စစ်အာဏာသိမ်း အဖွဲ့သည် မြန်မာ ပြည်သူ များ နှင့် စစ်ပွဲကြီး ဆင်နွှဲနေသည့် အဆင့် ရောက်ရှိနေပြီဟု ကုလသမဂ္ဂ အစီရင်ခံစာ တွင် ပါရှိလာ အမေရိကန် ရှိ မြန်မာ လူထု မှ ဘိုင်ဒင် အစိုးရ အား NO-Fly Zone သတ်မှတ်ပေးရန် တောင်းဆို

by Hla Soewai - Mar 05 2023

ကုလသမဂ္ဂ လူ့အခွင့်အ‌ရေး အဖွဲ့ကြီး၏ မြန်မာ တွင် စစ်အာဏာသိမ်းမှု ကြောင့် ဖြစ်ပေါ်လာသော အခြေအနေများနှင့် ပတ်သက်၍ နှစ် နှစ်တာ အစီရင်ခံစာတွင် စစ်အာဏာသိမ်း အဖွဲ့သည် ယခုအခါ ပြည်သူများအား ၎င်းတို့၏ ရန်သူ များ အဖြစ် သတ်မှတ်ဆက်ဆံနေပြီး စစ်ပွဲကြီးများ ဆင်နွှဲနေသည့် အတွက် အသက်ရှင် နေထိုင်ရေး ဆိုသည့် အခြေခံ အခွင့်အရေး များပင် ထိခိုက်လာနေပြီ ဖြစ်သည်ဟု ဂျနီဗာ တွင် အခြေစိုက်သည့် ကုလ လူ့အခွင့်အရေး ကောင်စီ ၏ ၅၂ ကြိမ် မြောက် ညီလာခံသို့ တင်သွင်းသော အစီရင်ခံစာတွင် ပါရှိလာခဲ့ပြီ ဖြစ်သည်။

 

လူ့အခွင့်အရေး အဖွဲ့ အကြီးအကဲ ဗေါ်ကာ တပ်ခ် မှ စစ်တပ်သည် မည်သို့မျှ တာဝန်ခံခြင်း မရှိပဲ သဘောရှိ ပြုလုပ် ပိုင်ခွင့် ရနေ၍ အခြေအနေသည် “ပြည်တည်ပြီး ဆိုးဝါးလာနေသော အနာကြီး” သဖွယ် ဖြစ်လာနေပြီ ဟု မှတ်ချက်ချခဲ့သည်။

 

မိမိတို့ ရုံးမှ စစ်တပ်၏ လက်ချက် ဖြင့် သေဆုံးသွားသူ စုစုပေါင်း ၂,၉၄၀ ဦး ရှိနေပြီ ကို အတည်ပြု နိုင်ခဲ့ပြီး ထိုအထဲတွင် ၃၀ ရာနှုန်း ဖြစ်သော လူ တ‌ထောင်နီးပါးသည် ဖမ်းဆီးထားစဉ် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

 

မြန်မာ နိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အဖွဲ့ အကြီးအကဲ ဂျိမ်းစ် ရိုဒီဟေဗာ မှ နိုင်ငံတွင်း စစ်မျက်နှာ ၁၃ ခု ဖွင့်၍ တိုက်ခိုက်နေရ၍ စစ်တပ်သည် နဲနဲ နှင့် ကျဲကျဲ ဝိုင်းနေရသည့် အနေအထား ရှိနေ၍ မြေပြင် တပ်များ ဝင်ရောက်နိုင်ရန် လေတပ် နှင့် လက်နက်ကြီးများကို သုံးနေရသည်ဟု ဆိုသည်။

 

နိုင်ငံတွင်း မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလာနေပြီဟုလည်း အစီရင်ခံစာ တွင် အသေးစိတ် ပါရှိလာခဲ့သည်။

 

ကုလ ၏ အစီရင်ခံစာတွင် နှစ် နှစ် အတွင်း မီးရှို့ ဖျက်ဆီးခံရသည့် အိမ်အလုံးရေပေါင်း ၃၉,၀၀၀ နီးပါး ရှိလာပြီး ၂၀၂၁ နှင့် နှိုင်းစာလျှင် အဆ တထောင် ခန့် တိုး၍ လာပြီး ဖမ်းဆီးခံရသူ ၁၇,၅၇၂ ဦး ရှိနေပြီဟု ပါရှိသည်။

 

ဤသည်ကို ကြည့်က စစ်တပ်သည် ၎င်းတို့ ပြည်သူများ အပေါ် ရန်သူ သဖွယ် ဆက်ဆံနေပြီ ဆိုသည်မှာ ထင်ရှားနေပြီ ဖြစ်သည်ဟု မစ္စတာ ရိုဒီ‌ဟေဗာ က ဆိုသည်။

 

စစ်အာဏာသိမ်း အဖွဲ့၏ တခုတည်းသော ရည်ရွယ်ချက်မှာ အာဏာသိမ်းမှု အား ဆန့်ကျင်နေသူ များအား လုံးဝ အမြစ်ပြတ်သည်အထိ ချေမှုန်းသွားရန် ဖြစ်၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ရမည်များ ကို ဖျက်သိမ်းထားရသည့် အဆင့်တွင် ရှိနေသည်ဟု အစီရင်ခံစာ တွင် ရေးသားထားသည်။

 

၄၃ မျက်နှာ ရှိသော အဆိုပါ အစီရင်ခံစာ အား Flash Report ဟု အမည်ပေးထားပြီး မြေပုံ ကားချပ်၊ ဓါတ်ပုံများ နှင့် အသေးစိတ် တင်ပြထားသည်။

 

ယင်းသည် နိုင်ငံတကာ မှ မည်သို့မျှ မျက်ကွယ်ပြု၍ မရသော အစီရင်ခံစာကြီးလည်း ဖြစ်လာနေပေပြီ။

 

အမေရိကန် ပြည်နယ် အသီးသီးမှ မြန်မာနွယ်ဖွား တိုင်းရင်းသားများသည် ချမ်းအေးလှသည့် အအေးဒဏ် ကို အံတုပြီး ဝါရှင်တန်သို့ စုရုံးရောက်ရှိလာကြကာ နိုင်ငံခြားရေး ဝန်ကြီးဌာန ရှေ့မှ အိမ်ဖြူတော်သို့ တစုတဝေးတည်း ချီတက်ကာ No-Fly Zone သတ်မှတ်ပေးရန် နှင့် လေယာဉ်ဆီများ တင်သွင်း ရောင်းချပေးနေမှု ကို ပိတ်ပင်ရန် တောင်းဆိုခဲ့ကြသည်။ (ပုံတွင် ရှု)

 

စစ်အာဏာသိမ်း အဖွဲ့သည် မိမိတို့ ပြည်သူများ အား နေ့စဉ်လို သတ်ဖြတ်နေကြသည့် အတွက် မြန်မာပြည်သူများ အား အကူအညီ ပေးပါရန် သမ္မတ ဂျိူးဘိုင်ဒင်အား မေတ္တာရပ်ခံခြင်း ဖြစ်သည်ဟု အင်ဒီရာနားရှိ ချင်း မိသားစု ဥက္ကဌ Peter Thawnghmung က ဗီအိုအေ အား ပြောပြခဲ့သည်။

 

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၏ လေ့လာစောင့်ကြည့်ချက်များအရ ဇူလိုင် မှ ဒီဇင်ဘာလ လယ် အထိ လေကြောင်းမှ တိုက်ခိုက်မှု များ တိုး၍ လာနေသည်ဟု သိရသည်။ အာဏာသိမ်းပြီးချိန်မှစ၍ နှစ်နှစ်တာ ကာလအတွင်း အနည်းဆံး အကြိမ် ၆၀၀ ခန့် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု စစ်တမ်းများအား ကိုးကား၍ ဘီဘီစီမှ ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင်၏ လုပ်ရပ်များသည် အမေရိကန် ဗဟို ထောက်လှန်းရေး ဗျူရို (FBI) ၏ “ပြည်တွင်း အကြမ်းဖက်မှု” အဓိပ္ပါယ် ဖွင့်ဆိုချက် နှင့် တထပ်တည်း တူညီနေသည်ဟု Forces of Renewal for South East Asia (FORSEA) ၏ ဖေဖေါ်ဝါရီ လ အတွင်း ထုတ်ပြန်သော ကျေညာချက်တွင် ပါရှိလာခဲ့သည်။

 

ဇန်နဝါရီ လ အတွင်း ဒဲရက် ရှိုလက်သည် သူ၏ ဗီအိုအေ အင်တာဗျူးတွင် လောလောဆယ် မစဉ်းစားသေးပဲ ငြိမ်းချမ်းစွာ အဖြေရှာ နိုင်‌ရေး အတွက် နည်းလမ်းများ ရှာ‌ဖွေနေဆဲဟု ပြောဆိုသွားခဲ့သည်။

 

မြန်မာ တိုင်းရင်းသား များ အနေဖြင့် အမေရိကန် နိုင်ငံသားများ ပါဝင်လာအောင် မီဒီယာ ကမ်ပိန်းမျာ၊ ဘန်ပါ စတစ်ကာ ကမ်ပိန်းများ ဖြင့် စည်းရုံးကြဖို့ လိုအပ်‌နေသည်၊ နိုင်ငံတကာ မြို့ကြီးများ တွင်လည်း အလားတူ တောင်းဆိုမှုများ ပြုလုပ်သင့်နေသည်။

 

မြန်မာ ပြည်သူများ ထိုသို့ တညီတညွတ်တည်း တောင်းဆိုလာမှုကို အမေရိကန် အစိုးရ အဖို့ ကြာရှည် မျက်ကွယ် ပြုနေနိုင်စွမ်း ရှိမည် မဟုတ်ဆိုသည်ကိုလည်း မင်းအောင်လှိုင် နှင့် အဖွဲ့က ရိပ်စားထားမိပြီး ဖြစ်သည်။ သူ့သဘော အတိုင်း စိတ်ရှိလက်ရှိ လုပ်ရမည် ဆိုက အကြိမ် ၆၀၀ မှ ၆,၀၀၀ အထိပင် တိုးကာ သစ်ပင် နှင့် ကွင်းပြင်သာ ကျန်‌အောင် လုပ်မည့်သူလည်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် နိုင်ငံတကာမှ တုန့်ပြန်လာမည့် အရေး ကို စိုးရွံ့နေ၍သာ ချုပ်တည်းနေရခြင်း ဖြစ်သည်။ ၎င်းအတွက် က ယခုလို ပုံစံမျိုး နှင့် ဆက်သွား၍ မရတော့၊ နိုင်ငံသည် တဖြေးဖြေး နှင့် War Zone ကြီး အဖြစ် ပြောင်းလဲလိုက်လာနေပြီ ဖြစ်၍ ဟန်ကို့ပြီး နေသာ နေနေရသော်လည်း ၂၀၂၃ သည် သူ့အတွက် Do or Die ဖြစ်လာနေပြီ ကို သိနေပြီး ဖြစ်သည်။ 

 

နေပြည်တော်ထဲတွင်ပင် သုံးရက်ဆက်တိုက် ဆိုသလို ပေါက်ကွဲသံကြီးများ ကြားနေရပြီ ဖြစ်သည်။

 

ဤသည်ကိုလည်း သူ သာမက ကြံ့ဖွတ်ပင် သိနေပြီ ဖြစ်၍ ဝါးချွန်များ အား သစ္စာခံ များကို ထုတ်ပေးပြီး လူကြားမကောင်းအောင် ဝန်းရံပေးနေကြရပြီ ဖြစ်သည်။

 

သို့သော် ထိုအဖြစ်ကို ရိပ်စားမိခြင်း မရှိပဲ စစ်တပ်ဖက်က သာ အောင်ပွဲခံလိမ့်မည်ဟု အထင် ဖြင့် ထောက်ခံ အားပေးနေသူများလည်း ရှိနေပြန်သည်။ သို့သော် ထိုလူများသည် အခွင့်အရေးသမားများသာ ဖြစ်၍ သူ့အတွက် အစစ်အမှန် အင်အား မဟုတ်၊ အခြေအနေ ယိုင်သွားပြီ ဆိုသည်နှင့် သင်္ဘော နစ်လာက အရင်ဆုံး စွန့်ခွာသူများက ကြွက်များပင် ဖြစ်သည်ဆိုသော ဂျာမန် စကားပုံ အတိုင်း အလုအယက် ဘက်ပြောင်းလာကြပေတော့မည်။ သို့သော် ထိုအချိန်ကျမှ ဆိုလျှင် အတော်ကို နောက်ကျသွားပြီ ဆိုသည်ကိုတော့ သိထားသင့်သည်။

 

ပြည်သူများကသာ တော်လှန်ရေးကြီး မုချ အောင်မြင်ရမည်ဟူသော ယုံကြည်ချက် နိုင်ရာ တာဝန် ထမ်းကာ မဆုတ်မနစ် ဆန့်ကျင်သွားကြရမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - ဗီအိုအေ