သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(113)

by Hla Soewai - Mar 05 2023

မော်စီတုံး ၏ တော်လှန်သော ခရီးကြမ်း (၅)

 

“ပုန်းကွယ်နေသော တန်ပြန် တော်လှန်ရေး သမားများ” အား အမြစ်ဖြတ် ရှင်းလင်းရန် ဆိုကာ ပါတီသည် ပိုက်ကွန်ကြီး ကို ဖြန့်ကျက် နိုင်သမျှ ဖြန့်ကျက် ချလာခဲ့သည်၊ ယခင် ချန်ကေရှိတ် အမျိုးသားရေး ဝါဒီများ နှင့် အနည်းငယ်မျှ အဆက်အစပ် ရှိသူ မှန်သမျှ ကိုပင် ပါတီ အပေါ် သစ္စာ အပြည့်အဝ မရှိသူများ အဖြစ် စောင့်ကြည်ရန် လိုအပ်လာသည်ဟု ခံယူလာကြသည်။ ထိုသို့သော လူများသည် အဝေးရောက် အမျိုးသားရေး အစိုးရ အား အာဏာပြန်ရရန် လျို့ဝှက် ကြံစည်နေကြသူများ ဖြစ်သည်ဟု ထုတ်ပြောလာခဲ့သည်။ ထိုသို့ မဟုတ်ပါကလည်း အမေရိကန် တို့ အကျိုးရှိရာ ရှိကြောင်း လုပ်ကိုင်ပေးနေသူများဟု ဆိုသည်။

 

ပါတီ အပေါ် လုံးဝဥသုံ စိတ်နှစ်မြူပ်လာစေရန် ဆိုကာ လွတ်လပ်စွာ တွေးခေါ်တတ်သည့် ပုံမျိုး ရှိသည်ဟု  သံသယ ဖြစ်စရာ အနည်းငယ် ရှိသူ များကိုပင် သန့်စင်ပြစ်ရန် ကြိုးပမ်းလာခဲ့သည်။ ဤသို့ဖြင့် အပြစ် ကင်းမဲ့သည့် အရပ်သား ၁၀၀,၀၀၀ ခန့်သည် တန်ပြန် တော်လှန်ရေးသမား များ အဖြစ် တံဆိပ်ကပ်ခံခဲ့ကြရသည်။

 

ထိုသို့ ဖိနှိပ်မှုများ၊ တရားသေ ဝါဒ လက်ကိုင်ထား ကျင့်သုံးနေသည့် အနေအထားများ ရှိနေသည့် ကြားမှပင် နောက်ပိုင်းတွင် လျော့ပေါ့ပေးလာတော့မည် ဟူ သော မျှော်လင့်ချက် ရောင်ခြည်များ  ခေတ္တခဏ ဆိုသလို ထွက်ပေါ်လာခဲ့ပြန်သည်။ ဤသည်ကား ၁၉၅၆ ခုနှစ်တွင် ဖေဖေါ်ဝါရီလ တွင် နီကီတာ ကရူးရှက် သည် ဆိုဗီယက် ကွန်မြူနစ် ပါတီ၏ တံခါးပိတ် အစည်း အဝေး တွင် စတာလင်၏ လုပ်ရပ်များ အား ပြစ်တင်ရှုတ်ချ ကြောင်း သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုလာခဲ့ခြင်းကြောင့် ဖြစ်သည်။ အဓိကအား ဖြင့် သစ္စာရှိသော ကွန်မြူနစ် များ အပေါ် နှိပ်ကွပ်ခြင်းများ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ် ဆည်းကပ်မှု ကို ဖန်တီး တည်ဆောက်လာခြင်း များကို ဖြစ်သည်။ ယခုအခါ မော် သည်လည်း စတာလင် ကဲ့သို့ပင် ပြုမူ လာနေပြီ ဖြစ်သည်။

 

၁၉၅၆ မေလ တွင် မော် သည် “ပန်းပေါင်းတရာ ပွင့်ပါစေ” ဟု အမည်ပေးထားသော ကမ်ပိန်းကို စတင်ကြောင်း ကျေညာလာခဲ့သည်။ တရုတ်ပြည်သူများ တဦးချင်း အနေဖြင့် မိမိတို့ ကိုယ်ပိုင် အတွေးအခေါ်များ ဖြင့် တရုတ်ပြည်ကြီး အင်အား ပြည့်ဝလာစေရေး ပျိုးထောင်ပေးရန် အတွက် ဖြစ်သည်ဟု ဆိုသည်။ ပညာတတ်များ၊ အနုပညာရှင်များ၊ စာရေးဆရာမျာအား မိမိတို့ စိတ်ထဲရှိသည့်အတိုင်း ဝေဖန်ထောက်ပြကြရန်လည်း တိုက်တွန်းခဲ့သည်။

 

သို့သော် မော် ၏ စကားကို မယုံရဲ  ယုံရဲ ဖြစ်နေ၍ အစပိုင်း တွင် တုန့်နှေး နေကြသေးသော်လည်း နောက်ပိုင်းတွင် ပါတီတွင်း အကျင့်ပျက် ဖေါက်ပြန်မှုများ၊ မှားယွင်းနေသော ပေါ်လစီ များ အပေါ် ဝေဖန်မှုများ တဟုန်ထိုး ထွက်ပေါ်လာခဲ့တော့သည်။ အဓိက အားဖြင့် တရုတ်ပြည်သူတို့၏ ဓလေ့ထုံးစံ လူနေမှု ဘဝသည် ပါတီ၏ တင်းကျပ်သော မူဝါဒများနှင့် ကွန်မြူနစ်ပါတီ၏ အာဏာ လက်ဝါးကြီး အုပ်ထားမှု အောက်တွင် မွန်းကျပ်လာနေပြီ ဆိုသည့် အကြောင်းများပင် ဖြစ်သည်။

 

ပါတီ နှင့် အစိုးရ အရာရှိများ၏ ထိုသို့ ဝေဖန်လာမှုများ အပေါ် အရေးယူခြင်း ရှိမည် မဟုတ်ဟု အာမခံ ခဲ့ကြသည် အပေါ် ယုံကြည်ခဲ့မှုများ မှားသွားခဲ့ပြီ ဖြစ်ကြောင်း အချိန်နှောင်းမှ သိရှိသွားခဲ့ကြသည်။

 

၁၉၅၇ ခုနှစ် တွင် ပန်းပေါင်းတရာ ပွင့်ပါစေ ကမ်ပိန်း ဖြင့် “သားရဲတွင်းထဲမှ မြွေများကို မျှား ခေါ် ထုတ်နိုင်ခဲ့ပြီ” ဟု အစိုးရ၏ ကျေညာချက် ထွက်ပေါ်လာသည်။ နောက်ပိုင်းတွင် လက်ယာဝါဒီ တိုက်ဖျက်ရေး ဥပဒေ ထုတ်ပြန်ပြီး လူပေါင်း ငါးသိန်း ခန့် ကို ဖမ်းဆီးခဲ့သည်။ တန်ပြန်တော်လှန်‌ရေး သမားများ၊ လက်ယာစွန်း သမား ဟု ကင်ပွန်းတပ်ကာ အချို့ကို အလုပ်ကြမ်း စခန်း များသို့ ပို့ကာ အချို့အား အစွန်အဖျား ဒေသများသို့ ပြည်နှင်ဒဏ် ပေးခဲ့သည်။ (ပုံတွင် ဖမ်းဆီးခံရသူ တဦး အား တွေ့နိုင်သည်)

 

အများစုသည် ကွန်မြူနစ် ပါတီဝင်များ မဟုတ်ကြပဲ ကိုယ်ပိုင် အတွေး အခေါ်များ ရှိထားကြပြီး ဖြစ်သည့် ပညာတတ်များ ဖြစ်ကြသည်၊ အခြားလူများသည် ပါတီ အပေါ် သစ္စာရှိသူများ ဖြစ်ပြီး စေတနာ နှင့် ထောက်ပြဝေဖန်ခဲ့ကြသူများ ဖြစ်သည်၊ မည်သို့ပင် ဖြစ်စေ ထိုလူငါးသိန်း သည် မိမိတို့ စိတ်ထဲ ရှိသည်ကို ထုတ်ဖေါ်ပြောဆိုခဲ့ကြ၍ ဘဝပျက်သွားသည် အထိ ဖြစ်ခဲ့ကြရသည်။

 

မော် သည် ဆိုရှယ်လစ် နိုင်ငံတော် သစ်ကြီး ပေါ်ပေါက်ရေး  အတွက် နောက်တဆင့် တက်လှမ်းမည် ဆိုကာ ကွန်မြူနစ် အစိုးရ၏ အာဏာ ကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်လာခဲ့သည်။

 

၁၉၅၇ တွင် နောက်ထပ် ကမ်ပိန်း အဖြစ် “ခုန်ပျံ ကျော်လွှားရေး” အစီအစဉ်များကို ချမှတ်လာခဲ့သည်။ ယင်း စီမံကိန်းသည် စက်မှု လုပ်ငန်းများ အား အနောက်အုပ်စု နှင့် အမြန် ရင်ဘောင်တန်းနိုင်ရေး အတွက် ဖြစ်သည်ဟု ဆိုသည်။ ဤသို့ဖြင့် ကုန်ထုတ်လုပ်မှု များ တိုးတက်ရန် နှင့် အဆင်ပြေ ချောမွေ့စေရန် ဆိုကာ မကြာမီက ဖွဲ့စည်းထားသော ပြည်သူ့ ကွန်မြွန်း ခေါ် ဘုံလယ်ယာမြေ များ ရှိ လယ်သမားများအား လယ်ယာ စိုက်ပျိုးရေး မှသည် သံမဏိ ထုတ်လုပ်နိုင်ရေး ဆီသို့ ရွှေ့ပြောင်း လုပ်ကြရမည် ဟု မော်က ကျေညာလိုက်သည်။

 

ထုတ်လုပ်ရေး ရည်မှန်းချက် အဖြစ် တနှစ်အတွင်း ယခင် သံမဏိထုတ်လုပ်နိုင်မှု ပမာဏထက် နှစ်ဆတိုး ထုတ်ရမည်ဟု သတ်မှတ်လိုက်သည်။ ဤသို့ဖြင့် သန်းပေါင်း တရာခန့် ရှိသော လယ်သမားများအား သံမဏိထုတ်လုပ်ရေး လုပ်ငန်းခွင်များထဲ သွတ်သွင်းလာခဲ့ပေတော့သည်။