တိုင်ဝမ် ရေလက်ကြားအား ကမ္ဘာကြီးတွင် ပြဿနာ အစပျိုးလာနိူင်သော ဒေသအဖြစ် မကြာခဏ ဆိုသလို ဖေါ်ပြလေ့ ရှိတတ်သည်၊ ရေမျက်နှာပြင်အနေအထားအရ ကျဉ်းမြောင်းသော နေရာလေး အစပ်တွင် ထောင်ပေါင်းများစွာသော ဒုံးကျည်များကို တရုတ်မှ ဖြန့်ကျက်ချထားပြီး ဗွေဖောက် နေသော ပြည်နယ် တခု အဖြစ် ယူဆထားသော တိုင်ဝမ်ကို ချိန်ရွယ်ထားခဲ့သည်၊ သို့သော် ဖေါ်မိုဆာ ဝမ်း ဟု အမည်ပေးထားသော ကမ်းလွန်ရှိ လေအား လျပ်စစ်ဓါတ်အားပေး လုပ်ငန်းများ လုပ်ကိုင်နေကြသူများ အဖို့က ထိုသို့ မယူဆပဲ စိမ်းပြာရောင် ထနေသော ရေမျက်နှာပြင်ပေါ်တွင် ထိုးထိုးထောင်ထောင် ထွက်နေသော တာဘိုင်ကြီးများကို လက်ညိုးထိုးပြပြီး အင်ဂျင်နီယာ တဦးက ကမ္ဘာပေါ်မှာ လေတိုက်အား အကောင်းဆုံး ရနိူင်တဲ့ နေရာပဲဟု ပြောခဲ့သည်။
ယခုနှစ်မှစ၍ အပြည့်အဝ စတင် လည်ပတ်နေပြီ ဖြစ်သော လေအား ဖြင့် လျပ်စစ်ဓါတ် ထုတ်လုပ်ရေး လုပ်ငန်းသည် အာရှတွင် ပထမဆုံး စီးပွားရေး အရ စတင်လုပ်ကိုင်လာခဲ့သည့် လုပ်ငန်းဟု ပြော၍ရပေသည်၊ ထိုသို့သော လုပ်ငန်းများကို ရေလက်ကြား တလျောက် ဆက်လက် တိုးချဲ့သွားဖို့ ရှိနေပြန်သည်။ တိုင်ဝမ်သည် နျုကလီယား စွမ်းအင်အသုံးပြုနေမှုအား တဖြေးဖြေး ချင်း ရုပ်သိမ်းပြီး အစားထိုး စွမ်းအင်အဖြစ် လေအား ကို သုံးရန် ဆုံးဖြတ်ချက် ချလာခဲ့သည်၊ စီးပွားရေး လုပ်ငန်းရှင်များက သူတို့ အသုံးပြုနေသည့် လျပ်စစ်ဓါတ်အားများ အပြည့်အဝ မရတော့ပဲ စီးပွားရေး ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်၊ ထိုအရေးကို ပါလီမန်တွင် ဆွေးနွေးငြင်းခုံကြရင်း တဖက်နှင့် တဖက် ထိုးမည့်ကြိတ်မည် အထိ အခြေအနေများ တင်းမာသွားခဲ့ရသည်။ ၂၀၁၇ တွင် ကျွန်း၏ မြောက်ဖက်ပိုင်းတွင် အကြီးအကျယ် ဓါတ်အား ပြတ်တောက်မှုနှင့် ကြုံခဲ့ရသော်လည်း သမ္မတ ဖြစ်သူ ချိုင် အင် ဝင်း ကတော့ ၂၀၂၅ တွင် ‘နျုကလီယား မဲ့ မြေ” ဖြစ်ရမည်ဟူသော သူမ၏ အစီအစဉ် ကို လက်မလျော့ပဲ စွဲကိုင်ထားသည်၊ သို့သော် ဝေဖန်သူများကမူ နိူင်ငံရေး စနစ်အား ပတ်ဝန်းကျင် ထိမ်းသိမ်းရေး သမားများ၊ လွတ်လပ်သော ကုန်သွယ်ရေး စနစ်ကို ဆန့်ကျင်ဝေဖန်နေသူများ၏ အလိုကျ အလွယ်တကူ ယိမ်းယိုင် လာခဲ့မှုဟု ထောက်ပြခဲ့ကြသည်၊ ယင်းနှင့် အတူ ‘ဒီမိုကရေစီ သည် ကြွယ်ဝချမ်းသာမှု အတွက် ဆိုးဝါးသော စနစ် တခု ဖြစ်လာပြီလား’ ဆိုသည့် အမြဲလို မေးမြန်းနေကျ မေးခွန်း မျိုး လည်း တဖန် ပြန်လည် ပေါ်ထွန်းလာခဲ့ရသည်။
အဆိုပါ အမြင်မျိုးကား တရုတ်ပြည်တွင်လည်း အကြိုက် ဖြစ်လာနေပြန်သဖြင့် မကြာခဏ ဆိုသလို ကြားနေခဲ့ရသည်၊ “နှစ်ပေါင်း နှစ်ဆယ်မျှ ဒီမိုကရေစီ ကျင့်သုံးခဲ့သော တိုင်ဝမ်သည် ဘာများ ပြနိူင်ခဲ့ပေသနည်း”၊ အထူးသဖြင့် စီးပွားရေး တွင် ဇောက်ထိုးမိုးမျှော် ကျဆင်းလာမှုသာ အဖတ်တင်ခဲ့ရသည် ဟု တရုတ် တတ်သိပညာရှင်တဦး ဖြစ်သူ ဇန် ဝေဝေ က သူ၏ အက်ဆေး စာတမ်းတစောင်တွင် ရေးသားလာခဲ့သည်၊ သူကဲ့သို့ အယူအဆမျိုးကို ကျားလေးကောင် ရှိ အချို့ ထံမှလည်း အသံထွက်လာခဲ့သည်၊ တောင်ကိုရီယား နှင့် တိုင်ဝမ် ရှိ အသက်အရွယ် ကြီးရင့်သူများကမူ ပတ်ချုံဟီး နှင့် ချန် ချင် ကိုး တို့ခေတ်ကို ပြန်လည် တမ်းတလာခဲ့ကြသည်။ ‘ဒီမိုကရေစီ ဆိုတာ စားလို့ ရတဲ့ အရာမဟုတ်’ တိုင်ဝမ်ရှိ Foxconn တည်ထောင်သူ တယ်ရီ ဂူး က ဆိုသည်၊ (ဒီမိုကရေစီကလည်း သူ့ကို အစာမကျေခဲ့၊ သူ့အတွက် နိူင်ဖို့ အခွင့်အလမ်း လုံးဝမရှိမှန်း သိလာချိန်တွင် သမ္မတ ရွေးကောက်ပွဲ ဝင်မည့် သူ့အကြံကို လက်လျော့သွားခဲ့သည်)
တောင်ကိုရီယား နှင့် တိုင်ဝမ်တို့၏ လွတ်လပ်သော နိုင်ငံရေး စနစ်များသည် အမြဲလိုတော့ ဂုဏ်ရောင် ထွန်းပြောင်အောင် မလုပ်နိုင်ခဲ့ပေ၊ ၁၉၈၇ ခုနှစ်မှစ၍ တောင်ကိုရီယားသည် သမ္မတ ခုနှစ်ဦး ရွေးချယ်တင်မြှောက်ခဲ့ပြီး ဖြစ်ရာ ထိုအထဲမှ သုံးဦးအား အကျင့်ပျက် ခြစားမှုများဖြင့် ရုံးတင်ခံခဲ့ကြရပြီး တဦးသည် ထောင်ဒဏ် ၁၉ နှစ် အပြစ်ပေးခံခဲ့ရသည်။
ဟောင်ကောင်တွင်လည်း ၁၉၉၇ တွင် တရုတ်ပြည်အား ပြန်လည် လွှဲပြောင်းပြီးချိန်မှစ၍ ပထမဆုံး အုပ်ချုပ်ရေးမှုး ဖြစ်လာသူသည် စောစီးစွာ နှုတ်ထွက်ပေးခဲ့ရသည်၊ ဒုတိယ လူသည် ထောင်ကျခဲ့ရပြီး၊ တတိယမြောက် လူသည်လည်း လူကြိုက်မများလှသဖြင့် ဒုတိယ သက်တမ်းကို ဆက်လက် တာဝန်ယူနိုင်ခဲ့ခြင်း မရှိတော့ပေ၊ လက်ရှိ အုပ်ချုပ်ရေးမှုးသည်လည်း သူမအပေါ် အားလုံးက သဘောမကျ ဖြစ်လာသည်ကို သိလာသဖြင့်လည်း မကြာမီက ဒေသန္တရ ရွေးကောက်ပွဲများအား သူမအပေါ် လူထု စစ်တမ်း ကောက်ယူသည့် ပုံစံမျိုး ဖြင့် အသွင်ပြောင်း ပြုလုပ်ခဲ့ရာမှ ဆိုးရွားသော ရလဒ်များ ထွက်ပေါ်သွားခဲ့ရသည်။ စင်္ကာပူသည်လည်း အရည်အသွေး အလျောက် မြှောက်စားသည် အယူအဆအား နှစ်ပေါင်းများစွာ ဖက်တွယ်ထားခဲ့သော်လည်း လီကွမ်းယု၏ သားသမီးများအကြား အငြင်းပွားမှုများ လူသိထင်ရှား ဖြစ်လာသဖြင့် လက်ရွေးစင် လူကျော်လူမော် နိူင်ငံရေး စနစ်၏ ရုပ်ဆိုးသော အပိုင်းကို လှစ်ဟပြလိုက်သလို ဖြစ်သွားခဲ့ရသည်။
ကျားလေးကောင်ဟု အမည်တွင်လာခဲ့ချိန်တွင် လေးနိုင်ငံစလုံးတွင် ယှဉ် ပြိုင် အရွေးခံသည့် ရွေးကောက်ပွဲမျိုး မရှိခဲ့ပေ၊ သို့သော် နောက်ပိုင်းတွင် ကျားနှစ်ကောင်သည် တက်ကြွသော ဒီမိုကရေစီ ဖက်သို့ ကူးပြောင်းလာခဲ့သည်၊ ကျန်နှစ်ကောင်ကတော့ ယခင်အတိုင်းသာ ကျန်ရှိနေခဲ့သည်၊ ထို့အတွက် လူမှုသိပ္ပံပညာရှင်များ အဖို့ ကျားလေးကောင်၏ မတူညီသော အနေအထားများဖြင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို စမ်းသပ် ကြည့်ရှု့ခွင့် ရလာခဲ့သည်၊ တိုင်ဝမ် နှင့် တောင်ကိုရီယားရှိ အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်သဲသဲ နိုင်ငံရေး ပုံစံအား စင်္ကာပူရှိ ‘စည်းမျဉ်းခံ ဒီမိုကရေစီ’ နှင့် ဟောင်ကောင်၏ ကိုယ်စားပြု မှု မရှိသည့် စနစ်တို့ နှင့် သာမက တိုင်ဝမ် နှင့် တောင်ကိုရီယား၏ ဒီမိုကရေစီ မဆန်ခဲ့သည့် အတိတ်ကာလ နှင့်ပါ နှိုင်းယှဉ် ကြည့်နိုင်ခဲ့သည်။ အဆိုပါ နှိုင်းယှဉ် ကြည့်မှုမှ ဘာတွေ တွေ့ရှိလာခဲ့ရသနည်း။
တောင်ကိုရီယား နှင့် တိုင်ဝမ်သည် ဒီမိုကရေစီ စနစ် မကျင့်သုံးမီကာလများက ကျင့်သုံးလာခဲ့သည့် အချိန်များထက် ပို၍ လျင်မြန်စွာ တိုးတက်လာခဲ့သည်၊ သို့သော် ဟောင်ကောင် နှင့် စင်္ကာပူတို့သည် လည်း ယခုလက်ရှိ ကာလထက် ပိုမို တိုးတက်ခဲ့သည်၊ ထို့အတွက် ယခုအခါ စီးပွားရေး နှေးကွေးလာမှု ကို ဒီမိုကရေစီ တခုတည်း အပေါ် အပြစ်ပုံချ၍ မရနိုင်ပေ၊ မကြာမီ နှစ်များ အတွင်းက ဆိုလျင် စင်္ကာပူသည် ဒီမိုကရေစီ ကျားများထက် ပို၍ လျင်မြန်စွာ ကြီးထွားလာခဲ့သည်၊ သို့သော် ဟောင်ကောင်ကမူ ပို၍ နှေးကွေးသွားခဲ့ရသည်။
ဒီထက်ပို၍ အတွင်းကျကျ စနစ်တကျ လေ့လာခဲ့မှုများမှ တွေ့ရှိချက်များက ရှုပ်ထွေးစွာ ထွက်ပေါ်လာခဲ့ပြန်သည်၊ ၁၉၉၆ တွင် ဟားဘတ် တက္ကသိုလ်မှ ရောဘတ် ဘာရို ၏ အထူး ထင်ရှားခဲ့သော စာတမ်းတခုတွင် ‘နှစ်လိုဘွယ် မကောင်းလှသည့်’ ကောက်ချက်ချမှုမျိုး ထွက်ပေါ်လာခဲ့ရသည်။ ၎င်းက ဒီမိုကရေစီ စနစ် အလွန်အကျွံ ကျင့်သုံးခြင်းသည် တိုးတက်မှု အား (အနည်းငယ်) အန္တရာယ် ပေးလာနိုင်သည်ဟု ဖေါ်ပြထားသည်၊ မဲဆန္ဒရှင် အများစု ကျေနပ်စေရန် ကြွယ်ဝချမ်းသာမှုများကို ပြန်လည် မျှဝေပေးဖို့ လိုအပ်သော်လည်း တဖက်တွင် ရင်းနှီးမြုပ်နှံမှုများနှင့် လုပ်ငန်းများ အပိုင်းတွင် အားပျော့သွားနိုင်သည်ဟု ဆိုသည်။ ထိုအချက်များကို လက်လွတ်စပယ်တော့ ပြောဆိုခဲ့ခြင်း မဟုတ်ပဲ စာရင်းဇယား အချက်အလက်များဖြင့် ဆန်းစစ်တင်ပြထားပြီး နိုင်ငံရေး လွတ်လပ်ခွင့် ကို အလယ်အလတ် သာ ပေးခြင်းသည် အကောင်းဆုံးဟု ကောက်ချက်ချထားခဲ့သည်။ လက်ရှိ စင်္ကာပူ ပုံစံမျိုးဆို လုံလောက်ပြီဟုလည်း ထောက်ပြခဲ့သည်။
သို့သော် ဒီမိုကရေစီ ဘက်တော်သားများ အနေဖြင့် ပိုမိုသစ်လွင်သော စီးပွားရေး သုတေသနများ ပြုလုပ်ကာ ပြေပြစ်နှစ်လိုဖွယ် သုံးသပ်ချက်များ ဖြင့် ယုံကြည် မှုများ တိုးပွားအောင် ပြုလုပ်လာနိုင်ခဲ့သည်။ ဒီမိုကရေစီကြောင့် နိုင်ငံတခု၏ ဂျီဒီပီသည် ရေရှည်တွင် ၂၀% ခန့် တိုးတက်လာနိုင်သည်ဟု MIT မှ ပညာရှင်များက တွက်ချက်ပြသခဲ့ကြသည်၊ ၎င်းတို့၏ အကြောင်းပြချက်သည်ကား ပွင့်လင်းမှုကို အားပေးသည့်အပြင် ပညာရေး နှင့် ကျန်းမာရေး ပိုင်းတွင် ယုံကြည်ချက် အရင်းခံဖြင့် ပြုလုပ်လာခြင်းကြောင့် ဖြစ်သည်၊ စင်္ကာပူ နှင့် ဟောင်ကောင်သည် ပွင့်လင်း မြင်သာမှု ရှိပြီး ပညာရေး နှင့် ကျန်းမာရေး ပိုင်းများတွင် အဆမတန် ရင်းနှီးမြုပ်နှံလာခြင်းများဖြင့် ဒီမိုကရေစီ ၏ စီးပွားရေး ပိုင်းဆိုင်ရာ အကျိုးခံစားမှု အချို့ အား ပုံတူ ပွားလာနိုင်ခဲ့ခြင်း ဖြစ်သည်။
MIT ၏ ပညာရှင်များ အဆိုအရ စီးပွားရေး တိုးတက်မှု များအား ဒီမိုကရေစီ၏ အခြား ပံ့ပိုးပေးနိုင်ခဲ့မှုများကြောင့် လူမှုရေး ပိုင်းတွင် မငြိမ်မသက် ဖြစ်လာနိုင်မှုများအား လျော့ပါးစေခဲ့သည်၊ ကျားများ၏ မကြာမီက အတွေ့အကြံများသည် အဆိုပါ ယူဆချက် မှန်ကန်ကြောင်း သက်သေပြလာနိုင်ခဲ့သည်၊ ၂၀၁၆ ခုနှစ်အတွင်း တောင်ကိုရီယား နိုင်ငံသားများသည် သူတို့၏ သမ္မတ ဖြစ်သူ ပတ်ခ် ဂူ ဟင်း သည် နောက်ကွယ်မှ လျို့ဝှက် ဆန်းကျယ်လွန်းသော အကြံပေးတယောက် ၏ ဩဇာရိပ်အောက် ရောက်နေသည့် အဖြစ်ကို သိရှိလာကြသည့်အခါ သန်း နှင့် ချီသော ကန့်ကွက် ဆန္ဒပြသူများ လမ်းပေါ် ထွက်လာခဲ့ကြသည်၊ အလားတူပင် ဟောင်ကောင် ပြည်သူများကလည်း ပြည်မကြီး၏ ဩဇာလွှမ်းမိုးလာနေမှုအား မခံမရပ်နိုင် ဖြစ်လာကြသဖြင့် ဇွန်လ ကတည်းက သိန်း ချီ၍ လမ်းမများပေါ် ရောက်လာခဲ့ကြသည်။
ဤနေရာတွင် ဒီမိုကရေစီ ကျင့်သုံးသော တောင်ကိုရီယားသည် ပြဿနာကို ဖြေရှင်းနိုင်စွမ်း ရှိခဲ့သည်၊ ဥပဒေပြု လွှတ်တော် မှ သူမအပေါ် တရားစွဲဆို အရေးယူခဲ့ပြီး ဖွဲ့စည်းပုံ ခုံရုံးမှလည်း တရားရုံး၏ စီရင်ချက်ကို ထောက်ခံ ပေးခဲ့သည်၊ မစ္စက် ပတ်ခ် အား ရာထူးမှ ဖယ်ရှားလိုက်ပြီး ထောင်သွင်းအကျဉ်းချခဲ့သည်၊ ထို့နောက် ရွေးကောက်ပွဲကို ကျင်းပကာ သူမနေရာ ဆက်ခံမည့်သူ အား ရွေးချယ်ခဲ့ကြသည်၊ သို့သော် ဟောင်ကောင် အုပ်ချုပ်ရေးမှုး ဖြစ်သူ ကာရီ လင်း အဖို့ သူမ သဘောဖြင့် သူမ ရာထူးမှ နှုတ်ထွက်ရန်ပင် မတတ်နိုင်ခဲ့ရှာပေ၊ သူမအနေဖြင့် ရွေးချယ်စရာ လမ်းမရှိ၊ အားတင်းပြီး ဆက်လုပ်သွားယုံသာ ရှိသည်ဟု စီးပွားရေး လုပ်ငန်းရှင်များ အား ပြောခဲ့သည့် စကားသည် အပြင်သို့ ပေါက်ကြားသွားခဲ့ရသည်။
ဟောင်ကောင်၏ မကျက်တကျက် နိုင်ငံရေး စနစ်သည် ဆန္ဒပြသူများ၏ ဒေါသကို ပြေငြိမ်းအောင် လုပ်နိုင်စွမ်း မရှိသည့် စနစ် ဖြစ်နေသောကြောင့်ပင်၊ ရဲများကိုသာ လမ်းများပေါ်တွင် ချထားပြီး ဆန္ဒပြသူများနှင့် ရင်ဆိုင်စေချင်းမျိုးသာ တတ်နိုင်ခဲ့ကြသည်။ သူတို့အဖို့ကား ရဲများကို နာကြည်းလာစေရန် နှင့် ပိုမို အားကောင်းလာစေရန် ဖန်တီးပေးရမည် ဖြစ်သည်။ အစိုးရ အဖို့ ယခုလို အနေအထားမျိုးတွင် ရဲများကိုသာ အလွယ်တကူ အသုံးချနိုင်ကြသည်၊ ထို့အတွက် ရဲများ စိတ်အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ရမည့် အရေးကို စိုးရိမ် ထိတ်လန့်လာခဲ့ကြသည်၊ ထို့အတွက်လည်း ရဲများ၏ မလျော်ကန်သော လုပ်ရပ်များအပေါ် အရေးယူနိုင်ရန် စုံစမ်းမှုများ ပြုလုပ်နိုင်ခဲ့ကြခြင်း မရှိ ဖြစ်နေရသည်၊ ထိုသို့ တာဝန် ခံနိူင်မှု ပျက်ယွင်းခဲ့ခြင်းကြောင့် ဆန္ဒပြသူများ ၏ ဒေါသ သည် အထွတ်အထိပ်သို့ ရောက်လာခဲ့ရခြင်းလည်း ဖြစ်သည်၊ တရားဥပဒေကို စောင့်ထိန်း ကြပ်မတ်ရန် တာဝန်ရှိသူများ ကပင် ဥပဒေ အား ဖေါက်ဖျက်နေကြက မိမိတို့ အနေဖြင့် အဘယ်ကြောင့် လေးစားလိုက်နာရန် လိုမည်နည်းဟုပင် အချို့က ယူဆလာခဲ့ကြသည်၊ ထိုသို့ ရဲများနှင့် ဆန္ဒပြသူများ အကြား ထိတ်တိုက်ရင်ဆိုင်နေမှုများ ကြောင့် စီးပွားရေးသည် တုန့်နှေး သွားရသည့် အဖြစ် သို့ သက်ဆင်းသွားခဲ့ရသည်၊ နောက်နှစ်ထဲအထိ လည်း ထိုအတိုင်းပင် ရှိနေဦးမည် ဖြစ်သည်၊ ဒီမိုကရေစီသည် ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုသည် မပြုသည် ဖြစ်စေ ဆန္ဒပြသူများ၏ တောင်းဆိုမှုကို မဖြည့်ဆည်းနိူင်သရွေ့ ဆက်လက် ထိခိုက်နေမည်သာ ဖြစ်သည်။
ဆယ်စုနှစ် နှစ်ခုမျှလောက်သာ သက်တမ်းရှိသေးသော ကျားတို့၏ ဒီမိုကရေစီသည် ခက်ခဲနေဦးမည် ဖြစ်သည်မှာ မေးစရာပင် မလိုအောင် သေချာနေသည်၊ အထက်တွင် ဖေါ်ပြခဲ့သော ဖေါ်မိုဆာ လေအားထုတ်လုပ်ရေး လုပ်ငန်းသည် လွန်စွာမှ အကုန်အကျ များသည်ဟု နိုင်ငံတွင်းရှိ မီဒီယာ များမှ ပယ်ပယ်နယ်နယ် ဝေဖန် ရှုတ်ချခဲ့ကြသည်၊ ထို့မျှတင် မကသေး ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဆိုင်ရာ သုံးသပ်ချက် ရှစ်ခုမျှ ထွက်ပေါ်လာခဲ့ရပြန်သည်၊ ဥရောပတိုက်မှာထက်ပင် ပို၍ ပြင်းပြင်းထန်ထန် ရင်ဆိုင်လာခဲ့ရသည်၊ ထိုကဲ့သို့ ဇာတ်လမ်း ဇာတ်ကွက်များ ရှိလာနေသော်ငြားလည်း လေအားလျပ်စစ်လုပ်ငန်း အပေါ် တိုင်ဝမ်၏ ဖြစ်အောင် အကောင်အထည်ဖေါ်မည်ဟူသော ကတိကဝတ်များသည် မြဲမြံခိုင်မာလျက်ပင် ရှိနေဆဲဟု လုပ်ငန်းတွင် ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသည် Orsted Asia Pacific အကြီးအကဲ က ဆိုသည်။
မည်သို့ပင် ဖြစ်စေ တိုင်ဝမ်၏ ဥပဒေပြု အမတ်များအဖို့ နောက်ထပ် အငြင်းပွားစရာ များက ထွက်ပေါ်လာရပြန်သည်၊ ၂၀၁၈ တွင် အစိုးရ ဝန်ထမ်းများ၏ ပင်စင် ကို လျော့ချ ဖြတ်တောက်ရေး နှင့် ပတ်သက်ပြီး ပါလီမန် အတွင်း ဝရုန်းသုံးကား ဖြစ်ခဲ့ရပြန်သည်၊ သို့သော် ထိုကဲ့သို့ အသက်အရွယ် ကြီးရင်လာသူများ မိမိတို့၏ နိုင်ငံအတွင်း များပြားလာနေရခြင်း နှင့် မည်သို့ မည်ပုံ ဖြေရှင်းရမည် ဆိုသည် အပေါ် ကျားလေးကောင် အနေဖြင့် မဖြစ်မနေ ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။
ထိုအကြောင်းများကို ဆက်လက်တင်ပြပါမယ်။
(ပုံတွင် တိုင်ဝမ် ပါလီမန် အတွင်း မြင်ကွင်းကို တွေ့နိုင်ပေသည်)