ကွန်မြူနစ် အစိုးရသည် ဘဏ္ဍာရေး အရ ပံ့ပိုးပေးနိုင်စွမ်း မရှိ၍ လူအင်အား ကို ဆွဲထုတ် အသုံးချလာခြင်းလည်း ဖြစ်ပေသည်။ ထိုအရေး အတွက် တရုတ်နိုင်ငံသား အားလုံး မိမိတို့ ကျရာတာဝန် ထမ်းဆောင်ရမည်ဟု ပြောလာခဲ့သည်။ ထွက်ပေါ်လာသည့် ရလဒ်သည်ကား ခန့်မှန်းထားသည့် အတိုင်းပင် ကပ်ကြီး ဆိုက်လာခဲ့ပေတော့သည်။
နိုင်ငံတဝှမ်း ရှိ ဘုံ လယ်တော အိမ်များ ၏ နောက်ဖေးခြံများ တွင် သံရည်ကျိုရန် ဖားဖိုကြီးများ အစီအရီ ပေါ်ထွန်းလာခဲ့သည်။ ကျေးလက် အလုပ်သမား ဖြစ်လာသူများသည် သူတို့ လက်လှမ်းမှီသမျှ သံထည် ပစ္စည်းများကို လယ်ယာ လုပ်ငန်းသုံး ပစ္စည်းများ ပင် ချန်ထား၍ မဖြစ်တော့ပဲ စုဆောင်းပြီး သံရည်ကျို ကြရသည်။ ဝါဒဖြန့် ပိုစတာများ တွင်တော့ သာယာချမ်းမြေ့ဖွယ် လယ်ယာလုပ်ငန်းခွင် များ တွင် ထွန်ယက်စိုက်ပျိုးနေကြပြီး အစားအသောက်များ အလျံပယ် ထုတ်လုပ်ပေးနေသလို တဖက်တွင် ဖားဖို ကြီးများမှ မီးခိုးတလူလူ ဖြင့် နိုင်ငံ ခေတ်မှီ ဖွံ့ဖြိုးရေး အတွက် သံ များ ကျိုချက် ထုတ်လုပ်ပေးနေကြပုံ ကို ဖေါ်ကျုးထားခဲ့သည်။ (ပုံတွင် ရှု)
တကယ်တမ်းတွင် သီးနှံများ ပုတ်သိုး ဆွေးမြေ့ကုန်ပြီး ဘုံလယ်တော ရှိ ထမင်းစားဆောင်များ တွင် လည်း အစားအသောက်ကို မနည်း ရှာကြံ ကျွေးမွေးရသည့် အခြေ ဆိုက်လာခဲ့သည်။
အစိုးရသည် တရုတ်ပြည် တဝှမ်း အစာရေစာ ပြတ်လတ်လာမှု ကို သတင်း အမှောင်ချလာခဲ့သော်လည်း ပညာရှင်များ၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံသား ၁၅ သန်း မှ ၄၅ သန်း အကြား သေဆုံးခဲ့သည်ဟု သိရသည်။
မော်၏ ခုန်ပျံ ကျော်လွှားရေး စီမံကိန်း ဖြင့် လူက ဖန်တီးသော အငတ်ဘေးကြီး နှင့် ရင်ဆိုင်လာခဲ့ရပြီး ကမ္ဘာ သမိုင်း တလျှောက်တွင် လူအသေအပျောက် အများဆုံး ဒုဗ္ဘိ ကန္တာရ ကပ်ကြီး ဆိုက်ခဲ့ရသည်။ ဆိုဗီယက် ပြည်ထောင်စု တွင် ဖြစ်ပွားခဲ့သည့် အငတ်ဘေး နှင့် လည်း နှိုင်းယှဉ် ဝေဖန်ခံခဲ့ရပြန်သည်။ စတာလင်၏ အလားတူ စုပေါင်းလယ်ယာ နှင့် စက်မှု စီမံကိန်း များ ကြောင့် ၁၉၃၀ ကျော် နှစ်များ အတွင်း အစာရေစာ ပြတ်လပ်ပြီး လူပေါင်း ၅ သန်း မှ ၇ သန်း အကြား သေဆုံးခဲ့ရပြီး ဖြစ်သည်။ ဤသည်ကို ကြည့်က တရုတ် ကွန်မြူနစ် ပါတီသည် ထိုစဉ်က ဆိုဗီယက် တို့၏ အမှားများကို သင်ခန်းစာ ယူခြင်း အလျှင်း မရှိပဲ မျက်စိမှိတ် ပုံတူ ကူးချခဲ့ကြသည်မှာ ထင်ရှားနေသည်။ သူတို့ လုပ်လျှင် ထိုသို့ မဖြစ်ဟုလည်း ယူဆဟန် ရှိသည်။
ထိုကာလများ အတွင် တရုတ်-ဆိုဗီယက် ဆက်ဆံရေးသည် အေးတိအေးစက် ဖြစ်လာခဲ့သည်။ မော်စကိုသည် တရုတ်၏ ခုန်ပျံကျော်လွှား စီမံကိန်းကို စိတ်ပါလက်ပါ ထောက်ခံခဲ့ခြင်း မပြုခဲ့ပေ။ ၁၉၆၀ တွင် တရုတ်ပြည်အား ဆိုဗီယက်မှ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ လူသိရှင်ကြား ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ် ဆိုက တရုတ် ကွန်မြူနစ်များသည် ဆိုဗီယက် တို့၏ စကားကို နားထောင်ကောင်း နားထောင် နိုင်ဖွယ် ရှိသော်လည်း ယခု ထိုသို့ မဟုတ်တော့ပေ။
နီကီတာ ကရူးရှက်သည် တရုတ်တို့အား ရုပ်ဝတ္ထု ပိုင်း ပံ့ပိုးပေးခဲ့သော်လည်း ဆိုဗီယက် ခေါင်းဆောင်ပိုင်းကမူ တရုတ်တို့အား သံသယ ဖြင့် ရှုမြင်လာခဲ့ကြပြီ ဖြစ်သည်။ တရုတ်တို့ဖက်ကလည်း ဆိုဗီယက်တို့ အပေါ် အလားတူ သဘောထားလာကြသည်။ မော်သည် ကရူးရှက်အား စတာလင် ဝါဒ ကို ဖျက်လိုဖျက်ဆီး လုပ်နေသူ အဖြစ် ယူဆလာသည်။ ထို့အပြင် ကရူးရှက်သည် အမေရိကန် နှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး ဆိုသည့် မူဝါဒ အား ထုတ်ဖေါ် ပြောဆိုလာမှုကိုလည်း ဆတ်ဆတ်ခါ နာကျည်းခဲ့သည်။
ယခင်က တရုတ်ကွန်မြူနစ် ခေါင်းဆောင် များသည် ဆိုဗီယက် တို့အား ကွန်မြူနစ် ကမ္ဘာ၏ ဘုရားငယ် တဆူ အလား ကိုးကွယ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ဆိုဗီယက် ကွန်မြူနစ် ပါတီအား “ပြန်လည်ပြင်ဆင်ရေး သမားများ၊ အခွင့်အရေး သမားများ” ၊ မက်စ် ဝါဒ ကို ခြေခြေမြစ်မြစ် နားလည်သိရှိထားသူ များ မဟုတ်ဟု ကင်ပွန်းတပ် ပြောဆိုလာခဲ့ကြသည်။
တရုတ် နှင့် ဆိုဗီယက် တို့ အကြား ခါးသီးသော ဆက်ဆံရေး များ ဖြစ်ပေါ်လာခြင်း နှင့်အတူ ဆိုရှယ်လစ် ကမ္ဘာတွင် ခေါင်းဆောင်နေရာ အတွက် ပြိုင်ဆိုင်လာသည့် အထိ ကူးပြောင်း ရောက်ရှိလာခဲ့သည်။ ဆိုဗီယက်တို့သည် ပြည်တွင်း တွင် အောင်မြင်မှု များ ရရှိလာခဲ့ပြီး လပေါ် သို့ပင် လူ လွှတ် နိုင်ခဲ့ပြီ ဖြစ်သည်။ မော်သည် သူ၏ ခုန်ပျံ ကျော်လွှားရေး စီမံကိန်း ၏ အကြီးအကျယ် ထိခိုက်နစ်နာလာရပြီ ဆိုသည်ကို ၁၉၆၁ တွင် လစ်လျု ရှု၍ မရတော့သည့် အခြေ စိုက်လာခဲ့သည်။
တရုတ် ကွန်မြူနစ် ပါတီ အတွင်းလည်း မော် သည် ဖိအားပေးလာမှုများ နှင့် တိုး၍ ရင်ဆိုင်လာခဲ့ရသည်။ ဤသို့ဖြင့် တရုတ် ကွန်မြူနစ် ပါတီ အာဏာရလာပြီး နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အကွဲအပြဲ များသည် ဖုံးမရ ဖိမရအောင် ထွက်ပေါ်လာခဲ့တော့သည်။ ၁၉၆၂ အရောက်တွင်တော့ မော်သည် ခုန်ပျံ ကျော်လွှားရေး စီမံကိန်း ကြီးအား ချောင်ထိုးလာခဲ့ရတော့သည်။
မော် သည် လည်း မတတ်သာတော့သည့် အဆုံး ကိုယ့်ကိုကိုယ် ဝေဖန်ရေး ဆိုသည်ကို ပြုလုပ်ခဲ့ရသည်။ ၁၉၅၉ တွင် နိုင်ငံ အကြီးအကဲ ရာထူးမှ နှုတ်ထွက်ပေးခဲ့ပြီး လူလျောက်ချီ နှင့် အစားထိုးခဲ့သည်။ လူလျောက်ချီသည် အစောပိုင်း ကာလ များ အတွင် ဆိုဗီယက် နှင့် ဆက်ဆံရေး တွင် အဆင်ပြေအောင် ဆောင်ရွက်ရသူ ဖြစ်ခဲ့ယုံမက ၁၉၅၀ ကျော် နှစ်များ အတွင်း ဒေသဆိုင်ရာ အဆင့် ပါတီတွင်း သန့်စင်ရေး ကိုပါ ဦးဆောင် ပေးခဲ့ရသူ ဖြစ်သည်။
သို့သော် မော်၏ အာဏာသည် အန္တရာယ်ကျရောက်လာသည် အထိ တော့ ရောက်မလာခဲ့ပေ။ သူသည် နိုင်ငံအကြီးအကဲ အဖြစ်မှသာ နှုတ်ထွက်ခဲ့သော်လည်း လွန်စွာ တန်ခိုးထွားသည့် တရုတ် ကွန်မြူနစ် ပါတီ ၏ ဥက္ကဌ ရာထူးကို ဆက်လက် ဆုပ်ကိုင်ထားခဲ့သည်။ သူသည် သူ့အပေါ် ဝေဖန်လာသူများ အား သစ္စာ မရှိသူများ အဖြစ် သတ်မှတ်ပြီး လက်စားချေနိုင်မည့် အခွင့်အလန်းကို စောင့်စားနေခဲ့ပြီ ဖြစ်သည်။