ပုဇွန် ဦးနှောက် နှင့် စစ်ဗိုလ်ချုပ်များ

by Hla Soewai - Mar 01 2023

ထို ဘွဲ့ထူး ဂုဏ်ထူး များ ကို ကျွန်တော် ပေးခြင်း မဟုတ်၊ ဧရာဝတီ သတင်းဌာန ကြီး မှ ဓါတ်ပုံနှင့် တကွ ထိုက်ထိုက်တန်တန် ပေးအပ်လိုက်ခြင်း ဖြစ်သည်။ ဧရာဝတီ သည် စစ်ဗိုလ်ချုပ်များ လက်ခံရန် ငြင်းပယ်မည်ကို ကြိုသိထားသော်လည်း အိမ်အထိ လိုက်လံ ချီးမြှင့်ဖို့က မည်သို့မျှ မဖြစ်နိုင်၍ လက်လျော့ထားရဖွယ် ရှိသည်။

 

နောက်ဆုံး ထွက်ပေါ်လာသော သတင်းများအရ ထန်းတလန် မြို့ အနီးရှိ တောင်ကုန်း တခုပေါ်တွင် တပ်စွဲထားသော စစ်စခန်း တခုအား ရဟတ်ယာဉ်တစီး မှ ရိက္ခာ လာချစဉ် ချင်း အမျိုးသား တပ်တော် (CNA) မှ ဒရုန်း ဖြင့် ပစ်ချ တိုက်ခိုက် နိုင်ခဲ့သဖြင့် ထိမှန်သွားပြီး မီးခိုးတလူလူ ဖြင့် ဟားခါး တွင် အရေးပေါ် ဆင်းသက်လိုက်ရကြောင်း CNA ပြောခွင့်ရ ပုဂ္ဂိုလ် အား ကိုးကားပြီး ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင် ကိုယ်တိုင်လည်း တပ်တွင်း တွင် အကွဲအပြဲများ၊ အထက်အောက် အမိန့် မနာခံ မှုများ ကြီးထွားလာနေသည့် အရေးကို လစ်လျူ ရှုထား၍ မရအောင် ဖြစ်လာသဖြင့် စိုးရိမ်တကြီး လိုက်လံ ဟောပြောနေရကြောင်း ခေတ်သစ် သတင်း တွင်လည်း ဖေါ်ပြထားသည်။

 

စည်းကမ်း၏ စစ်တပ် အတွက် အသက်သွေးကြော သဖွယ် ဖြစ်သော်လည်း ပြည်သူများ အပေါ် အကြောက်တရား ဖြင့် အနိုင်ယူ နိုင်ရန် လူမိုက်သာသာ အတွေး ဖြင့် ဖက်ဆစ် တပ်များ သဖွယ် ပြုကျင့် ခိုင်းနေသည် အဖြစ်သည် မည်မျှ ကြာကြာ ခံနိုင်ပေဦးမည်နည်း။

 

နိုင်ငံခြား ကုမ္ပဏီကြီး များ အစီအရီ ထွက်ခွာနေချိန်တွင် ဆွစ် စားသောက်ကုန် လုပ်ငန်းကြီး ဖြစ်သော Nestle သည် မြန်မာနိုင်ငံတွင်း ထုတ်လုပ်မှု များ ကို ရပ်ဆိုင်း တော့မည် ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရ ပုဂ္ဂိုလ်မှ ယနေ့ တရားဝင် ထုတ်ဖေါ် ပြောကြားလိုက်ပြီ ဖြစ်သည်။ Nescafe ကော်ဖီ, Maggie ခေါက်ဆွဲ နှင့် Milo ချောကလက် ဖျော်ရည်များ နိုင်ငံတွင်း ထုတ်လုပ်ဖြန့်ဖြူးနေသော ကုမ္ပဏီကြီးလည်း ဖြစ်သည်။ ယခုအခါ ထိုင်း၊ မလေးရှား၊ ဖီလစ်ပိုင်တို့မှ တဆင့်သာ ထုတ်လုပ် ဖြန့်ချီသွားမည်ဟု သိရသည်။

 

မြန်မာကြောင့် လက်လွှတ်ဆုံးရှုံးလိုက်ရသော လုပ်ငန်းများ အိမ်နီးချင်း နိုင်ငံများဆီ ပြန်ရောက်သွားခဲ့ပြီ ဖြစ်သည်။

 

ထိုသို့ အနေအထား များ ဖြစ်ပေါ်နေသည့် ကြားမှပင် ပုဇွန်ဆိတ် ဦးနှောက် ပိုင်ရှင်များက တနိုင်ငံလုံး မီးမရ ဖြစ်လာနေမှုကို ဖြေရှင်းရန် ထက် မင်းအောင်လှိုင်၏ လျပ်စစ် ကား၊ ရထား အိမ်မက် ကြီး အကောင်အထည် ဖေါ်နိုင်ရန် အတွက် ဆိုကာ လျပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး တွင် ရင်းနှီးမြုပ်နှံကြမည့် ပြည်ပ ကုမ္ပဏီ များအား ထုတ်လုပ်ခ၊ ဖြန့်ဖြူးခ များ အတွက် အခွန် ကင်းလွတ်ခွင့် ပေးလိုက်ပြီ ဟု ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ကြံရာမရ သည့် အဆုံး ကျေညာ လာရသည်။

 

ဤသည်ကို ကြည့်က မည်မျှ အထိ အရှက် သိက္ခာ ကင်းမဲ့စွာ ဖြင့် သူတောင်းစား ဆန်ဆန် လာပါ လာပါ ဖိတ်ခေါ်နေခြင်းမျိုး ပင် မဟုတ်ပါလား။

 

သို့သော် လေ့လာသုံးသပ်သူများက ထိုကဲ့သို့ ပရိုဂျက်မျိုးသည် ငွေ အရင်းအနှီး မြောက်များစွာ ဖြင့် ရေရှည် ရင်းနှီးမြုပ်နှံထားရပြီး အနည်းဆုံး ခုနှစ် နှစ် ခန့် ငွေ ပြန်ပေါ်အောင် စောင့်ရသည့် အတွက် နိုင်ငံ၏ လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှု များ ကြောင့် တရုတ် ကုမ္ပဏီများပင် စွန့်စားလိုစိတ် မရှိ ဖြစ်နေသည်ဟု ဆိုသည်။ ရင်းနှီးမြုပ်နှံလိုသည် ဆိုဦး မည်သည့် အထင်ကရ ဘဏ်ကြီး များ မှ ထိုအရေး အပေါ် ငွေထုတ်ချေးကြမည်လည်း မဟုတ်ပေ။ 

 

နောက်တကြောင်းက ရရှိလာမည့် ငွေများသည် ကျပ် ငွေ များသာ ဖြစ်၍ ငွေလွှဲနှုန်း မတည်ငြိမ် သည့် ဈေးကွက်တွင် မည်သူက အရှုံးခံ လုပ်ပေမည်နည်း။

 

အောက်က ဗျူရိုကရက်များက ထိုအရေးကို တွက်ဆကောင်း တွက်ဆမိကြမည် ဖြစ်သော်လည်း ရေပါတာသာ လိုချင်တယ် ဆိုသော ပုဇွန်ဆိတ်များ အတွက် ကံကောင်းထောက်မ၍ ဝင်လာလို ဝင်လာငြား လုပ်ပေးရခြင်း မျိုး ဖြစ်နိုင်ပေသည်။ 

 

နိုင်ငံတွင်း လျပ်စစ် ဓါတ် ဖူလုံ ကြွယ်ဝရေး အတွက် ငွေကြေး နှင့် နည်းပညာ အကူအညီပေးနေကြသော ကမ္ဘာဘဏ် နှင့် နိုင်ငံတကာ အေဂျင်စီ များ မှ အာဏာသိမ်းပြီး နောက်တွင် အကူအညီများ ရပ်ဆိုင်းလိုက်ပြီ ဖြစ်၍ လုပ်ငန်းများ ရပ်တန့်သွားခဲ့ရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် မိသားစု နှင့် ကရိုနီ ကြီးများကတော့ လောလောဆယ် ဆိုလာ စီမံကိန်းများ ကို ရရှိထားကြပြီ ဖြစ်သည်။ ထိုဆိုလာ စီမံကိန်းများသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ မှ ချပေးထားသော စီမံကိန်း ၂၉ ခုထဲမှ ဖြစ်သည်၊ ယခင် တင်ဒါအောင်ထားသော တရုတ် ကုမ္ပဏီများ လာရောက်ခြင်း မရှိသည်ကို အကြောင်းပြု၍ နာမည်ပျက်စာရင်းသွင်းကာ မင်းအောင်လှိုင်၏ သားဖြစ်သူ နှင့် အပေါင်းအပါ များက ၂၆ ခု ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

 

မြန်မာ တွင် လောလောဆယ် လျပ်စစ်ဓါတ်အား ထုတ်လုပ်မှူသည် ၃,၆၀၀ မီဂါဝပ် ရှိပြီး တရုတ် ကုမ္ပဏီများက မီဂါဝပ် ၂,၀၀၀ အထိ ထုတ်လုပ်ပေးနေသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ရုရှားဆီများ ရောက်လာတော့မည်ဟု လေလုံးထွားနေသည့် စစ်ဗိုလ်ချုပ်များလည်း ယခုအခါ အသံတိတ်သွားခဲ့ရပြီ ဖြစ်သည်။ မြန်မာ တွင် တန်ချိန် သိန်းချီ သယ်ဆောင်နိုင်သည့် သင်္ဘောများ ကပ်ရန် ဆိပ်ကမ်း မရှိမှန်း သိမှ သိကြပါလေစ ဟု မေးခွန်းထုတ်စရာပင် ဖြစ်လာသည်ဟု လည်း ဆိုသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ အခြေမပျက်ရေး နှင့် ဝါဒ ဖြန့်နိုင်ရန် အတွက် သာ အဓိက ရည်ရွယ်ပြီး စီးပွားရေး ကို ကိုင်တွယ်နေကြခြင်းသာ ဖြစ်သည်။ ထို့အတွက်လည်း မတရားမှု မှန်သမျှ ကို ပြောင်ပြောင်ကြီး ကျုးလွန်နေကြခြင်းလည်း ဖြစ်သည်။ ၎င်းတို့ လုပ်ရပ်သည် ဝင်စတန် ချာချီ တခါက ပြောခဲ့ဖူးသလို “လူတယောက် အား ရေပုံးထဲ ဝင်စေပြီး၊ လက်ကိုင်ကနေ မ ကာ ကြွတက်လာအောင် လုပ်ခိုင်း၍ ရသည်ဟု” တွေးခေါ်မှုမျိုး နှင့် အတူတူပင် ဖြစ်သည်။

 

ပြည်သူများ၏ ဒဏ်ခတ်မှု ကို မလွဲမသွေ ခံကြရတော့မည့် သူများလည်း ဖြစ်ပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!