အမျိုးသား ညီညွတ်ရေး အစိုးရ ယခုထက် ပိုပြီး ရှေ့သို့ ထွက်လာရန် လိုအပ်လာပြီ

by Hla Soewai - Feb 27 2023

ဂျပန် အွန်လိုင်း ဂျာနယ် ဖြစ်သော The Diplomat စာစောင်တွင် ဝါရင့် သတင်းစာ ဆရာ တဦး ဖြစ်သော Luke Hunt မှ ယခုလို ရေးသားထားသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် စစ်တပ် ထိန်းချုပ်ထားသော နယ်မြေ များကို ထိုးဖေါက် စစ်ဆင်နိုင်ရန် လက်နက်များ အပူတပြင်း လိုအပ်နေသည်။ သို့သော် အနောက်နိုင်ငံများ၏ အကူအညီ မှ စစ်အာဏာသိမ်း အဖွဲ့ကို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်သည့် အဆင့်တွင် တစ်နေဆဲ ဖြစ်သည်။ (သို့သော် အီးယူ၏ နောက်ဆုံး ဒဏ်ခတ် အရေးယူမှုသည် လုံးဝ ထိရောက်မှု ရှိသည်ဟု Justice for Myanmar က ပြောကြောင်း ဗီအိုအေ သတင်းတွင် ပါရှိလာသည်၊)

 

NUG ၏ မူဝါဒ များ၊ စစ်ရေး မဟာဗျုဟာ များကို အကြံပေးနေသူများ၊ ဝါရှင်တန် မှ စစ်ရေး အကူအညီများ ရရန် ကြိုးပမ်းပေးနေသူများ အဆိုအရ ရေရှည် ကိုင်တွယ် ဖြေရှင်းရမည့် ကိစ္စများ ရှိနေဆဲဟု ဆိုသည်။

 

မကြာမီက မှ အမေရိကန် မှ ပြန်ရောက်လာသော အာဆီယံ အဖွဲ့ မှ နိုင်ငံရေး ဖက်ဆိုင်ရာ ပုဂ္ဂိုလ်တဦးမှ မြန်မာပြည်ကို စစ်ရေး အရ အကူအညီ ပေးချင်နေကြသော ကွန်ဂရက် အမတ်များ နှင့် တီးခေါက်ကြည့်ရာ သူတို့ အနေနှင့် ပေးချင်နေသော်လည်း မည်သူ နှင့် လက်တွဲ လုပ်သွားရမည် ဆိုသည်ကို မသိဖြစ်နေသည်ဟု ဆိုသည်။

 

NUG ခေါင်းဆောင်ပိုင်း တွင် ယူကရိန်း သမ္မတ ဇယ်လင်စကီး လို ကမ္ဘာက လူသိများသည့် ပုဂ္ဂိုလ် ထွက်မလာနိုင်သေးဟု ဆောင်းပါးရှင်က ဆိုသည်။

 

လက်ရှိ ယာယီ သမ္မတ ကြီး ဒူးဝါး လရှီးလ သည်လည်း ဩဇာတက္ကိမ ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ မရှိ ဖြစ်နေပြီး သူမ၏ နေရာကို တင်းပြည့်ကျပ်ပြေ ဝင်ယူရန် စိတ်ပါလက်ပါ မရှိလှ ဟုအနီးကပ် လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ ဤသည်ကလည်း သူမ အပေါ် သစ္စာရှိနေမှု နှင့် အင်္ဂါစဉ် ကို ကျော်လွှားလိုစိတ် မရှိသောကြောင့်ဟု ဆိုသည်။

 

ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂမှ မြန်မာပြည်သူများ တင်မြှောက်ထားသော ခေါင်းဆောင် တဦး အဖြစ် အသိအမှတ် ပြုထားဆဲပင် ဖြစ်သည်။ လက်ရှိတွင် သူမ အနေဖြင့် မြန်မာပြည်ကို ကယ်တင်ပေးနိုင်ဖို့ မည်သို့မျှ လုပ်နိုင်စွမ်း မရှိ ဖြစ်နေသည်။ ယာယီ သမ္မတ ကြီး အနီးတဝိုက်ရှိ လူများသည်လည်း သူတို့၏ ကျွမ်းကျင်ရာ အကြောင်းအရာများ comfort zone မှလွဲ၍ အခြား ကိစ္စများ တွင် သတင်းစာဆရာများ နှင့် ဆက်သွယ် ပြောဆိုသည့်အခါ အဆင်ပြေ သည် ဆိုယုံမျှ အဆင်သာ ရှိနေပေသေးသည်။

 

မြန်မာ စစ်တပ်ကို လက်ရှိ ဆန့်ကျင်နေကြသော တိုင်းရင်းသား လူမျိုးစု ကြီး ခုနှစ်စု အကြား ညီညွတ်မှု ရှိလာရန် က ရေရှည် ဖြေရှင်းကြရမည့် ပြဿနာ အဖြစ် ရှိနေဆဲပင် ဖြစ်သည်။

 

နောက်ဆုံး ထုတ်ပြန်သော ခန့်မှန်းချက် များအရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သည် အဖွဲ့ငယ်ပေါင်း ၂၅၀ ခန့်၊ အင်အား ၆၅,၀၀၀ ခန့် ဝန်းကျင် နှင့် လှုပ်ရှားနေကြသည်ဟု သိရသည်။ သို့သော် ၎င်းတို့အား တစုတဝေး တည်း စုစည်းပြီး ကွပ်ကဲ အမိန့်ပေး နိုင်သည့် ဖွဲ့စည်းမှု မျိုး မတွေ့ရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း တဖွဲ့ချင်းစီ အနေဖြင့် အမေရိကန် တို့ထံမှ အကူအညီ ရရန် ပြောဆို ဆွေးနွေးဖို့ မဖြစ်နိုင်ပြန်ပေ။

 

ထိုသို့သော အနေအထားများ တွင် NUG ခေါင်းဆောင်ပိုင်း အနေဖြင့် ယခင်ကထက် မဖြစ်မနေ ရှေ့သို့ ထွက်လာရန် အပူတပြင်း လိုအပ်နေပြီ ဖြစ်သည်၊ ၂၀၂၃ အတွက် အာဆီယံ ဥက္ကဌ ဖြစ်လာသည့် အင်ဒိုနီရှားသည် ယခုအခါ NUG နှင့် တိုက်ရိုက် ဆွေးနွေးရန် လမ်းဖွင့်လာခဲ့ပြီ ဖြစ်သည်။ ထို့အတွက် NUG အနေဖြင့် ယခင်ကလို တုန့်နှေး မနေပဲ ပြတ်ပြတ်သားသား ဆောင်ရွက်လာတော့မည်ဟု မျှော်လင့်ရပေသည်။

 

စစ်တပ်သည် ၎င်းတို့အား တရားဝင် အစိုးရ အဖြစ် လက်ခံလာရန် ရွေးကောက်ပွဲ အတုအယောင် ဖန်တီးပြီး ကြိုးပမ်းလာနေပြီ ဖြစ်သည်။ ၎င်းတို့၏ ကြိုးပမ်းချက် မှန်သမျှ သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာဖို့ မဟုတ်ပဲ မြန်မာပြည်သူ ပြည်သား များ အပေါ် လိမ်ညာ၍ ရမည့် အခြေအနေများ ဖန်တီး နိုင်ရန်သာ ဖြစ်သည်ဟု ကုလ လူ့အခွင့်အရေး အထူး သံတမန် တွန် အင်ဒရူးက ပြောခဲ့သည်။

 

ထို့အတွက် NUG သည် မိမိတို့ဖက်က နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်အောင် ထိထိရောက်ရောက် ဖြင့် လုပ်ဆောင်စရာ ရှိသည်များကို စနစ်တကျ စီမံ ဆောင်ရွက်သွားရန် လိုအပ်နေသည် ဟု ရေးသားထားသည်ကို ကောက်နှုတ်တင်ပြလိုက်ပါသည်။

 

မိမိအနေဖြင့် NUG အစိုးရ အဖွဲ့ တွင် မည်သို့သော အခက်အခဲများ ရင်ဆိုင် ဖြတ်သန်းနေရသည်ကို တိတိပပ သိနိုင်စွမ်း မရှိ၍ မဝေဖန်လိုသည်ကား အမှန်ပင် ဖြစ်သည်။ သို့သော် ယခုလို ဆောင်းပါးမျိုး ထွက်လာခဲ့လျှင်တော့ ကျွန်တော် ပြန်လည် တင်ပြဖို့ တာဝန်ရှိလာပြီ ဖြစ်သည်။

 

လက်ရှိတွင် တရုတ် အစိုးရ ဖက်က လှုပ်လှုပ်ရှားရှား ဖြစ်လာနေသည်။ အမေရိကန်၏ Burma Act နှင့် ဆောင်းပါး တွင် ဖေါ်ပြထားသလို အမေရိကန် ကွန်ဂရက် အမတ်များက လက်နက် ထောက်ပံ့ရန် လိုလားနေကြသည့် အနေအထား မျိုး တွင် တရုတ်သည် အထိတ်တလန့် ဖြစ်လာပြီး သူ၏ ဩဇာ စက်ဝန်း အတွင်း ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဒီမိုကရေစီ လိုလားသော အင်အားစု များ နှင့် မပူးပေါင်း ရန် ဖိအား များ ပေးလာနေပြီ ဖြစ်သည်၊ ၎င်းတို့၏ အကျိုးစီးပွားကို မြန်မာ စစ်တပ်ကသာ တကယ်တမ်း အကာအကွယ် ပေးနိုင်လိမ့်မည်ဟုလည်း ယူဆနေသည်၊ တရုတ်တို့၏ သဘောထားသည် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် တစည်းတလုံး တည်း ဖြစ်လာရန် အနှောက်အယှက်ကြီး သဖွယ် ဖြစ်လာနေသည့် အရေး နှင့် NUG အဖို့ ရင်ဆိုင်နေရသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ယခုအခါ ၎င်းတို့ အာဏာ တည်မြဲရေး အတွက် လူထု အပေါ် စစ်ပွဲကြီး ဆင်နွှဲလာနေပြီ ဖြစ်သည်၊ ၎င်းတို့ အဖို့က ပင်ကိုယ် စိတ်ရင်း အရ လူထု ကို ငဲ့ညှာရကောင်းမှန်း သိကြသူများ မဟုတ်၍ တိုင်းပြည် စုတ်ပြတ်ကျေမွသွားလည်း နေပြည်တော်ရှိ နန်းတော် တမျှ ခမ်းနားလှသော အိမ်ကြီး များ တွင် နေလို့ ရသရွေ့ တတ်နိုင်သမျှ အချိန်ကို ဆွဲဆန့်ကာ live on borrowed time ဒီတိုင်းပင် ဆက်သွားကြမည်သာ ဖြစ်သည်။

 

သို့‌သော် တိုင်းပြည် နှင့် လူထု အတွက်ကား အချိန်နှင့် အမျှ အရေးကြီးလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!