သမ္မတ လျုရှောက်ချီ မှ လက်ယာစွန်း ဝါဒီများဟု ဆိုကာ စိတ်ထင်တိုင်း စွပ်စွဲ ဖိနှိပ်ခံထားရသူများ အား ပြန်လည် ထူထောင် ပေးခြင်းဖြင့် လူမှန်နေရာ မှန်သို့ ပို့ဆောင်ကာ တည့်မတ်ပေးသင့်သည်ဟု အဆိုပြုလာခဲ့သည်။ ထိုသို့ အယူအဆ ရှိသူ လျု အား တဟုန်ထိုး လူကြိုက်များလာခဲ့သည်။ သို့သော် မော်က လျု သည် သူ၏ အာဏာကို စိန်ခေါ်လာခြင်းဟု ယူဆကာ ပြန်လည် တိုက်ခိုက်လာခဲ့သည်။
“လူတန်းစား တိုက်ပွဲ” ကို ဆက်လက်ဆင်နွှဲရန် လိုအပ်သည် ဟူသော သူ၏ ခံယူချက်အား အခိုင်အမာ ပြောဆိုလာပြီး လျု ၏ ဝါဒ ရေးရာ ပြန်လည် ပြင်ဆင်ရေး နှင့် ဖေါက်ပြန်ရေး သဘောတရားများ ကြောင့် ပါတီ တွင်း သန့်စင်ရေး များ ပြုလုပ်ဖို့ လိုလာပြီဟု ဆုံးဖြတ်လိုက်သည်။
ဤသို့ဖြင့် မော်သည် ယဉ်ကျေးမှု တော်လှန်ရေး ဆိုသည်ကို စတင် အကောင်အထည် ဖေါ်လာခဲ့ပေတော့သည်။
သို့သော် တော်လှန်ရေး အား ရုတ်ခြည်းဆိုသလို အရှိန်အဟုန်ဖြင့် ဆင်နွှဲလာခဲ့ခြင်း မျိုး မဟုတ်ပဲ၊ မည်သို့မျှ အရေးပါသည် ဟု ထင်မထားရသော ဖြစ်စဉ် နှစ်ခု မှ စတင်လာခဲ့ခြင်း ဖြစ်သည်။
၁၉၆၆ ဇွန်လ တွင် ပြည်သူ့နေစဉ် သတင်းစာ ၏ အယ်ဒီတာ အာဘော်မှ တရုတ်ပြည်သူများ အနေဖြင့် အတိတ်၏ မကောင်းဆိုးဝါး များ ကပ်ငြိလာနေမှု အား ရှင်းလင်း ဖယ်ရှားပစ်ရန် လိုသည်ဟု တောင်းဆိုလာခဲ့သည်။ နောက်တလ တွင်တော့ ပီကင်း တက္ကသိုလ် ရှိ ကျောင်းသားများ၏ ထိုသို့ လှုံ့ဆော်လာမှုကို လက်တွေ့ အကောင်အထည် ဖေါ်လာခဲ့ကြပေတော့သည်။ ထိုကျောင်းသား လှုပ်ရှားမှု ကြီးအား ဦးဆောင်လာခဲ့သူသည် ဒဿနိကဗေဒ မှ ဆရာ တဦး ဖြစ်ပြီး ၎င်းက တက္ကသိုလ် ရှိ အကြီးအကဲများထဲတွင် လျို့ဝှက် စွာ လှုပ်ရှားနေသော ပြန်လည် ပြင်ဆင်ရေး ဝါဒီများဖြင့် တင်းကြမ်း ပြည့်နေသည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ ထို့အတွက် ကျောင်းသား များက ထိုပုဂ္ဂိုလ်များ အား ဖေါ်ထုတ်နိုင်ရန် စတင် ကြိုးပမ်းလာခဲ့သည်။
လျုရှောက်ချီ နှင့် တိန့်ရှောင်ဖိန် ကဲ့သို့ ပါတီ ခေါင်းဆောင်ပိုင်းမှ ကျောင်းသားများ၏ အလွန်အကျွံ လုပ်ရပ်များ အပေါ် ပြစ်တင် ကြိမ်းမောင်း စကား ပြောလာခဲ့ကြသည်။ သို့သော် ထိုသို့ ပြောလာသူ နှစ်ဦး အား တရုတ်ပြည်၏ ကရူးရှက်များ ဟု ဆိုကာ စော်ကားမော်ကား ကင်ပွန်းတပ် ပြောဆိုလိုက်သည်။
ယဉ်ကျေးမှု တော်လှန်ရေးသည် အတိတ်၏ ဘူဇွာ အရင်းရှင် စိတ်ဓါတ် နှင့် တန်ပြန် တော်လှန်ရေး ကို အမြစ်မှ ဆွဲနှုတ် ဖယ်ရှားပစ်မှ တော်လှန်ရေးသည် ဆက်လက် အဓွန့်ရှည် တည်တံ့မည် ဆိုကာ အယောင်ပြလာခဲ့သည်။ သို့သော် လက်တွေ့တွင်မူ တော်လှန်ရေး အမည်ခံကာ ဥက္ကဌ ကြီး မော် ၏ အာဏာသက်ဆိုးရှည်ရေး အတွက် ပင် ဖြစ်သည်။ မော်သည် ပါတီဖက်က ရပ်တည်ရမည့် အစား ပြည်သူ နှင့် တသားတည်း ဟု ဗြောင်ကျကျ ကြွေးကြော်လာခဲ့သည်။
သူ၏ နှုတ်ထွက် စကား များသည် သမ္မာကျမ်းစာ အလား ယူဆလာကြပြီး အားလုံးကလည်း မဖြစ်မနေ လေ့လာ သင်ယူမှ ဟု သဘောထားလာခဲ့ကြသည်။ သူ၏ စကားများ၊ အဆိုအမိန့်များသည် နေ့စဉ်လို ပြည်သူ့နေစဉ် သတင်းစာ ကြီး တွင် အလျှံပယ် ထွက်ပေါ်လာနေခဲ့သည်။ သတင်းစာတွင် ဖတ်သင့်သည့် သတင်းဟူ၍ မော် ဘာလုပ်နေသည် ဆိုသော သတင်းများ ဖြစ်လာသည်။
သူ၏ အဆို အမိန့်များကိုလည်း စုစည်းကာ နောင်တွင် Little Red Book ဟု ထင်ရှားလာသည့် “ဥက္ကဌ ကြီး မော်၏ အဆိုအမိန့်များ” ဟူသော စာအုပ်ကို ထုတ်ဝေခဲ့ပြန်သည်။ ယင်းစာအုပ်ကလေးသည် တရုတ်ပြည်တွင် အရေးပါဆုံး ဖြစ်လာခဲ့သည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား များသည် အဆိုပါ စာအုပ်ပါ အဆိုအမိန့်များကို နေ့စဉ်လို မဖြစ်မနေ ရွတ်ဖတ်ကြရတော့သည်။ ထိုစာအုပ်ကို လက်ဝယ် ပိုင်ဆိုင်ခွင့် ရသူများသည် အဖိုးတန် ပစ္စည်း တခုကို ရင်ဝယ် ပိုက်ထားရသလို ဖြစ်လာပြီး လူတိုင်းလည်း ထိုသို့ ပိုင်ဆိုင်ခွင့် ရရန် ကြိုးပမ်းလာကြသည်။
မော်သည် တရုတ် လူငယ်လူရွယ်များအား အတိတ်၏ သက်ဦး ဆံပိုင် စနစ် အကြွင်း အကျန် များကို အပြီးအပိုင် ဖယ်ရှားရန် တောင်းဆိုလာခဲ့သည်။ လူငယ်များအား မော် ၏ တောင်းဆိုချက် အတိုင်း တပ်နီ အစောင့်တပ် ကို ဖွဲ့စည်းလိုက်ကြသည်။ “တော်လှန်ရေး တိုင်းသည် တရားမျှတသည်” ဆိုသော ဆောင်ပုဒ်ကို လက်ကိုင်ပြုကာ စာအုပ်များ အား မီးရှို့ခြင်း၊ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ၊ ဘုရားကျောင်းများကို ဖျက်ဆီးခြင်း၊ ပြတိုက်များ နှင့် နန်းတော် များ ကို တစစီ ဖြစ်အောင် ပြုလုပ်ခြင်း အစရှိသဖြင့် ဗြောင်းဆန်အောင် သောင်းကျန်းလာခဲ့တော့သည်။
ထို့ပြင် ထင်ရှားသော စာရေးဆရာများ၊ အနုပညာရှင်များ၊ တတ်သိ ပညာရှင်များ အားလုံးကိုလည်း ချမ်းသာ မပေးခဲ့ကြပဲ ဖေါက်ပြန်ရေး သမား များဟု ဆိုကာ ရက်ရက်စက်စက် ပြုမူခဲ့ကြသည်။ တက္ကသိုလ် နှင့် အထက်တန်း၊ အလယ်တန်း ကျောင်းဆရာ၊ ဆရာမ များ အား ရိုက်နှက်ခဲ့ကြပြီး တခါတရံ တွင် သတ်ဖြတ်သည့် အထိ ကျုးလွန်ခဲ့ကြသည်။
တရုတ်ပြည်ကြီးတွင် ပြည်သူများက နှစ်ပေါင်း နှစ်ထောင် ကျော် မင်းဧကရာဇ်များ အား နိုင်ငံအာဏာ အပြင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ကိုပါ လွှမ်းမိုး နိုင်စွမ်း ရှိသူများဟု သတ်မှတ်ခဲ့သည့် အစဉ်အလာ ရှိနေပြီးလည်း ဖြစ်သည်။ မော် သည် ထိုအစဉ်အလာ ကို သူ့အတွက် ကောင်းစွာ နှိုးဆ ပေးနိုင်ခဲ့ပြီး တော်လှန်ရေး အစဉ်အလာ များ ထိန်းသိမ်းရန် ဆိုကာ ပြုလုပ်လာခဲ့ခြင်းလည်း ဖြစ်သည်။
ထိုအချက်အား သိသာ ထင်ရှားစေခဲ့သည့် ဖြစ်ရပ်ကြီး ပေါ်ပေါက်လာခဲ့သည်။ ဤသည်ကား ၁၉၆၆ ဩဂုတ်လ တွင် တနိုင်ငံလုံး ရှိ တပ်နီ လူငယ်များ အား ပီကင်း ရှိ တီယန်မင် ရင်ပြင်ကြီး သို့ ပင့်ဖိတ် ခေါ်ယူလာခဲ့ခြင်းပင် ဖြစ်သည်။ ထိုအခမ်းအနား သို့ စုရုံး ရောက်ရှိလာကြသော စိတ်မာ ခက်ထန်နေသည့် တပ်နီ လူငယ် တသန်းခန့်အား မော်သည် Forbidden City ဂိတ်တံခါးဝကြီး မှ နေ၍ မိန့်ခွန်း ပြောကြားခဲ့ရာ “ဥက္ကဌကြီး မော် သက်တော်ရာကျော် ရှည်ပါစေ” ဆိုသော ကြွေးကြော်သံများသည် ဘဝဂ္ဂ ညံ အောင် ဟိန်းထွက်လာခဲ့ပေတော့သည်။