အိန္ဒိယ၏ မီးစ တဖက် ရေမှုတ်တဖက် လုပ်ရပ် ဗူးပေါ်သလို ပေါ်လာ မလေးရှား သည်းညည်း မခံနိုင် တော့ သည့် အကြောင်း

by Hla Soewai - Mar 02 2023

အများစုက တရုတ်သည် မြန်မာ အား အဓိက ကျောထောက်နောက်ခံ ပေးနေသည်ဟု ယူဆနေကြသော်လည်း တကယ်တမ်း စစ်အာဏာသိမ်း အဖွဲ့ကို လက်နက်ခဲယမ်းကအစ လေယာဉ် ဆီ အဆုံး ပံ့ပိုးပေးနေသည့် နိုင်ငံသည် ဒီမိုကရေစီ အရည်ခွံသာ ကျန်တော့သည့် အိန္ဒိယသာ ဖြစ်နေသည်ကို နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာ ခွင့် အဖွဲ့ကြီးက ခြေရာခံ စုံစမ်းခဲ့ရာ မှ ‌ဖေါ်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

 

ပထမဆုံး အဖြစ် ၂၀၂၂ နိုဝင်ဘာ ၂၈ ရက်တွင် အိန္ဒိယ နိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း ဂူဂျာရတ် ပြည်နယ်၊ မြို့တော် ဂန်ဒီးနဂါ ရှိ Sikka ဆိပ်ကမ်း မှ Jet A-1 ဂရိတ် လေယာဉ် ဆီများ သယ်ဆောင်လာသော Prime V သင်္ဘောသည် ဒီဇင်ဘာ ၁၀ ရက် ဝန်းကျင်တွင် သီလဝါ ဆိပ်ကမ်းရှိ ယခင် ဆွစ်ကုမ္ပဏီ ပိုင် ပူးမား စခန်းတွင် ကုန်ချ ခဲ့သည်ဟု ဆိုသည်။

 

လေယာဉ် ဆီများ အား ရောင်းချသည့် ကုမ္ပဏီသည် အိန္ဒိယ ရှိ Reliance Industries Ltd ဖြစ်ပြီး Sikka ဆိပ်ကမ်းကိုလည်း ပိုင်ဆိုင်ထားသည်။

 

ယင်းနှင့် တပြိုင်တည်းလိုလို ပေါ်ထွက်လာသည့် AFP သတင်းတပုဒ်အရ အိန္ဒိယ အစိုးရပိုင် လက်နက် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သော Tantra India Ltd သည် ၁၂၂ မမ အမြှောက်ပြောင်းများ အလက် နှစ်ဆယ်ကို မြန်မာ စစ်တပ်ထံ တင်ပို့ခဲ့သည်ဟု သိရသည်။

 

အိန္ဒိယ သည် အကျိုးအမြတ် ကို လူ့အသက်များထက်ပင် တန်ဖိုးထားနေသည့် မိတ်ဆွေ မပီသ သော လုပ်ရပ်များကို ကျုးလွန်လာနေပြီ ဖြစ်သည်။ နေ့စဉ်နှင့် အမျှ လူအသက်ပေါင်းများစွာကို သတ်ဖြတ်နေသည့် လူသတ် အကြမ်းဖက် စစ်တပ်ကို လက်နက်များ ရောင်းချကာ အမြတ်ထုတ်နေပြီ ဖြစ်သည်။ 

 

ကုလ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အားလည်း တရုတ်၊ ရုရှားတို့ နှင့် အတူ အိန္ဒိယ သည် ကြားနေမဲ ပေးခဲ့ပြီး ဖြစ်သည်။

 

မိမိတို့ နယ်စပ် လုံခြုံရေး အတွက် ၎င်းတို့နှင့် ဆက်ဆံနေမှ ဖြစ်မည်ဟု အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး အက်စ် ဂျိုင်ရှင်ကာ က အကြောင်းပြ ပြောဆိုခဲ့သည်။

 

အိန္ဒိယသည် စစ်အာဏာသိမ်း အဖွဲ့ကိုသာ မက ပူတင် အကျိုးရှိရာ ရှိကြောင်း လုပ်ပေးနေပြန်သည်။ နိုင်ငံတကာ သတင်းများ အဆိုအရ ရုရှား ရေနံစိမ်း များကို လက်ခံပြီး ရေနံချက် လုပ်ကာ အမေရိကန် နှင့် ဥရောပ နိုင်ငံများသို့ တဆင့်ခံ တင်ပို့ပေးနေသည်ဟု ဖေါ်ပြလာခဲ့ကြသည်။ Reliance Industries Ltd သည် ရုရှား ရေနံစိမ်းကို တလ ပျှမ်းမျှ စည်ပေပါ ငါးသန်းခန့် လက်ခံရယူပြီး ‌ရေနံမဲ ကို ရေနံဖြူ ဖြစ်အောင် “ခဝါချ” ပေးနေခြင်းလည်း ဖြစ်သည်။

 

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၊ ဘာမား ကမ်ပိန်း နှင့် Global Witness အဖွဲ့တို့ ပူးပေါင်း ထောက်လှန်းချက်အရ နောက်ထပ် တွေ့ရှိလာသည့်‌ လေယာဉ်ဆီ ရောင်းချသည့် နိုင်ငံသည် ထိုင်း နိုင်ငံ ဖြစ်နေပြန်သည်။

 

၂၀၂၂‌ အောက်တိုဘာ ၈ ရက်နေ့တွင် ဘန်ကောက် ဆိပ်ကမ်းရှိ ဘန်ချတ် ရေနံချက်စက်ရုံ မှ Big Sea 104 သင်္ဘောသည် တန်ချိန် ၁၂,၅၉၂ အလေးချိန် ရှိ Jet A-1 ‌ဂရိတ် လေယာဉ်ဆီများ တင်ဆောင်ကာ ထွက်ခွာလာပြီး တပတ်အကြာတွင် သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည်ဟု ဆိုသည်။

 

နိုင်ငံတကာ လုပ်သင့်သည်များကို သိသိကြီးနဲ့ မျက်နှာလွှဲ ခဲပြစ် လုပ်နေမည်ဆိုက တော်လှန်ရေး အင်အားစု များ မှ မိမိတို့ နည်း မိမိတို့ဟန်ဖြင့် တားမြစ်နိုင်မည့် နည်းလမ်းရှာရပေတော့မည်။

 

မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်မှ မြန်မာ အရေး ကို ပြည်တွင်း‌ရေးဟု ဆက်လက် သတ်မှတ်၍ မရတော့ပဲ စစ်ခေါင်းဆောင်များ မှ လက်ရှိ ပဋိပက္ခကို အဆုံးသတ်ရေး သဘောတူ လာမည့် နည်းလမ်းကို ရှာမှ ဖြစ်မည်ဟု အလည်အပတ် ရောက်ရှိနေသော ဖိလစ်ပိုင် သမ္မတ မားကို့စ် ဂျုနီယာ နှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

 

မိမိ နိုင်ငံတွင်းသို့ ထွက်ပြေး ရောက်ရှိလာနေကြပြီ ဖြစ်သော ဒုက္ခသည် အရည်အတွက် သည် နှစ်သိန်း အထိ ရှိလာနေပြီ ဖြစ်၍ မြန်မာ အရေးသည် ဒေသတွင်း လုံခြုံရေး နှင့် ကောင်းကျိုး ချမ်းသာ စွာ နေထိုင်နေရေးကို ပါ ထိခိုက်လာနေပြီ ဖြစ်သည်ဟု ဆိုသည်။

 

အန်နဝါ အီဘရာဟင်သည် ဝန်ကြီးချုပ် အဖြစ် တာဝန် ယူခဲ့ချိန်ကစပြီး မြန်မာ အရေးကို အချက် ငါးချက် ကိုင်စွဲမည်ဟု ပါးစပ်က ကြွက်တူရွေးလို ရေရွတ်နေကြသည့် အာဆီယံ ခေါင်းဆောင်များ အပေါ် စိတ်ပျက်နေသည်မှာ အထင်အရှား ပေါ်လွင်လာနေပြီ ဖြစ်သည်။

 

သို့သော် ဖိလစ်ပိုင် သမ္မတ မှ မြန်မာ ပြဿနာ ဖြေရှင်းရေး အတွက် အချက် ငါးချက် ကိုသာ ကိုင်စွဲသင့်သည်ဟု ထပ်မံပြောဆိုသွားသည်ဟု သိရသည်။

 

မည်သို့ပင် ဖြစ်စေ မြန်မာ အရေးသည် အာဆီယံ ၏ အဖွဲ့အစည်း တခု အဖြစ် စွမ်းဆောင်နိုင်မှု ရှိမရှိ ကို နိုင်ငံတကာ အလယ်တွင် စမ်းသပ်ခံနေရပြီ ဖြစ်သည်။ 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

(ပုံတွင် အကြမ်းဖက် အာဏာသိမ်း အဖွဲ့မှ လူနေဒေသများကို ဗုံးကြဲတိုက်ခိုက်နေသည့် အယ်ဂျာဇီယား သတင်း ဓါတ်ပုံ ဖြစ်သည်။)