ဂျီနိုဆိုက် မှ သည် ဒီမိုဆိုက် ဆီသို့

by Hla Soewai - Mar 15 2023

ယမန်နေ့က ဝေဖန် ပြစ်တင်မှု များစွာ နှင့် ပြီးဆုံးသွားသော ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ၏ မြန်မာ အရေး ကြားနားပွဲ သည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

 

သို့သော် မြန်မာ ပြည် အခြေအနေသည် ၎င်းတို့ ယူဆထားသလို နိုင်ငံ‌ရေး အကျပ်အတည်း ကြီး မဟုတ်တော့ပဲ တိုင်းပြည်အာဏာ သိမ်းပိုက်ထားသော စစ်တပ် မှ ၎င်းတို့ အာဏာ တည်မြဲရေး အတွက် လူထုကို နေ့စဉ် နှင့် အမျှ ကြုံလျှင် ကြုံသလို သတ်ဖြတ် နေသည့် ဒီမိုဆိုက် democide ကျုးလွန်နေကြပြီ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း က ဧရာဝတီ နှင့် တွေ့ဆုံ မေးမြန်းခန်း တွင် ပြောဆိုသွားသည်။

 

ဂျီနိုဆိုက် ဆိုသည်က လူမျိုးနွယ် စု တခုလုံး ပ ပျောက် သွားစေရန် စနစ်တကျ ဖြင့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ဆိုလိုသော်လည်း ဒီမိုဆိုက် ဆိုသည်က အစိုးရ ဟု ဆိုသော အဖွဲ့အစည်းမှ ၎င်းတို့ ကာကွယ်ပေးရန် တာဝန်ရှိသူများကို ထင်သလို သတ်ဖြတ်နေခြင်း Murder of people by a government which has power over them ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

 

ထိုစကားလုံးအား အမေရိကန် နိုင်ငံရေး သိပ္ပံပညာရှင်ကြီး အာ ဂျေ ရွမ်းမဲ မှ စတင် တီထွင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အစိုးရ အဖွဲ့ မှ နိုင်ငံသားများ အပေါ် ဂျီနိုဆိုက် ကျုးလွန်ခြင်း၊ နိုင်ငံရေး အရ နာလံ မထူနိုင်အောင် နှိပ်ကွပ်ထားခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများ အကျုံးဝင်နေသည်၊ ထိုမျှ မကသေး တရားဥပဒေပြင်ပ ကွပ်မျက်ခြင်း၊ အတင်းအကျပ် လုပ်အား ပေး ခိုင်းစေခြင်း၊ အတင်းအကျပ် နေရာ ရွှေ့ပြောင်းပေးခြင်း၊ အစားအသောက်၊ ခိုလှုံရာ နှင့် ဆေးဝါးကုသ ခွင့် များ ကန့်သတ် ပိတ်ပင်ခြင်းများ၊ နိုင်ငံသားများ အပေါ် ကိုယ်ကာယ အားဖြင့်၎င်း၊ စိတ်ပိုင်းဆိုင်ရာ အရ ပါ နှိပ်စက်ခြင်းများလည်း ပါဝင်သည်။

 

ထိုသို့ ဒီမိုဆိုက် လုပ်ခံရသော နိုင်ငံရှိ လူထု အတွက် စိတ်ပိုင်းဆိုင်ရာ အရ ဆိုးရွားသော အကျိုးဆက်များ ခံစားကြရပြီး နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး နှင့် နိုင်ငံရေး ဖွဲ့စည်း တည်ဆောက်ပုံများ အစိတ်စိတ် အမွှာမွှာ ပြိုလဲ ပျက်စီးသွားခဲ့ရသည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

 

ထို့အတွက် လက်ရှိ အကြမ်းဖက် စစ်တပ်၏ စနစ်တကျ နှင့် စစ်ဆင်ရေး ကြီး သဖွယ် ကျုးလွန်နေမှုများကို ဝန်ကြီး ဦးအောင်မျိုးမင်းက ဒီမိုဆိုက် နှင့် နှိုင်းယှဉ် ပြောဆိုသွားခြင်းမှာ လွန်စွာမှ မှန်ကန်လွန်းနေပေသည်။

 

ထိုသို့ လူထု အပေါ် ကျုးလွန်နေကြခြင်းများသည် မင်းအောင်လှိုင် အား ကာကွယ်ပေးရန်ပင် မဟုတ်တော့ပဲ အလယ်အလတ် အဆင့် စစ်အရာရှိ များက ၎င်းတို့ အကျိုးစီးပွားအတွက် မြိန်ရည်ရှက်ရည် ကျုးလွန်နေကြခြင်း ဖြစ်သည်။ ဆိုလိုသည်က စစ်တပ်မှ တိုင်းပြည်ကို အုပ်ချုပ်ပြီး အခွင့်ထူးခံ ‌နေရသည့် အနေအထား မျိုး ဆုံးရှုံးသွားမည် ဆိုက ဗိုလ်မှုး၊ ဗိုလ်ကလေး များသည် တလ လျှင် လေး ငါးသိန်း သာ ရတော့မည့် လစာ ကလေး ဖြင့် စစ်တန်းလျှားထဲတွင် ညိုးငယ်စွာ နေကြရတော့မည်၊ ၎င်းတို့ ၏ အဆင့်သည်လည်း ကျောင်းဆရာ တဦး ၏ ဘဝ နှင့် မခြားတော့ဟု ယူဆလာကြပြီ ဖြစ်သည်။ ထိုအဖြစ်မျိုး အရောက်ခံ၍ မဖြစ်၊ ထို့အတွက် မင်းအောင်လှိုင် ကို အကာအကွယ် ပေးနေခြင်းဟု မယူဆတော့ပဲ မိမိတို့ အကျိုးကို ကာကွယ်ရခြင်းဟု ပြောင်းလဲခံယူလာကြသည်။

 

၎င်းတို့ အရေးနိမ့်မှု များ နှင့် ကြုံလာရလေလေ၊ ဆောက်တည်ရာ မရ ဖြစ်လာလေလေ ပင် ဖြစ်သည်။ သားစဉ်မြေးဆက် အပေါ်စီး၊ အထက်စီးမှ နေလာရသည့် ဘဝမျိုးကို အဆုံးရှုံး မခံရစေရန် လူစိတ်ပျောက်လာသည့် အထိ အကျောက်အကန် ရုန်းကန်နေကြခြင်း သာ ဖြစ်သည်။

 

ထိုသို့ ယူဆလာခြင်းသည် မှန်ကန်မှု ရှိသယောင်ယောင် စစ်တပ်မှ နဂိုကတည်းက ၎င်းတို့အား အခွင့်ထူးခံ လူတန်းစား များ အဖြစ် ထင်မြင်လာအောင် အကွက်ချ စီမံပေးထားသည်၊ အခွင့် အရေး များ ပေးပြီး အကာအကွယ် ပေးထားခဲ့သည်။

 

ဗိုလ်နေဝင်း သည် ပုဂ္ဂလိက လုပ်ငန်းများ ကို ပြည်သူပိုင် သိမ်းပြီး စစ်ဗိုလ်များကို စီမံ ခန့်ခွဲ အုပ်ချုပ် ခိုင်းခြင်း ဖြင့် စစ်ဝါဒ သည် အမြစ်တွယ်လာခဲ့ရခြင်းလည်း ဖြစ်သည်။

 

သို့သော် ထိုကဲ့သို့ ရက်စက် ကြမ်းကြုပ်စွာ သတ်ဖြတ် နိုင်ခွင့်သည်လည်း မည်သို့မျှ ရေရှည် လုပ်သွား၍ ရသည့် ကိစ္စမျိုး မဟုတ်၊ ထိုကဲ့သို့ ပြစ်မှု ကျူးလွန်သူများသည် တရားဥပဒေ ၏ အဆုံးအမ ကို ခံကြရမည် သာ ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် လက်ရှိ ပြည်သူ့တော်လှန်‌ရေး အပေါ် မည်သို့မျှ အောင်မြင်အောင် နှိမ်နှင်း နိုင်စွမ်း မရှိတော့သည်က ထင်ရှားလာနေသည်။ ၎င်းတို့ အဖို့ ရှေ့လည်း တိုး၍ မရ၊ နောက်ပြန်ဆုတ် ဖို့ ဆိုသည်ကလည်း မဖြစ်နိုင်တော့ပဲ ဘေးကျပ်နံကျပ် ဖြစ်နေသည်၊ ဒီအတိုင်းလည်း ကြာရှည် မှိန်းပြီး သွားလို့ လည်း မဖြစ်တော့မှန်း သိထားကြသည်။

 

ကုလ လူ့အခွင့် အရေး ကော်မရှင်မှ ကျွမ်းကျင်သူ ငါးဦး မှ မြန်မာ အရေး တွင် စစ်ကောင်စီ ဖက်မှ ဆိုရှယ်မီဒီယာ များ အထူးသဖြင့် တယ်လီဂရမ်အား အသုံးချ၍ အကြီးအကျယ် သတင်းမှား များ ထုတ် လွှင့်၍ ထိုးစစ်ဆင်လာနေသည့် အတွက် ကာကွယ်ပေးကြပါရန် တညီတညွတ်တည်း သတင်းထုတ်ပြန်၍ တောင်းဆို လာခဲ့သည်။

 

ထိုသို့ ဆက်သွားမည် ဆိုက ၎င်းတို့၏ လုပ်ရပ်များကို နိုင်ငံတကာ က မည်သို့မျှ လက်ပိုက် ကြည့်နေ၍ မရတော့၊ ယခုလည်း ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှ မြန်မာ အရေးသည် ဖြေရှင်းစရာ မလို ဟု သဘောထား၍ မရတော့ပဲ၊ အစည်းအဝေး ထိုင်ကာ အခြေအနေများကို ကြားနာစ ပြုလာပြီ ဖြစ်သည်။

 

မြန်မာ ပြည်သူများသည် ထိုအခြေအနေ အတိုင်း ဖြစ်လာအောင် မည်သူ တဦး တယောက် ၏ အကူအညီ မပါပဲ မိမိတို့၏ စည်းလုံးညီညွတ်မှု အင်အား တခုတည်း ဖြင့် ကြံ့ကြံ့ခံ တွန်းလှန်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

မိမိတို့ မျှော်လင့်သော ရလဒ်များက အချိန်တန်လျှင် ထွက်ပေါ်လာမည်သာ ဖြစ်သည်၊ လက်ရှိ အနေအထား တွင် တထစ်ခန့် လျော့ပေးလိုက်မည် ဆိုက ပြဿနာကို ပြေလည်ရာ ပြေလည်ကြောင်းသာ ဖြေရှင်းလိုနေသည့် နိုင်ငံတကာသည် အကြမ်းဖက် စစ်တပ် ကို တဖြေးဖြေး လက်ခံသွားကြမည် ဖြစ်သည်ကို အစဉ် သတိပြုမိနေဖို့ လိုသည်။

 

လက်ရှိတွင် စစ်အာဏာရှင် များ အချိုးပြောင်းလာလေ မလား မျှော်လင့်ချက် ဖြင့် Kid glove ကလေး လက်ဝှေ့အိပ် လေးဖြင့်သာ ထိုးနှက်နေဆဲ ဖြစ်သည်။ ဆိုလိုသည်က အချိုး ပြောင်းလာလျှင် လက်ခံမည့် သဘော ဖြစ်သည်။

 

ဤသည်ကို စစ်အာဏာရှင်များကလည်း မသိမဟုတ် သိထားပြီး ဖြစ်သည်၊ သို့သော် ပြဿနာကား ပြည်တွင်း တွင် ၎င်းတို့ အတွက် သေရေးရှင်ရေး ကို အဆုံးအဖြတ်ပေးမည့် ပွဲကြီး နှင့် ရင်ဆိုင်နေရမှန်း သိ၍ မည်သို့မျှ အချိုး ပြောင်း၍ မဖြစ်တော့၊ အချိုး ပြောင်းလိုက်သည် နှင့် ၎င်းတို့ အတွက် နေ့လား ညလား အခြေအနေမျိုး ဖြစ်သွားတော့မည်ကို သိနေသည်။

 

၎င်းတို့အား နိုင်ငံတကာက လူလိုသူလို ဆက်ဆံဖို့ အရေးမကြီး၊ ယမမင်း၏ ဆွေတော်မျိုးတော် များ အဖြစ် စာရင်းသွင်းထားရပြီး ဖြစ်သည်ကိုလည်း အရေးမထား၊ နောင်လာ နောင်ခါဈေး တဖွဲ့လုံး လောလောဆယ် ဆက်၍ ရှင်သန်ဖို့သာ ပို၍ အရေးကြီး နေသည်ဟု ယူဆထားပြီး ဖြစ်သည်။

 

ပြည်သူများက စစ်အာဏာရှင်များ နိုင်ငံတကာ အလယ်တွင် ခေါင်းဖေါ်၍ မရအောင်၊ ရက်စက်ကြမ်းကြုပ်သည့် တရိစ္ဆာန် သာသာ ဘဝ ရောက်အောင် တွန်းပို့နိုင်ခဲ့ပြီး ဖြစ်သည်ကို သဘောပေါက် ထားဖို့ လိုပေသည်။

 

“တော်လှန်ရေး ဆိုသည်က မှည့်မှ ကြွေကျလာမည့် အသီး မျိုး မဟုတ်၊ မကြွေကြွေ အောင် လှုပ်ချမှ ဖြစ်မည်”

(ချီဂွေဗာယား)

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!