ဂူအောင်းလူသားများ အပြင်သို့ ထွက်လာကြရာဝယ်

by Hla Soewai - Mar 12 2023

The Diplomat သတင်း၏ ဖေါ်ပြချက်အရ အကြမ်းဖက် စစ်တပ်၏ လက်ကိုင်တုတ် အဖြစ် ဖွဲ့စည်းထားသည့် ကြံဖွတ် ပါတီသည် နေပြည်တော်တွင် သင်တန်းတက်လျှင် တယောက် တသိန်း နှုန်းပေးကာ အရပ်သားများ အား သင်တန်းများ ပေးနေသည် ဟု ပါရှိလာသည်။

 

ယခုလို အရပ်သားများအား လက်နက်တပ်ဆင်ပေးသည့်အထိ ဖြစ်လာရသည်ကို ကြည့်မည်ဆိုလျှင် ၎င်းတို့ အုပ်ချုပ်ရေး မည်မျှ အထိ ဖရိုဖရဲနှင့် ယိမ်းယိုင်လာနေပြီ ဆိုသည်နှင့် စစ်သားများ ထပ်မံ စုဆောင်း၍ မရတော့ ဆိုသည်ကို သွယ်ဝိုက် ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်ဟု ဆောင်းပါးက ဆိုသည်။

 

အရပ်သားများ လက်ဝယ် သေနတ်များ ရောက်ရှိသွားခြင်းဖြင့် တိုင်းပြည် ပို၍ မငြိမ်မသက် ဖြစ်လာမည်ကို သိသိကြီး နှင့် မည်သို့မျှ ကြံရာမရတော့၍ လုပ်ရခြင်းမျိုးလည်း ဖြစ်သည်။ ယင်းသည် ၎င်းတို့အား ပို‌၍ အားကောင်းလာစေမည် မဟုတ်ပဲ အကြမ်းဖက် မှုများသာ ပို၍ တိုးပွားလာအောင် ဖန်တီးပေးခြင်းမျိုး နှင့် အတူတူသာ ဖြစ်ပေလိမ့်မည်။

 

ကိုယ့်မိန်းမကို ပင် ကိုယ် ဂုဏ်ထူးဆောင် ဘွဲ့ပေးရလောက်အောင် စဉ်းစား ဆင်ခြင်ညဏ် မဲ့သူအောက်တွင် လက်ကလေး ရှေ့ချကာ ခိုင်းသမျ လိုက်လုပ်ပေးနေရသူများအား သတင်းစာ၊ ရုပ်သံ တို့တွင် မြင်တွေ့ရတိုင်း သနားစိတ်များပင် ဖြစ်လာမိသည်ကတော့ အမှန်ပင် ဖြစ်သည်။

 

ထိုပုဂ္ဂိုလ်များသည် တကယ်တမ်းတွင် ထမင်းတလုတ်၊ ဒုတ်တချက် ဘဝဖြင့် ရှင်သန်နေရသူများ ဖြစ်သည်၊ ယခုလည်း တိုင်းပြည်၏ အခြေအနေများ မည်သို့ မျှ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်မလာနိုင်ပဲ ၎င်း၏ အာဏာတည်မြဲရေး တခုတည်းကိုသာ ပံ့ပိုးပေးနိုင်မည့် "ရွေးကောက်ပွဲ အလိမ်အညာ ဇာတ်ထုတ်ကြီး" တွင် အသက်နှင့် ရင်းကာ အသုံးတော် ခံကြရဦးမည်လည်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ဆရာသမား ဖြစ်သူ ဗိုလ်သန်းရွှေ မရှိတော့မည့် အချိန်ကို အားနာပါးနာ နှင့် အောင့်အီး စောင့်နေရသူ ဖြစ်သည်၊ မရှိတော့သည်နှင့် ထင်သလို ကျဲတော့မည်သာ ဖြစ်သည်၊ သူ၏ ပုံတူ ကြေးရုပ်များ ထုလုပ် စိုက်ထူ စေခြင်း၊ ရုပ်ပုံကားများ ချိတ်ဆွဲ ခိုင်းခြင်းများ သေချာပေါက် လုပ်လာတော့မည် ဖြစ်သည်၊ ယခုပင် သူ့မိန်းမသည် အင်္ဂါစဉ်အရ ဒေါ်ကြိုင်ကြိုင် အထက် ရောက်ရှိသွားပြီ ဖြစ်သည်။

 

ကုလ အပါအဝင် နိုင်ငံတကာမှ ထိုသို့ ကြံရာမရ ပြုမူ လာခြင်းများကြောင့် ၎င်းတို့အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် တိုး၍ သတ်မှတ်ခံလာရခြင်းသာ အဖတ်တင်လာခဲ့သည်။ ၎င်းတို့ ‌သားရေ တမြားမြား နှင့် မျှော်လင့်နေကြသည့် ပြည်ပရင်းနှီးမြုပ်နှံမှု များလည်း သူပုန်နယ်မြေများတွင် လာ‌ ရောက် လုပ်ကိုင်သလိုမျိုး ဖြစ်နေ၍ ဝေးဝေးက ရှောင်ကြပေတော့မည်။

 

တဖက်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်များက အဓိက မြို့ကြီးများမှ လွဲ၍ တိုင်းပြည်၏ ၅၀ ရာနှုန်းကို ထိန်းချုပ်ထားပြီးလည်း ဖြစ်သည်ဟု သတင်းများတွင် ဖေါ်ပြလာကြပြီးလည်း ဖြစ်သည်။

 

မြို့ကြီးများအား ထိန်းချုပ်ထားနိုင်သည် ‌‌ဆိုသော်လည်း ဖြစ်ကတတ်ဆန်း လက်ပူတိုက် အုပ်ချုပ်ရေး မျိုး နှင့်သာ ဖြစ်သည်၊ NLD လက်ထက်တွင် စနစ်တကျ စီမံခန့်ခွဲ နိုင်ခဲ့သည့် ဘတ်စကား လိုင်းများ အခြေအနေ ဆိုးဝါးလာသည်က ထင်သာ မြင်သာ သော သက်သေ အထောက်အထားပင် ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြလာခဲ့သည်။

 

အစိုးရ ဌာနများသည်လည်း မလုပ်မရှုပ် မပြုတ် ဆိုသည့် သဘောဖြင့် ရသေ့ကြီး များ၏ ဂူ "hermit cave" လို ဖြစ်လာနေသည်ဟု မကြာမီက မြန်မာနောင်းနှင့် အင်တာဗျူး တွင် မစ္စတာ ရှောင်တန်းနဲလ် က ပြောသွားခဲ့သည်။

 

ဘဏ်လုပ်ငန်းများအပေါ်လည်း ဖြစ်နိုင်လျှင် မည်သူမျှ မပတ်သက်ချင် ကြတော့ဟု ဆိုသည်။ ပုဂ္ဂလိက ဘဏ်များ၏ ချေးငွေ ၉၀ ရာနှုန်းသည် အတိုး အရင်း ပြန်မရသည့် non-performing loan (NPL) ဖြစ်နေသည့် အတွက် ပြိုလဲလုနီးနီး ဖြစ်လာနေပြီဟုလည်း မှတ်ချက်ချသွားခဲ့သည်။

 

တိုင်းပြည်အတွက် အမှန်တကယ် လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသူများ အားလုံး လိုလို အကျဉ်းထောင်ထဲ ရောက်နေကြပြီဟု ရှောင်တန်းနဲလ်က ဆိုသည်။

 

တပ်ရင်း တရင်းလောက်ကို အုပ်ချုပ်နိုင်စွမ်း ရှိယုံမျှ နှင့် ဝန်ကြီးဌာန တခုလုံးကို မူဝါဒ ရေးရာ အရပါ နိုင်နင်းစွာ စီမံ ခန့်ခွဲ နိုင်မည်ဟု အဘယ်ကြောင့် ယူဆ နေကြရလဲ ဆိုသည်က မိမိ အနေဖြင့် နားမလည် နိုင်အောင် ဖြစ်နေရသည်။

 

၎င်းတို့အဖို့က နှစ်ပေါင်း ၆၀ နီးပါး ယဉ်ကျေးသော လူ့အသိုက်အဝန်း နှင့် ပတ်သက်ခြင်း မျိုး မရှိပဲ ဂူ အတွင်း တွင်သာ ကိုယ်ထင် ကုတင် ရွှေနန်း ဆိုကာတထီးတနန်း နေလာခဲ့ကြခြင်း ကြောင့်ပင် ဖြစ်သည်။

 

သို့သော် ယခင်က အုတ်ရောရော ကျောက်ရော‌ ရော နေ၍ ရသေးသော်လည်း နည်းပညာ တဟုန်ထိုး တိုးတက်လာသည့် ခေတ်ကြီးတွင် ၎င်းတို့၏ သုံးစားမရသည့် အပြုအမူ အပြောအဆိုများက ဗူးပေါ်သလို ပေါ်ခဲ့ရသည် ချည်းပင် ဖြစ်သည်။

 

တိုင်းပြည် မည်သို့ပင် ဖြစ်စေ၊ ၎င်းတို့ အာဏာ ဆက်လက် တည်မြဲရေး အတွက် တိုင်းပြည်ကို ရောင်းစားရ စားရ၊ နည်းမျိုးစုံ ညဏ်နီညဏ်နက် ထုတ်ကာ ကုတ်ကပ်နေသွားဖို့ ကြံရွယ်နေကြသည်မှာလည်း အထင်အရှားပင် ဖြစ်သည်။

 

ပြည်သူများဖက်က ထိုသို့သော် အန္တရာယ်ကြီးကို ဆက်၍ ကြံ့ကြံ့ခံ တွန်းလှန်နိုင်မှသာ ခေတ်ဆိုး ခေတ်ကြပ်ကြီး မှ လွတ်မြောက်နိုင်မည် ဖြစ်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ၂၀၂၃ ခုနှစ်၊ မတ်လ (၉) ရက် နေ့ ပြောကြားသော မိန့်ခွန်းတွင် 

 

"တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မဒေသ၊ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်းရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒီလိုခုခံတော်လှန်နိုင်မှုဟာ သိပ်ပြီး အရင်းအနှီးကြီးတယ်ဆိုတာလည်း မမေ့ဖို့ လိုပါတယ်” ဟု ပါရှိလာခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!