတ်၊ နေ့စဉ်လို လူ တရာခန့်လာရောက်နေကြသဖြင့် အားလုံး အဆင်ပြေအောင် လုပ်ပေးရသည့် အလုပ်မျိုး ဖြစ်သည်၊
ထို့အတွက် နီယို သည့် သူ၏ စီမံခန့်ခွဲရေး ကျွမ်းကျင်မှုကို အဆင့်မြင့်လာအောင် ပြုလုပ်ခဲ့ရပြီး Excel, data analysis အစရှိသည်တို့ကို လေ့လာသင်ယူခဲ့ရသည်၊ သူ့မျက်စိ အမြင်အာရုံကို အပြင်းအထန် စိမ်ခေါ်လာသည့် အလုပ်မျိုးဟု ပြောပြခဲ့သည်၊ စမတ်ဖုန်းကို အသုံးပြု၍ နှီးနှောဖလှယ်ပွဲများ ပြုလုပ်ရပြန်သည်၊ ဘဝတသက်တာ လေ့လာဆည်းပူးနိုင်ရန် အစိုးရ ၏ ပရိုဂရမ်တခု ဖြစ်သော SkillsFuture က သူ့အား လေ့ကျင့်သင်ကြားပေးခဲ့ခြင်းလည်း ဖြစ်သည်။
ကျားများ အဖို့က ဘဝတသက်တာ ဆိုသည်က တကယ်တမ်းတွင် အတော်ရှည်ကြာလာနေရသည်၊ ကလေးမွေးဖွားမှုနှုန်း အနည်းဆုံး ဖြစ်သော်လည်း အသက်ရှည်ကြာစွာ နေထိုင်နိုင်မှု နှုန်းတွင် အချို့သော ကျားများက ကမ္ဘာတွင် အမြင့်ဆုံး ဖြစ်နေကြပြန်သည်၊ အသက် ၆၀ အရွယ်ရှိသူပင် နောက်ထပ် ၂၅ နှစ်ခန့် သို့မဟုတ် ဒီထက် အသက်ရှည်စွာ နေနိုင်ရန် မျှော်လင့်၍ ရနေသည်၊ သူ့အတွက် Excel နှင့် ယူကူလီလို ကြိုးလေးချောင်းတပ် ဂီတာ တီးနည်းကိုပါ သင်ယူနိုင်ရန် လုံလောက်သည့် အချိန်လည်း ဖြစ်သည်။
ကျားများ နောက်ထပ်ဖြေရှင်းရမည့် ပြဿနာတခုက အသက်အရွယ်ကြီးရင့်သူ များပြားလာသည့် အရေးပင် ဖြစ်သည်၊ ထိုအရေး အား ရွှေ့ပြောင်းဝင်ရောက်လာသူများ ကို ပိုမိုလက်ခံသည့်နည်းဖြင့် ဖြေရှင်းနိုင်သည်၊ နိုင်ငံခြား အလုပ်သမားဦးရေသည် တိုင်ဝမ်ရှိ အလုပ်သမား စုစုပေါင်း၏ ၆% ရှိပြီး တောင်ကိုရီယားတွင် ၃.၃% ရှိနေသည်၊ အနောက်နိုင်ငံ များနှင့် နှိုင်းယှဉ်က နည်းပါးနေသော်လည်း ဂျပန်ထက် တော့ မြင့်မားနေသည်၊ ဂျပန်တွင် ၂% သာ ရှိပေသည်။ နောက်ထပ် ကျားနှစ်ကောင် ဖြစ်သော ဟောင်ကောင် နှင့် စင်္ကာပူတွင် ပို၍ သိသာ ထူးခြားနေသည်။ ဟောင်ကောင် လူဦးရေ၏ ၃၉% သည် အခြားနေရာများတွင် မွေးဖွားခဲ့ကြသူများ ဖြစ်ပြီး ထိုအထဲတွင် တရုတ်ပြည်မှ ရောက်လာသူ ၂.၂ သန်း လည်း ပါဝင်ခဲ့သည်၊ နိုင်ငံခြားတွင် မွေးဖွားလာသူများက တရားရုံးများ၊ အာဏာပိုင် အဖွဲ့အစည်းများ နှင့် ရဲအဖွဲ့တိုတွင် ရာထူးကြီးကြီးမားမား နေရာများတွင် လုပ်ကိုင်နေကြသူများ ဖြစ်လာခဲ့သည်၊ ဖီလစ်ပိုင် နှင့် အင်ဒိုနီရှားမှ လာသော အရည်အတွက် အားဖြင့် ၃၈၀,၀၀၀ ခန့်ရှိသော အိမ်ဖေါ် များနှင့် ကလေးထိန်းများကို အားကိုးနေကြရပြန်သည်၊ ထိုပမာဏ က ဟောင်ကောင် အလုပ်သမား ဦးရေ၏ ၈% ခန့် ရှိပေသည်။
စင်္ကာပူတွင် နိုင်ငံခြား အလုပ်သမား ၁.၄ သန်း ရှိနေသည်။ ယင်းသည် စုစုပေါင်း အလုပ်သမား ဦးရေ ၏ သုံးပုံတပုံ ကျော်ပင် ရှိနေသည်၊ ထိုအလုပ်သမားများသည် စင်္ကာပူနိုင်ငံသားများ မလုပ်ချင်ကြသော ကျွမ်းကျင်မှု မလိုသည့် အလုပ်မျိုးများ ကို လုပ်ရန် လိုအပ်နေသည်ဟု အစိုးရက ယုံကြည်ထားသည်။ ၂၀၁၃ ခုနှစ်အတွင်း ထုတ်ပြန်ထားသော စက္ကူဖြူ စာတမ်းထဲတွင် နိုင်ငံ လူဦးရေသည် လက်ရှိ ၅.၇ သန်းမှ ၂၀၃၀ တွင် ၆.၉ သန်း ခန့် ရှိလာလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။ အဆိုပါ ခန့်မှန်းချက်ကြောင့် ၎င်းတို့ မြို့တော်ကြီး၏ အခြေခံ အဆောက်အအုံများ နှင့် အစိုးရ ဝန်ဆောင်မှု လုပ်ငန်းများ ဝန်ထုပ်ဝန်ပိုးများ ပိလာမည့် အရေးကို နိုင်ငံသားများ စိုးရိမ်ပူပန်လာခဲ့ရသည်၊ ရှားပါးသည့် ဖြစ်စဉ်တရပ်အဖြစ် “စင်္ကာပူသည် စင်္ကာပူ နိုင်ငံသားများ အတွက်သာ” ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ထောင်ချီရှိသော လူများ ဆန္ဒပြလာခဲ့ကြသည်။
အခြားနေရာများတွင် ပိုလျံနေသော အလုပ်သမားများကို အခွင့်အရေး တရပ် အဖြစ် အသုံးချနိုင်ယုံသာမက ကျားများသည် ၎င်းတို့တွင် ရှိသော ပိုလျံသည့် ငွေများကို ပြည်ပသို့တင်ပို့နိုင်စွမ်း ရှိနေသည်၊ ပြည်ပသို့ ငွေချေးငှားခြင်း နှင့် ရင်းနှီ့မြုပ်နှံခြင်းများဖြင့် နိုင်ငံခြားသားများ ၏ လုပ်အားမှ ထွက်ပေါ်လာသည့် အကျိုးအမြတ်များကို အသုံးချနိုင်ကြသည်၊ ဟောင်ကောင်တွင် အဆိုပါ ပြည်ပအလုပ်သမားများကြောင့် နှစ်စဉ် စုဆောင်းမိလာသည့် ဝင်ငွေသည့် လူတဦးလျင် ဒေါ်လာ ၂,၅၀၀ ခန့် ရှိနေသည်။
ကျားများသည် ကမ္ဘာတဝှမ်းသို့ ကုန်ပစ္စည်းများ ကို ပြည်တွင်းသို့ တင်သွင်းခဲ့သည့်ထက် ပိုမိုများပြားစွာ တင်ပို့ ရောင်းချလာနိုင်ခဲ့အောင် ရင်းနှီးမြုပ်နှံမှုများမှ အမြတ်အစွန်းများ စုဆောင်းလာနိုင်ခဲ့ကြသည်။ စင်္ကာပူရှိ စာရင်းရှင် ငွေစာရင်းတွင် လွန်ခဲ့သော နှစ်က ပိုလျံငွေသည် ဂျီဒီပီ၏ ၁၈% ပင် ရှိခဲ့သည်။ အဆိုပါ ကုန်သွယ်ရေး မညီမျှမှုများကို ယခုထိ အမေရိကန်တွင် စီစစ်ခြင်း ရှုတ်ချခြင်းများ မပြုလုပ်ခဲ့ကြသေးပေ။ သို့သော် ထိုအနေအထားက ပြောင်းလဲသွားနိုင်ပေသည်၊ ကျားလေးကောင်၏ စီးပွားရေး အား ကမ္ဘာကြီးမှ အနီးကပ် စောင့်ကြည့်ထိုက်သည်က အမှန်ပင် ဖြစ်သည်။