ယာယီ သမ္မတ ကြီး နှင့် အီးယူ အထူး သံတမန် ဆွေးနွေးပြီ

by Hla Soewai - Mar 12 2023

စစ်ကောင်စီမှ စေလွှတ်ထားသော အကြမ်းဖက် တပ်များသည် အထက် မြန်မာပြည် အား ထိန်းချုပ်နိုင်ရန် ပြည်သူများ အပေါ် အရက်စက်ဆုံး နည်းလမ်းများဖြင့် ကျူးလွန် နေကြချိန်တွင် ၎င်းတို့ ကြောင့် အိုးအိမ်မဲ့ စွန့်ခွာ နေကြရသော မြန်မာ တိုင်းရင်းသားများ အား လူသားချင်း စာနာ ထောက်ထား မှုဖြင့် အကူအညီ ပေးနိုင်ရန် အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူးဝါ လရှီးလ နှင့် အီးယူ၏ မြန်မာ ပြည် ဆိုင်ရာ အထူး သံတမန် အီဂေါ ဒရိုင်းစ် မင်း တို့ အွန်လိုင်းမှ တဆင့် ကျယ်ကျယ့်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

 

ထို့ပြင် အကြမ်းဖက် စစ်တပ် ၏ အာဏာလုယူမှု ကြောင့် ဖြစ်ပေါ်နေရသော နိုင်ငံရေး အကျပ်အတည်း၊ လက်ရှိဆင်နွှဲနေသော နွေဦးတော်လှန်ရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေး များပါ ဆွေးနွေးခဲ့ကြသည်ဟု သမ္မတ ရုံး ပြောခွင့်ရ ဦးကျော်ဇော မှ ‌ဧရာဝတီအား ထုတ်ဖေါ်ပြောဆို ခဲ့သည်ဟု ဆိုသည်။

 

အီးယူမှ မကြာမီ ကာလ များ က စစ်ကိုင်းတိုင်း အတွင်း စစ်တပ်၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုများ အပေါ် လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း အထူး သံတမန်က ပြောဆိုခဲ့သည်။

 

အီးယူ အနေဖြင့် ထိုသို့ ကျုးလွန် ရန် အမိန့်ပေး စေခိုင်းနေသော စစ်ဗိုလ်ချုပ်များကို ယခုထက်ပိုပြီး အရေးယူနိုင်ရန် နည်းလမ်းများ ရှာဖွေနေပြီး၊ ၎င်းတို့ လုပ်ရပ်များ အတွက် တာဝန်ခံခိုင်းမည် ဖြစ်သည်ဟု လည်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

မိမိအမြင်ရ ဆိုလျှင် အနောက်အုပ်စုသည် အမျိုးသား ညီညွတ်ရေး အစိုးရ မှ တိုင်းပြည်ကို နိုင်နိုင် နင်းနင်း အုပ်ချုပ်သွားနိုင် မှု ရှိမရှိ ကို သွေးတိုးစမ်း စုံစမ်းလာနေခြင်း ဖြစ်ပေမည်။

 

အမေရိကန် အနေနှင့် လက်ရှိ တွင် ရုရှား နှင့် တရုတ်တို့အား ထိန်းချုပ်နိုင်ရန် ဦးစားပေး အဆင့် သတ်မှတ်ထားလျက် ရှိသည်။

 

အမေရိကန် ကွန်ဂရက် အမတ်များက မြန်မာအား ကူညီရန် ဥပဒေ ပြဋ္ဌာန်းပြီး ဖိအားပေးလျက် ရှိသည်။ သို့သော် ဘိုင်ဒင် အစိုးရ၏ အတွင်းစည်းဝိုင်း မူဝါဒအား အတိအကျ ခန့်မှန်းဖို့ ခက်နေသည်။

 

 လက်ရှိ မြန်မာပြည်၏ နိုင်ငံရေး အခြေ အနေ ယခင် အတိုင်း ပြန်လည် တည်ငြိမ်သွားမည် ဆိုက တရုတ် တို့ ကောင်းစားဖို့ လုပ်ပေးသလို ဖြစ်မည့် အရေး ကို စိုးရိမ်နေ၍သာ အခြေအနေ ကို ထိန်းသိမ်းသည့်သဘော၊ မြန်မာပြည်သူများ ဖက်က ရပ်တည် ပြသည့် သဘောမျိုး အဆင့်နှင့် ရှေ့မတိုးပဲ နေခြင်းလည်း ဖြစ်နိုင်ပေသည်။

 

အမေရိကန်သည် ၎င်းတို့၏ တောင်ဗီယက်နမ်၊ အာဖဂန် နစ္စတန်နှင့် အီရတ် မူဝါဒများသည် နောက်ဆုံး ၎င်းတို့ တိုက်ခဲ့ရသည့် ရန်သူ များ သာ အကျိုးရှိသွားခဲ့သည့် အနေအထားများကို မေ့လျော့နေကြမည်တော့ မဟုတ်ပေ။

 

တဖက်တွင်လည်း တရုတ်သည် အမေရိကန် တပ်များ ၎င်းတို့ နယ်ခြား တဖက်တွင် ရှိလာမည်ကို မည်သို့မျှ အဖြစ်ခံမည် မဟုတ်၊ အနည်းဆုံး ၎င်းတို့ ပျိုးထောင်ပေးထားသော တိုင်းရင်းသား လက်နက်ကိုင် များ အား အသုံးချ၍ buffer zone ကြားခံ နယ်မြေ တည်ဆောက်လာဖို့ ရှိနေသည်။

 

ယခုအခါ အမေရိကန်၊ ဥရောပ မဟာမိတ်များရော၊ စစ်အာဏာသိမ်း အဖွဲ့ ပါ ပြဋ္ဌာန်းစာအုပ် ပါ အတိုင်း ပြုမူနေကြသည်ကို တွေ့ရသည်။ အမေရိကန်သည် ၁၉၈၈ ကတည်းက ချမှတ်ခဲ့သော စစ်တပ်အား ဝိုင်းပယ်ထားရေး နှင့် စီးပွား ပိတ်ဆို့ဒဏ်ခတ်သည်များ ထက် ယခု တကြိမ် အနည်းငယ်မျှလောက်သာ ပို လုပ်လာသည့် အဆင့်တွင်ပင် ရှိနေပေသေးသည်။

 

The Diplomat စာစောင် တွင် အမေရိကန် သည် NUG အား ငွေကြေး ပံ့ပိုးရန် တွန့်ဆုတ်နေခြင်းသည် နိုင်ငံ အနှံ့ ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ NUG အောက်တွင် တစုတစည်းထဲ ရှိမနေမှု ကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

လက်ရှိတွင် အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေထဲတွင် Burma Act ဆိုကာ မသိမသာ ထည့်သွင်းပေးထားသည်တော့ ရှိနေသည်။

 

ဆောင်းပါးရှင်က သက်ဆိုင်သူများ အားလုံးအား ဒုတိယ ကမ္ဘာစစ် အတွင်း ကြီးသုံးကြီး ဖြစ်သည့် ချာချီ၊ ရုစ်ဘဲလ် နှင့် စတာလင် တို့ စစ်ပြီးသွားက ဂျာမဏီ နှင့် ဥရောပ ပြန်လည် တည်ဆောက်ရေး အတွက် ယော်လ်တာ တွင် တထိုင်တည်းနှင့် အပြီးအပြတ် ကြိုတင် ဆွေးနွေးကြသလိုမျိုး လုပ်မှ ဖြစ်တော့မည်ဟု အကြံပေးလာသည်။

 

အရေး အကြီးဆုံးသည်က စစ်အာဏာရှင် စနစ် အမြန်ဆုံး အမြစ်ပြုတ်သွားရေးပင် ဖြစ်သည်။ 

 

ထို့အတွက် မြေပြင် အခြေအနေနှင့် ကိုက်ညီမည့် ပြည်တွင်း ပြည်ပ မူဝါဒ များ ကို ရဲရင့်စွာ ဆုံးဖြတ် လုပ်ကိုင်သွား မှ ဖြစ်ပေတော့မည်။

 

ထိုသို့ လုပ်ဖို့ကလည်း ရံပုံငွေ လိုအပ်နေပြန်သည်။ ဝါရှင်တန် တွင် ရုံးဖွင့်နိုင်ခြင်းသည် ဘဏ္ဍာရေး အရ ပံ့ပိုးပေးသူ ရှိနေခြင်းကြောင့်ဖြစ်ပြီး၊ အလားတူ ရုံးမျိုး ဘရပ်ဆဲလ်၊ ဘာလင်တို့တွင် ဖွင့်နိုင်ဖို့ ငွေကြေး လိုအပ်လာသည်။

 

ကိုယ့်ငွေ နှင့် ကိုယ် စိုက်ထုတ်ရမည် ဆိုက NUG အနေဖြင့် ရုံးဖွင့်ဖို့ထက် အရေးတကြီး လိုအပ်နေသော လက်နက် ဝယ်ယူရေးတွင်သာ သုံးမည် ဖြစ်သည်။ ထို့ပြင် ထွက်ပြေးခိုလှုံလာသော စစ်ဖက် အရာထမ်းများ အပြင် ဆေးခန်းများ၊ စာသင်ကျောင်းများ အား NUG မှ ပံ့ပိုးပေးရပြန်သည်။

 

The Diplomat စာစောင်ကမူ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ငွေ၊ လက်နက် ပံ့ပိုး မပေးနိုင်ပဲ နှင့် အဘယ်ကြောင့် ၎င်းတို့ စကား နားထောင် ဖို့ လိုမည်နည်းဟု ဖြစ်လာနိုင်သည်ဟု ရေးသားထားသည်။

 

ဆောင်းပါးရှင် မှ အမေရိကန် အနေဖြင့် ပေးစရာ ရှိသည်များကို NUG အား ပေးထားဖို့ လိုသည်ဟု ပြောလိုခြင်း ဖြစ်သည်။

 

နောက်ထပ် ရရှိသော သတင်းအရ ရုရှားသည် မြန်မာထံမှ လက်နက်များ ဝယ်ယူရန် ကြိုးစားလာနေ၍ မိမိတို့မှ ဘာတွေ ထွက်လာမလဲဟု စောင့်ကြည့်နေကြောင်း ယူကရိန်း စစ်ထောက်လှန်းရေး အကြီးအကဲ က ပြောကြောင်း ဗီအိုအေ သတင်းတွင် ပါရှိလာသည်။ ထိုသို့ဆိုက ရုရှား ကျုးကျော်မှုအား စစ်ကောင်စီသည် ပါးစပ်နှင့်သာ မဟုတ်တော့ပဲ လက်ပါ ပါလာနေပြီ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

 

ပျက်ချိန်တန်ပြီ ဆိုလျှင် ရှောင်လို့မရပဲ အကြောင်းအမျိုးမျိုးက သူ့အလိုလို ဆက်နွယ် လာစမြဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!