သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(109)

by Hla Soewai - Feb 27 2023

မော်စီတုံး ၏ တော်လှန်သော ခရီးကြမ်း

 

၁၉၄၉ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့တွင် တီယန်မင် ရင်ပြင် ရှိ “Heavenly Peace” ဆိုသော ဂိတ်တံခါးကြီး ထိပ်တွင် မားမားကြီး ရပ်နေသော မော်စီတုံး ကို တွေ့လာခဲ့ရသည်၊ သူ့နောက်တွင်တော့ တရုတ်ပြည်ကြီးအား ရာစု နှစ်ပေါင်း များစွာ အုပ်ချုပ်ခဲ့ကြသည့် မင် နှင့် ချင် မင်းဆက် များ ထီးနန်းစိုက်ရာ Forbidden City ဆိုသည့် နန်းတော်ကြီးက ထီးထီးကြီး ရပ်တည်နေသည်။

 

တရုတ်ပြည်တွင် နှစ်ပေါင်း နှစ်ဆယ် နီးပါး ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြီး တွင် ချန်ကေရှိတ် နှင့် သူ၏ ကူမင်တန် အမျိုးသားရေး ဝါဒီများ အား မကြာသေးမီက တိုင်းပြည်မှ မောင်းထုတ် နိုင်ခဲ့ခြင်းဖြင့် အောင်ပွဲ ခံနိုင်ခဲ့ပြီ ဆိုသည့် အကြောင်း ကျေညာရင်း က မော်သည် တရုတ်ပြည်အား ယခုအခါ ပြည်သူ့ ဒီမိုကရေစီ အာဏာရှင် စနစ် ဖြင့် အုပ်ချုပ်သွားမည် ဆိုသည့်အကြောင်းပါ ထည့်သွင်း ပြောဆိုသွားခဲ့သည်။ ယင်းသည် လယ်သမား နှင့် အလုပ်သမားများ အား အခြေခံ၍ ဖွဲ့စည်းထားသော အုပ်ချုပ်ရေး စနစ် ဖြစ်သည်ဟု ဆိုသည်။

 

ဤသို့ဖြင့် ကွန်မြူနစ် တရုတ်ပြည်ကြီး ၏ ခေတ်တခေတ် ကို စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

 

မော် သည် သူ၏ ကျေညာချက်ထဲတွင် ဒီလို အချိန်ရောက်လာဖို့ ပြည်သူများ မည်မျှ အထိ ရုန်းကန် တိုက်ပွဲဝင်ခဲ့ရသည် ဆိုသည်ကို အသိအမှတ်ပြုကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။ ကွန်မြူနစ် ပါတီ စတင် တည်ထောင်ခဲ့သည့် လွန်ခဲ့သော ၂၈ နှစ် တာ ကာလ တလျှောက်လုံးလည်း “သူ နှင့် သူ၏ ရဲဘော်များ သည် ပြည်တွင်း ပြည်ပ ရန်သူ များ ကိုသာ မက ပါတီ တွင်း ပါတီပြင်ပ က ရန်သူများကိုပါ တောက်လျှောက် တိုက်ခိုက် ချေမှုန်းခဲ့ရသည်” ဟုလည်း ဆိုသည်။

 

“မိမိတို့ တရုတ် ကွန်မြူနစ်များ အား ထိုသို့ တိုက်ခိုက်နိုင်အောင် လက်နက် တပ်ဆင်ပေးခဲ့သည့် မက်စ်၊ အိန်ဂျဲလ်၊ လီနင် နှင့် စတာလင် တို့အားလည်း ကျေးဇူးတင်ကြောင်း၊ သူတို့ပေးသည့် လက်နက်သည် စက်သေနတ်များ မဟုတ်ပဲ မက်စ်-လီနင် ဝါဒ သာ ဖြစ်သည်။ ထို့အတွက် အင်ပါယာ တို့၏ အုပ်ချုပ်‌ရေး၊ တိုင်းတပါးသားတို့ ၎င်းတို့ အကျိုးစီးပွား အတွက် ဝင်ရောက် ချယ်လှယ်မှုများ၊ သူတလူ ငါတမင်း ဗိုလ်ကျ အုပ်ချုပ်နေသော စစ်ဘုရင်များ နှင့် သမ္မတ နိုင်ငံ အစိုးရ ဆိုကာ အကျင့်ပျက် ခြစားနေသော ခေါင်းဆောင်များ အစရှိသည် တို့သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသစ် ကြီး တည်ထောင်နိုင်ခဲ့မှု နှင့် အတူ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်ဟု မော်စီတုံး က ပြောကြားသွားခဲ့သည်။

 

သို့သော် တရုတ် ကွန်မြူနစ်များ အာဏာသို့ တက်လှမ်းနိုင်ရန် ချီတက်လာသည့် လမ်းတလျှောက်တွင် အတူ တွဲရက် ပါဝင်လာခဲ့သည့် ရုန်းကန် တိုက်ပွဲဝင်ခဲ့ရမှုများကတော့ အတိတ်တွင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။ ဤသည်ကို ရည်ညွှန်းသည့် အနေဖြင့် “မိမိတို့သည် ပြည်သူ့ လွတ်မြောက်ရေး စစ်ပွဲ ကို အဆုံးထိ ဆင်နွှဲသွားမည် ဖြစ်သည်” ဟု မော်စီတုံး က ကတိပေးလာခဲ့သည်။ ထို့အတွက် တရုတ်ပြည်တွင် အခွင့်ထူးခံ နေကြသော အရင်းရှင် နိုင်ငံများ၏ အကျိုးစီးပွား များ နှင့် ဗျုရိုကရေစီ လက်ကျန် အရင်းအနှီး မှန်သမျှ ကို ဖျက်သိမ်းသွားမည် ဟု ဆိုသည်။

 

တရုတ်ပြည်သူ တို့၏ တော်လှန်‌ရေး သည် မပြီးဆုံးသေးပဲ ရှေ့လျောက် ခရီးကြမ်းကို လျှောက်လှမ်းရဦးမည် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်၊ ယင်းသည် မဝေးလှသော ကာလတွင် တရုတ်ပြည်သူ သမ္မတ နိုင်ငံ ဆိုသည်ကိုပါ အဓိပ္ပါယ် ဖွင့်ဆိုလာတော့မည့် လက္ခဏာများပင် ဖြစ်သည်။

 

လက်ရှိတွင် တော်လှန်‌ရေးသည် တရုတ်ပြည်တွင် တက်ကြွသော သဘောတရား ရေး တခု အဖြစ် ရှင်သန်နေဆဲ ဖြစ်ပြီး ယင်းတွင် မြေယာများ ပြန်လည် ဝေငှရေး၊ ဆိုဗီယက် ပုံစံ ငါးနှစ် စီမံကိန်းများ၊ လူတန်းစား တိုက်ဖျက်ရေး၊ ၁၉၆၀ ကျော် နှစ်များ အတွင်း မော် မှ ဦးစီး လှုံ့ဆော်ခဲ့သည့် ယဉ်ကျေးမှု တော်လှန်ရေး များ ပါဝင်နေသည်။ ယဉ်ကျေးမှု တော်လှန်ရေး ဆိုသည်က တရုတ်လူ့အစည်းအရုံး အကြီး အတွင်း အမြစ်တွယ်နေဆဲ ဖြစ်သော ရိုးရာ အစဉ်အလာ နှင့် အမြတ်ကြီးစား အရင်းရှင်ဝါဒ ကို ဖက်တွယ်နေကြသည့် အင်အားစုများကို အပြီးအပိုင် ထပ်မံ သန့်စင် ပစ်နိုင်ရန် အတွက် ပင် ဖြစ်သည်။

 

ထိုသို့ ကြိုးပမ်းမှုများသည် သိသာ ထင်ရှားသည့် ရလဒ်များ ထွက်ပေါ်လာနိုင်သော်လည်း ပျက်စီးခြင်း ငါးပါး ဆိုက်သည် အထိ လည်း ဦးတည်သွားနိုင်ပေသည်။

 

ကွန်မြူနစ် ခေါင်းဆောင်ပိုင်းသည် တော်လှန်‌ရေး အသုံးအနှုံးများကို ပါးစပ်က မချတမ်း ပြောဆိုကာ ဆိုရှယ်လစ် လမ်းစဉ်အတွက် အနစ်နာခံကြရန် လူထု အား စိတ်အား တက်ကြွလာအောင် ဆွဲဆောင်ခဲ့ကြသည်။ နောက်ဆုံးတွင် ‌တော်လှန်‌ရေး စကားများ နှင့် လွတ်မြောက်‌ရေး ဆိုသည် အဓိပ္ပါယ် ဖွင့်ဆိုချက် တို့သည် နိုင်ငံတော်၏ တခုတည်းသော မူပိုင် ခွင့်များ ဖြစ်လာခဲ့သည်။

 

ဤသို့ဖြင့် နှစ်ပေါင်း လေးဆယ် အကြာ ၁၉၈၉ ခုနှစ် ဇွန်လ တွင် တရုတ် ကျောင်းသား ထောင်ပေါင်းများစွာ သည် တီယန်မင် ရင်ပြင် ကြီးသို့ စုရုံး ရောက်ရှိလာကြပြီး လွတ်မြောက်ရေး ဆိုသည့် တော်လှန်ရေး သဘောတရား တွင် အမြစ်စွဲလာသည့် နိုင်ငံရေး နှင့် စီးပွားရေးတို့အား ပြုပြင် ပြောင်းလဲရန် တောင်းဆိုခဲ့ကြသည်။

 

တရုတ် အစိုးရသည် ကျောင်းသားများ အား တန်ပြန်တော်လှန်ရေး သမား များ အဖြစ် တံဆိပ်ကပ်လိုက်ကြပြီး ချေမှုန်းရေး ရိုင်ဖယ်များ၊ တင့်ကားများ သုံးကာ နှိမ်နှင်း ခဲ့၍ ကျောင်းသား ရာပေါင်းများစွာ သေဆုံးသွားခဲ့သည်။

 

မော်စီတုံး၏ ပြောသလို မက်စ်-လီနင် ဝါဒ သည် သူတို့ အတွက် လက်နက် တပ်ဆင်ပေးခဲ့ယုံမက လုပ်နေကျ ညာဉ်အတိုင်း အကြမ်းပတမ်း ကိုင်တွယ်ရန် တင်းပုတ်ကြီးပါ တပါတည်း တွဲ ပေးခဲ့ခြင်းလည်း ဖြစ်ပေသည်။