စစ်သည် ဆေးသည် ဆိုရာဝယ်

by Hla Soewai - Mar 08 2023

အချို့ မြို့ကြီးများ တွင် ဖုန်းများကို ရှောင်တခင် စစ်ဆေးနေသည် ဆိုသော သတင်းများ ဖတ်ရသည်။ ဤသည်နှင့် ဆက်စပ်ပြီး ကျွန်တော် သိသော အကြောင်း နှစ်ခု ကို ပြောပြချင် စိတ် ပေါက်လာမိသည်၊ ထိုအကြောင်း များက လူ စစ်စစ် ဖြစ်ပါလျက် တိရိစ္ဆာန် များ လို ကျင့်ကြံနေသူ များ သိရန် မရည်ရွယ်ပဲ ၎င်းတို့ ရန် ကို ကြောက်၍ အလိုလို နေရင်း ရာဇဝတ်သား များ ပမာ ဖွက်ရ၊ ပြု ရ ဖြစ်နေသော မိတ်ဆွေ များ အနေဖြင့် ၎င်းတို့ လုပ်ရပ်သည် မည်မျှ အထိ လူ့အသိုက်အဝန်းက ကျင့်သုံးနေသော ဥပဒေသ များ နှင့် ကင်းဝေးနေသည် ကို နှိုင်းယှဉ် သိရှိစေလို၍ ဖြစ်သည်။

 

ပထမ တချက်က ကျွန်တော် အလုပ်ထဲက လုပ်ဖေါ်ကိုင်ဖက် တဦး ကလေးကစားကွင်း ရှေ့ သတ်မှတ် မိုင်နှုန်း ထက် ပို မောင်းမိ၍ ရဲ၏ ဖမ်းဆီးခြင်း ခံလိုက်ရမှုပင် ဖြစ်သည်။

 

ကလေးကစားကွင်း ရှေ့တွင် မနက် ၇း၃၀ မှ ည ၉း၀၀ အတွင်း ကီလိုမီတာ ၃၀ အမြန်နှုန်း ထက် ပို၍ မောင်းခွင့် မရှိ၊ သို့သော် သူ အဖမ်းခံလိုက်ရသည်က ည ၉ နာရီ စွန်းစွန်းလေးလည်း ဖြစ်နေ၍ ပေါ့ဆသွားတာလည်း ပါပေမည်။

 

ရဲ က ဖမ်းသည်ဆိုလျှင်တော့ မောင်းသူသည် မြန်မာပြည်မှာလို ကားထဲက ထွက်ခွင့်မရှိ၊ ကားပေါ် တွင် ထိုင်နေရင်း လက်နှစ်ဖက်ကို ရဲ မြင်သာသည့် စတီယာရင် ပေါ်တွင် တင်ထားရသည်။ ရဲက ကားပေါ် က ချက်ခြင်း ဆင်းမလာပဲ ကား၏ လိုင်စင်နံပတ်ကို ကားထဲပါ ကွန်ပြူတာ နှင့် အရင် စစ်ဆေးကြည့်လိုက်သည်။ ရာဇဝတ်မှု နှင့် ပတ်သက်ထားခြင်း မရှိ၊ ပျောက်ဆုံးနေသည်ဟု အမှု ဖွင့်ထားသော ကား ဟုတ်မဟုတ် သိလို၍ ဖြစ်သည်။ ထို အချက်များကို သိပြီးမှသာ ကားမောင်းသူထံ ချည်းကပ်သည့် အခါ အန္တရာယ် ရှိနိုင် မရှိနိုင် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

 

အန္တရာယ် ရှိပြီဆိုက ကား ပေါ်မှ ဆင်းခိုင်းပြီး လက်မြှောက်၊ နောက်လှည့် မြေကြီးပေါ် ဝမ်းလျား မှောက်ခိုင်းတော့မည် ဖြစ်သည်။

 

ကျွန်တော် မိတ်ဆွေသည် ထိုကဲ့သို့ ပတ်သက်ဆက်နွယ်ခြင်း မရှိ၊ ထို့အတွက် ရဲက ကားဆီသို့ အေးအေးလူလူ ဆင်းလျှောက်လာပြီး လိုင်စင် တောင်းပါသည်၊ ဒါကလည်း လုပ်ရိုးလုပ်စဉ် ဖြစ်၍ ပြဿနာ မဟုတ်။

 

သို့သော် ပြဿနာက နည်းပညာ အားကိုးသော မိတ်ဆွှေ မှ လိုင်စင်ကို ဖုံးထဲတွင် ဓါတ်ပုံ ရိုက်၍ ဆောင်ထားခြင်း ဖြစ်သည်။ ထို့အတွက် သူက ရဲ အား ဓါတ်ပုံပါသည့် စကရင် ကို ဖွင့်၍ ထိုးပေးလိုက်သည်။

 

ရဲအဖို့ က မျက်စိမျက်နှာ ပျက်သွားပြီး နောက်သို့ ခြေတလှမ်းဆုတ်လိုက်သည်၊ အဘယ်ကြောင့်နည်း။

 

ရဲများ တွင် ရှာဖွေ ဝရမ်း မပါပဲ သူ၏ ဖုန်းကို ထိခွင့် ကိုင်ခွင့် မရှိ၊ ထိလိုက်ပြီ ဆိုသည်နှင့် မည်သို့မျှ အမှု တည်ဆောက်၍ မရတော့၊ ထို့အတွက် ရဲက အော်ရဂျင်နယ် စာရွက် ကိုသာ တောင်းပါတော့သည်၊ မိတ်ဆွေက သူ ပါမလာ၊ ဖုန်းကို သူခွင့်ပြုပါသည်၊ ကြည့်ပါ ဟု ထိုးပေးလည်း ရဲ ကမကိုင်၊ နောက်ဆုံးတွင် လိုင်စင်မဲ့ မောင်းနှင်မှု၊ သတ်မှတ် မိုင်နှုန်းထက် မောင်းနှင်မှု ဖြင့် ဒဏ်ရိုက်ခံလိုက်ရပေတော့သည်။

 

နောက်တကြောင်းက လူသတ်မှု နှင့် သက်ဆိုင်နေသည်။ လူသတ်မှု တွင် အဓိက ကျနေသော ကားတစီးသည် ပျောက်ဆုံးနေသည်၊ ထိုကားပေါ်တွင် သေသူ၏ သွေးများ၊ DNA များ တွေ့မှသာ ပိုင်ရှင်ကို ထွက်ပေါက်မရှိအောင် Airtight အမှု တည်ဆောက်ပြီး ရုံးတင် နိုင်မည် ဖြစ်သည်။

 

သို့သော် ထိုကားက ပျောက်ခြင်းမလှ ပျောက်နေသည်။ ရဲက သံသယ ရှိသူ အမည်နှင့် ပိုင်သည့် အိမ် နှင့် မြေယာများကို မြေလှန်ရှာခဲ့ပြီး ဖြစ်သည်။ တနိုင်ငံလုံးရှိ ရဲအဖွဲ့များသို့ တပ်လှန့်ထားသော်လည်း ဘယ်မှာမှ ရှာမတွေ့၊ ကား မပါပဲ နှင့် ဖမ်းပြီး အမှု တင်မည်ဆိုက circumstantial evidence ခေါ် သွယ်ဝိုက် သက်သေ အထောက်အထားများ သာ ဖြစ်နေ၍ တရားခံပြ ရှေ့နေ၏ လျှောက်လှဲချက် အောက်တွင် ချက်ခြင်းပင် ကွင်းလုံးကျွတ် လွတ်သွားနိုင်သည်ကို အမှုလိုက် ရဲများက သိထားပြီး ဖြစ်သည်။

 

ထိုသို့ အကြံအိုက်နေစဉ်တွင်ပင် အမှုလိုက် ရဲအရာရှိထံ အမည်မသိ အမျိုးသမီးတဦး က ဖုန်းဆက် ပြီး ကား ဘယ်နေရာ မှာ ဖွက်ထားကြောင်း သတင်းပေးလာသည်၊ အမှုလိုက် ရဲအဖို့က ယုံရခက်၊ မယုံရခက် ဖြစ်နေသည်၊ အထက်အရာရှိကို အသိပေးခြင်း၊ တရားသူကြီးထံမှ ရှာဖွေ ခွင့် ဝါရမ်း တောင်းခြင်း လုပ်၍ ရနိုင်သော်လည်း သူ့စိတ်ထဲတွင် တကယ်မဟုတ်ပါက အများအမြင်တွင် အယုံလွယ်သူ ဆိုကာ အရူးအပေါ ဖြစ်သွားနိုင်သည်။

 

ထို့အတွက် မြို့နှင့် အတော်အလှမ်းဝေးသော ကွင်းပြင်ကြီးထဲ ထီးထီးကြီး ရှိနေသော ဂိုဒေါင်ထဲသို့ သူ့ဖာသာ ဟုတ်မဟုတ် အရင်သွားကြည့်သည်။ ခြံတံခါး ပိတ်ထား၍ ကျော်တက်သည်၊ ဂိုဒေါင် တံခါး ပိတ်ထားပြန်၍ ပြတင်းပေါက် ကို ဖျက်ဝင်သည်။ အထဲတွင် တော့ သူရှာနေသည့် ကားကို တွေ့လိုက်ရပြီ ဖြစ်သည်။

 

သူလည်း ချက်ခြင်းပင် စခန်းသို့ အကြောင်းကြားပြီး သေမှုသေခင်း စစ် အဖွဲ့များပါ ခေါ်လိုက်သည်။ သူလို အတွေ့အကြုံများသော အမှုလိုက် အရာရှိ အဖို့ နောက်မှ ဝရမ်းကို တရားသူကြီးထံ သွားတောင်းမည်ဟု ကြံရွယ်ပုံရသည်။ သို့သော် သူ၏ လုပ်ရပ်များကို တနေရာမှ အသေးစိတ် ဗီဒီယို ဖြင့် စောင့်ကြည့်မှတ်တမ်းတင်နေသူ ကို သတိမမူမိခဲ့။

 

သူတို့ သံသယ ရှိနေသည့် အမျိုးသမီးက အဖမ်းခံရန် အိမ်တွင်ပင် အဆင်သင့် စောင့် နေပြီ ဖြစ်သည်။ သူမ အနေဖြင့် သူ၏ ကားကို သူမ ပိုင် ကုမ္ပဏီ တခု ၏ နာမည် ပေါက် အဆိုပါ မြေကွက်တွင် သွား ဖွက်ထားပြီး အခုလို ညွှန်ပြလိုက်ခြင်းလည်း ဖြစ်သည်၊ ထို ရဲအရာ ရှိ မှ ထိုသို့ လုပ်လိမ့်မည်ဟုလည်း တွက်ဆထားခဲ့ပုံရသည်။

 

သူ့သည် ထိုသို့ သက်သေ အထောက်အထားကို တရားသူကြီး၏ ရှာဖွေ ဝရမ်း လက်မှတ် မပါပဲ illegal search လုပ်ခဲ့မိသည့် ဗီဒီယို အထောက်အထား ရှိနေပြီ ဖြစ်၍ မည်သို့မျှ ရုံးတော်သို့ တင်ခွင့် မရတော့၊ တရားသူကြီးက ကား နှင့် ပတ်သက်၍ တစုံတရာ ပြောဆိုခွင့် မပြုရန် gag order သတ်မှတ်လိုက်ပြီ ဖြစ်သည်။ တရားခံဟု ယူဆရသော အမျိုးသမီးလည်း သက်သေ မခိုင်လုံ၍ လွတ်သွားခဲ့ပြီ ဖြစ်သည်။

 

ဆိုလိုချင်သည်က လက်ရှိ စစ်အာဏာသိမ်း အဖွဲ့၏ လက်ပါးစေများ လုပ်နေပုံသည် လုပ်ရိုးလုပ်စဉ် မဟုတ်ပဲ မည်မျှ အထိ တရားဥပဒေကို မျက်ကွယ် ပြုကာ နိုင်ငံသားတဦး၏ အခွင့်အရေး များကို လားလားမျှပင် ဂရုမစိုက် ဆိုသည်ကို သိသာ ထင်ရှားစေလို၍ ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့ကတော့ “ဖြတ်လေးဖြတ်” စနစ် ဆိုကာ ပြည်သူများ အပေါ် မြေလှန် စနစ် ကျင့်သုံးနေသည် မှာ နှစ်နှစ် ကျော်လာခဲ့ပြီ ဖြစ်သော်လည်း အောင်မြင့်သည့် အလားအလာ စိုးစိမျှ မတွေ့ရ ပဲ ကုလသမဂ္ဂ မှ အသေးစိတ် အစီရင်ခံစာ ထုတ်ပြန်ပြီး ၎င်းတို့ သည် ပြည်သူများ အပေါ် စစ်ပွဲဆင်နွှဲနေပြီ ဆိုကာ ကမ္ဘာသိ ထုတ်ပြန်ခံရသည်သာ အဖတ်တင်လာခဲ့သည်။ ပြည်သူ့ ကာကွယ်ရေး အင်အားစုများလည်း တနေ့ထက် တနေ့ အရှိန်ကောင်းလာ နေပြီ ဖြစ်သည်။

 

အလျှင်းသင့်၍ ချီ‌ဂွေဗာရား၏ စကားတခွန်းကို ပြန်လည် မျှဝေလိုပါသည်၊ “ကျွနုပ်သည် လူထုကို လွတ်မြောက်အောင် ပြုလုပ်ပေးခဲ့သူ မဟုတ်၊ ထိုသို့ လုပ်နိုင်သူလည်း မရှိခဲ့ဖူး၊ လူထုသည် လွတ်မြောက်ရာ လွတ်မြောက်အောင် သူတို့ဖာ သူတို့ ကြိုးစားခဲ့ကြခြင်းသာ ဖြစ်သည်” ဆိုသော စကားပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!