မလေးရှား ဝန်ကြီး ချုပ် မှ အာဆီယံအား မြန်မာ အရေး ထိရောက်စွာ ဖြေရှင်းရန် ထပ်မံ တောင်းဆို

by Hla Soewai - Mar 08 2023

အာဆီယံ အနေဖြင့် မြန်မာအရေး သည် မလေးရှား အပါအဝင် အိမ်နီးချင်း နိုင်ငံများ ပါ ထိခိုက်လာနေပြီ ဖြစ်၍ ပိုပြီး ထိထိရောက်ရောက် ဖြေရှင်းနိုင်မည့် နည်းလမ်းမျိုး စဉ်းစားရတော့မည်ဟု ပြည်ပရှိ မလေးရှား သံရုံး အကြီးအကဲ ၁၀၆ ဦး နှင့် တွေ့ဆုံရာတွင် ပြောဆိုလာခဲ့သည်။

 

မြန်မာ ကြောင့် မိမိတို့ နိုင်ငံထဲ ဒုက္ခသည် ၂၀၀,၀၀၀ ခန့် ရောက်ရှိလာ‌နေသည့် အရေး အခင်းကြီး ဖြစ်လာနေခြင်း ကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

“ကျွန်တော် အနေနဲ့ ထိုင်း၊ စင်္ကာပူ ဝန်ကြီးချုပ်တွေ၊ ဖိလစ်ပိုင် သမ္မတ နဲ့ တွေ့တဲ့ အခါတိုင်း ဒီအချက်ကို အမြဲလို ထည့်ပြောခဲ့တာချည်းပဲ၊ အာဆီယံ က ဆက်ပြီး ပါဝင် ပတ်သက်နေရမယ် ဆိုတာ ကျွန်တော် အခိုင်အမာ ထောက်ခံတယ်၊ ဒါပေမယ့် အဲ့ဒီနေရာမှ ဒီထက် ပိုပြီး ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကျွန်တော် တို့ စဉ်းစားမှ ဖြစ်မယ်၊ နင့်မိုဆို မြန်မာ စစ်ခေါင်းဆောင် ရဲ့ ရက်စက်ကြမ်းကြုပ်မှု တွေက မြန်မာပြည်ထဲတွင် မဟုတ်တော့ဘူး၊ ကျွန်တော် တို့ အပေါ်ပါ လာပြီး ထိခိုက်နေပြီ” ဟု ဆိုသည်။

 

“အပြုသဘော ထိတွေ့ ဆက်ဆံမှုဆိုတာ ဘယ်လိုမှ ထပ်ပြီး အကျုံးမဝင်တော့ဘူး၊ ဒီလိုမျိုး မူဝါဒ ကျင့်သုံးလာတာ လည်း နှစ်ပေါင်း လေးဆယ် နီးပါး ရှိနေပြီ၊ ဒါကြောင့် တနိုင်ငံ ပြည်တွင်း ရေး တနိုင်ငံက ဝင်မစွက်ရ ဆိုတဲ့ မူ ဆိုပြီး ကျွန်တော်တို့ ဆက်ပြီး လစ်လျုရှုထားလို့ မဖြစ်တော့ဖူး”

 

“ဒီလိုပြောလို ကျွန်တော် တို့ စွက်ဖက်သင့်တယ်၊ တိုက်ခိုက်ရမယ် လို့ ပြောနေတာ မဟုတ်ဘူး၊ အခု ဒီမူဝါကြောင့် ကျွန်တော် တို့ စီးပွားရေး ပါ ထိခိုက်လာနေပြီ နိုင်ငံရေး အရလည်း ဂယက်ရိုက်ခံနေရပြီ၊ ဒါကြောင့်မို ကျွန်တော်တို့ ဆက်ပြီး လစ်လျူရှုလို့ ဖြစ်ကို မဖြစ်တော့ဘူး” ဟု အလေးအနက် ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

 

အီဘရာဟင် အန်နဝါ၏ စကား သည် comfort zone ထဲတွင် တွေဝေ မိန်းမောနေသည့် အာဆီယံ ခေါင်းဆောင်များ အား ခပ်ကြမ်းကြမ်း ဆွဲကိုင် လှုပ်နှိုးလိုက်ခြင်း ပင် ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့သည် ပြဿနာကြီး နှစ်ခု ဖြစ်သည့် ရိုဟင်ဂျာ ဒုက္ခသည်များ သန်းချီ ၍ တဖက်နိုင်ငံထဲ ရောက်ရှိနေမှုနှင့် ပြည်တွင်း တွင် ပြည်သူများ အပေါ် ရိုင်းစိုင်း ယုတ်မာစွာ ကျင့်ကြံ နေမှု များ အစရှိသည့် ပြဿနာ များကို မျက်နှာပြောင်တိုက်ကာ ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

သို့သော် ၎င်းတို့ အဖို့က ရုရှား နှင့် တရုတ် ကျောထောက် နောက်ခံ ပြုနေသည် ဟု မှားယွင်းစွာ ယူဆကာ မောက်မာစွာ ကျင့်ကြံနေခြင်းလည်း ဖြစ်သည်။

 

သို့သော် မင်းအောင်လှိုင် မတွေးမိသည်လည်း ဖြစ်နိုင်သည်၊ ဖြေ ပြီး တွေးခြင်းမျိုးလည်း ဖြစ်နိုင်သည်၊ ၎င်းကို ထိလျှင် မခံ ဟု ပူတင်က တကယ်တမ်း သဘောထား မည် ဟု ခံယူနေခြင်းပင် ဖြစ်သည်၊ ထိုသို့ဆိုက မင်းအောင်လှိုင်အား ယခုလောက်ဆို ပူတင်သည် ကရင်မလင် နန်းတော် ထဲတွင် တခမ်းတနား ဖိတ်ကြား ဧည့်ခံ ပြီးနေ လောက်ပြီ ဖြစ်သည်။ မင်းအောင်လှိုင်က ကလေး အတွေးဖြင့် အနောက်အုပ်စု ကို ခြိမ်းချောက်နေခြင်းလည်း ဖြစ်သည်။

 

ဆီရီယား သမ္မတ ဘာရှာ အယ် အာဆတ်သည် ကရင်မလင် နန်းတော်ထဲ ကြိမ်ဖန်များစွာ ရောက်ခဲ့ပြီး လည်း ဖြစ်မည် ကို အားလုံး က မတွက်ဆ ပဲ နေကြမည် မဟုတ်ပေ။

 

လက်ရှိတွင် ရုရှား နိုင်ငံခြားရေး ဝန်ကြီး အာရှ-ပစိဖိတ် ထိပ်သီး အစည်းအဝေး တက်ရင်း လမ်းကြုံ၍ ဝင်သွားသည်က လွဲ၍ အငယ်တန်း စစ်ဖက်နယ်ဖက် မှ အရာရှိများသာ မင်းအောင်လှိုင် ဆက်ဆံနေရသည့် အဆင့်တွင်ပင် ရှိနေသေးသည်။ ထို့အတွက် ပူတင်မှ မင်းအောင်လှိုင်အား ဆက်ဆံနေပုံသည် လွန်စွာ မှ အေးတိအေးစက် နိုင်ကြောင်း အားလုံးက သိရှိထားပြီ ဖြစ်သည်။ နောက်ထပ်တချက်က ရုရှား ၏ အတွင်းကျကျ ခေါင်းဆောင်ပိုင်း နှင့်လည်း ထဲထဲဝင်ဝင် မလုပ်နိုင် ဖြစ်နေသည်။

 

မင်းအောင်လှိုင်၏ နောက်ထပ် ရည်ရွယ်ချက် တခုကား အခြေအနေများ ဆိုးသည်ထက် ဆိုးလာလျှင် ပူတင်က သူ၏ တပည့်ကျော် ကြီး အား ကြည့်မနေဟု သဘောမျိုးဖြင့် သူ့အောက်ရှိ ဗိုလ်ချုပ်ကြီး များအား ခြိမ်းချောက်ထားနိုင်ရန် ဖြစ်သည်။ ထိုသို့ ခြိမ်းချောက် ထားနိုင်ရန် လည်း စစ်တပ်၏ နိုင်ငံတကာ သုတေသန ဌာနများမှ ရုရှားသည် မြန်မာကို အခြေပြု၍ အရှေ့တောင် အာရှ တွင် အကျိုးစီးပွား ချဲ့ထွင်ရန် စိတ်ဝင်စားနေကြောင်း နှပ်ကြောင်းပေး အလိမ်အညာ အစီရင်ခံစာများလည်း သူ့လက်ထဲတွင် ရှိနေပြီး ဖြစ်ပေမည်။

 

မည်သို့ပင် ရုရှား အား မင်းအောင်လှိုင်မှ မျက်နှာလို မျက်နှာရ ပြောဆို နေစေကာမူ ပူတင်သည် မင်းအောင်လှိုင် အား တူတူတန်တန် မဟာမိတ် တဦး အဖြစ် အပြည့်အဝ အကာအကွယ် ပေးသွားဖို့ စဉ်းစားထားခြင်း မရှိသည်က ထင်ရှားနေသည်။

 

မင်းအောင်လှိုင် မှ မည်သို့ပင် eternal friendship ရာသက်ပန် ချစ်ကြည်ရေး တည်ဆောက်နေသည်ဟု ကြွေးကျော် နေစေကာမူ ရုရှား နှင့် တရုတ်သည် အာဆီယံ နှင့် အတိုက်အခံ လုပ်ကာ မြန်မာ စစ်ဗိုလ်ချုပ်များအား မည်သည့် နည်းနှင့်မျှ ထောက်ခံ ပေးသွားမည် မဟုတ်ဆိုသည်က နှစ်နှစ် ကြာလာသည်အထိ နှစ်နိုင်ငံစလုံးက သိသာထင်ရှားအောင် နွေးထွေးစွာ ဆက်ဆံရေး မျိုး တည်ဆောက်ရန် မကြိုးစားခဲ့သည်ကို ကြည့်က အတိုင်းသား ပေါ်လွင်နေပေသည်။ ကရင်မလင်သည် မင်းအောင်လှိုင် သူ့ဖာသာ ပြုတ်ကျသွားလည်း မည်သို့မျှ နေမည် မဟုတ် ဆိုသည်ကို ကုလ အပါအဝင် အာဆီယံ က ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်။

 

ထို့အတွက် အာဆီယံ မှ စစ်အာဏာသိမ်း အဖွဲ့ နှင့် ဆက်ဆံရန် တင်းခံနေသရွေ့ ၎င်းတို့ အဖို့ မည်သို့မျှ ရှေ့ဆက် မရနိုင်၊ ထိုအချက်တခုတည်း နှင့်ပင် အာဆီယံ ၏ အခန်းကဏ္ဍသည် တော်လှန်ရေး အတွက် အရေးပါနေခြင်း ဖြစ်သည်။ သို့သော် မင်းအောင်လှိုင် အား မြန်မာ ပြည်သူများက မည်သို့မျှ ဖယ်ရှားနိုင်စွမ်း မရှိတော့ဟု ယူဆလာလျှင်တော့ သဘောထား များ ပြောင်းလဲလာကြမည်သာ ဖြစ်သည်။

 

ထို့အတွက် ပြည်သူတို့ ပန်းတိုင် ရောက်သည့်အထိ ကြံ့ကြံ့ခံ တွန်းလှန်သွားရမည် သာ ဖြစ်သည်၊ လက်ရှိ နိုင်ငံတကာ မှ မင်းအောင်လှိုင် အား ဆန့်ကျင်နေကြခြင်းသည် ၎င်းတို့အနေဖြင့် ကိုယ်ကျင့်တရား ထက် မြန်မာ ပြည်သူများ၏ ဇွဲ သတ္တိ အပြည့်နှင့် ကြံ့ကြံ့ခံ တွန်းလှန်နေခြင်း ကြောင့် သာ ဖြစ်သည်ကို သိထားသင့်ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!