မော်စီတုံး ၏ တော်လှန်သော ခရီးကြမ်း (၄)
၁၉၅၀ နှစ်ကုန်ပိုင်းမှသည် အပစ်အခတ် ရပ်စဲလာခဲ့သည့် ၁၉၅၃ ခုနှစ် ကာလ အတွင်း ကိုရီယား ကျွန်းဆွယ် ပဋိပက္ခသည် သွေးထွက်သံယိုမှု များစွာ နှင့် ရှေ့မတိုး နောက်မဆုတ် ဖြစ်လာရသည် နှင့် အမျှ ကမ္ဘာစင်မြင့်တွင် တရုတ် နိုင်ငံသစ်၏ အာနိသင် အစွမ်းထက်မှု ကို သိမြင်လာကြသည်။ မော် နှင့် သူ၏ ကွန်မြူနစ် အစိုးရသည်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှူ များ နှင့် ပီတိဖြာဝေလာကြပြီ ဖြစ်သည်။
၁၉၅၃ ခုနှစ်တွင် ဆိုဗီယက် ယူနီယံ၏ အကူအညီဖြင့် ငါးနှစ် စီမံကိန်းဆိုကာ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးမှု အစီအစဉ်များကို ဆက်တိုက်ဆိုသလို အကောင် အထည် ဖေါ်လာခဲ့သည်။
ဆိုဗီယက် ခေါင်းဆောင် စတာလင်သည် အမြဲလို သံသယ ပွားတတ်သူ ဖြစ်၍ မော်ကိုလည်း ချွင်းချက် မထားပဲ သတိဖြင့် ဆက်ဆံလာခဲ့သည်။ နှစ်နိုင်ငံ အကြား ဆက်ဆံရေးသည် အမေရိကန် တို့ ယူဆထားခဲ့သလို နီးနီးကပ်ကပ် မဟာမိတ် ပုံစံမျိုး မရှိခဲ့ပေ။
၁၉၅၃ ခုနှစ် မတ် လ စတာလင် ကွယ်လွန်သွားပြီး နောက်တွင် တရုတ်-ဆိုဗီယက် ဆက်ဆံရေးသည် ကဏ္ဍသစ် တခု သို့ ကူးပြောင်းရောက်ရှိလာခဲ့သည်။
စတာလင် နေရာ ဆက်ခံသူ နီခီတာ ကရူးရှက်သည် ပို၍ ရိုးသားပွင့်လင်းပြီး ဆိုရှယ်လစ် ညီနောင် ဆက်ဆံရေး တည်ဆောက်နိုင်မည့် အလားအလာ ရှိသည်ကို သဘောပေါက်လာခဲ့သည်။ ဤသို့ဖြင့် ကရူးရှက်သည် စီးပွားရေး အကူအညီ များ နှင့် စက်မှု လုပ်ငန်းပိုင်း ကျွမ်းကျင်သူများကို တရုတ်ပြည်သို့ စေလွှတ်ပေးရန် သဘောတူခဲ့သည်။
တရုတ် ဝါဒဖြန့်ချီရေး ယန္တရားကြီးသည် ထိုသို့ လက်ချင်းချိတ်လာမှူကို အရှိန်အဟုန် နှင့် ဝါဒ ဖြန့်လာခဲ့သည်။ ဆိုဗီယက်တို့အားလည်း စက်မှု လုပ်ငန်း ပိုင်း လမ်းပြသူ၊ ဆိုရှယ်လစ် ရဲဘော် ရဲဖက်များ အဖြစ် ပုံဖေါ်လာခဲ့ကြသည်။ တရုတ် နိုင်ငံသားများအားလည်း " ဆိုရှယ်လစ် တို့၏ ဆရာသခင် ဖြစ်သော ဆိုဗီယက် ပြည်ထောင်စု ၏ အဆင့်မြင့် ကုန်ထုတ်နည်းပညာ အတွေ့အကြုံများ" ကို လေ့လာဆည်းပူးကြရန် နှင့် တိုက်တွန်းလာခဲ့ပြန်သည်။
ဤသို့ဖြင့် တရုတ် လယ်သမားများသည်လည်း တဖြေးဖြေး နှင့် လယ်ယာ လုပ်ငန်းများမှ စက်ရုံအလုပ်ရုံများထဲ ရောက်ရှိလာကြတော့သည်။ ပုဂ္ဂလိက စက်မှု လုပ်ငန်းများ ပျောက်ကွယ်သွားပြီး နိုင်ငံပိုင် လုပ်ငန်းများ အဖြစ် အသွင်ပြောင်းလာခဲ့ကြသည်။ အလုပ်အကိုင်များလည်း အလျံပယ် ဖြစ်လာသည်၊ လုပ်ခ အနေဖြင့် မဆိုသလောက်သာ ရနေသေး သော်လည်း ကွန်မြူနစ် အစိုးရက အခြား လူမှု ခံစားခွင့်များကို ရက်ရက်ရောရော ပေးခဲ့ကြသည်။
သို့သော် အစိုးရက အခြားတဖက်တွင် ပို၍ ထိန်းချုပ်မှု များ ရှိလာနေသည်။ မော်စီတုန်း အစိုးရသည် လူထု အား နိုင်ငံ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ရော စိတ်ပါ နှစ်၍ အလုပ်လုပ်ကြရန် စည်းရုံးသိမ်းသွင်းနေသော်လည်း တဖက်တွင် တန်ပြန် တော်လှန်ရေး ကြီး ပေါ်ပေါက်လာမည့် အလားအလာများကို အတွင်းကျိတ် စိုးရိမ်ကြောင့်ကြမှု နေသည့် လက္ခဏာများ တိုး၍ ထွက်ပေါ်လာနေသည်။
သစ္စာရှိသော တရုတ်နိုင်ငံသား တဦး ဖြစ်ရန် တော်လှန်ရေး သဘောတရားများကို ရာနှုန်းပြည် ယုံကြည်ထောက်ခံမှ ဖြစ်မည်။ တော်လှန်ရေး ကြီး အပြီးတွင် ချက်ခြင်းလိုပင် အစိုးရသည် သူတို့ စိတ်ဝယ် ဖြစ်လာနေသည့် သံသယ များကို အခြေခံပြီး ယခင် အစိုးရ ခေတ် အတွင်း အခွင့်ထူးခံနေသူများအား ဒဏ်ခတ်မှု များ ပြုလုပ်လာကြသည်။
ယခုအခါ အနှောက်အယှက် အတားအဆီး လုပ်နေသည်ဟု ယူဆခံရလျှင် ကွန်မြူနစ် ပါတီဝင်များကို ပင် မချန်ပဲ တန်ပြန်တော်လှန်ရေး သမား ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု သဘောထားလာကြသည်။
ယင်းနှင့် ပတ်သက်၍ တရုတ်ပြည်ဖွား ဗြိတိသျှ နိုင်ငံသား စာရေးဆရာ Jung Chang က သူ၏ ကွန်မြူနစ် မိခင် ကြီး အပေါ် သံသယ ရှိလာသည့် အကြောင်းကို ယခုလို ရေးသားခဲ့သည်။
၁၉၅၀ ကျော် အစောပိုင်း နှစ်များ အတွင်း ကွန်မြူနစ် တဦး ဖြစ်လာဖို့ ဆိုသည်က တော်လှန်ရေး အတွက် မိမိဘဝ ကို လုံးဝ နစ်မြုပ်ထားရမည် ဖြစ်ပြီး မိမိရင်သွေး များ အပေါ် ချစ်ခင် ယုယမှု ကိုပင် တော်လှန်ရေး အပေါ် အပြည့်အဝ သစ္စာ မရှိ ရကောင်းလား ဆိုကာ မျက်မှောင်ကြုံ ကြည့်ခဲ့ကြသည်။
အိပ်သည့် အချိန် ၊ စားသည့် အချိန်များမှ လွဲ၍ နာရီတိုင်းလိုလို ကို တော်လှန်ရေးက ပိုင်ဆိုင်၍ ထို့ အတွက်သာ အသုံးချရမည် ဖြစ်သည်။ တော်လှန်ရေး နှင့် မသက်ဆိုင်သည့် ကိစ္စ မှန်သမျှ ကို မြန်နိုင်သမျှ မြန်မြန် ပြီးစီးအောင် လုပ်ကြရမည်။
ဟူ၍ ဖြစ်သည်။