သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(108)

by Hla Soewai - Feb 23 2023

ဗြိတိန် နှင့် အမေရိကန် ရှိ အမျိုးသမီးထုကြိး၏

မဲပေးခွင့် ရရှိရေး တော်လှန် လှုပ်ရှားမှုကြီး (နိဂုံး)

 

ဗြိတိသျှ ဆားဖရစ်ခ်ျ လှုပ်ရားမှူ အရှိန်အဝါသည် ၎င်းတို့ နေထိုင်ရာ ကျွန်းစု ကြီးတွင်သာ ရပ်တန့်မနေပဲ ပြင်ပသို့ လျှံထွက်လာခဲ့သည်။

 

အင်္ဂလန် တွင် ပညာလာရောက် ဆည်းပူးနေကြသော အမေရိကန် မှ အယ်လစ် ပေါလ် နှင့် လူစီ ဘန်း တို့ နှစ်ဦးသည် အမျိုးသမီး လူမှုရေး နှင့် နိုင်ငံရေး သမဂ္ဂ သို့ ဝင်ရောက်ကာ လှုပ်ရှားခဲ့ကြသည်၊ ၎င်းတို့ အမေရိကန် သို့ ပြန်ရောက်ခဲ့ပြီးနောက် ၁၉၁၃ တွင် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ ပါတီ ကို တည်ထောင်ကာ အမျိုးသမီးများ မဲပေးခွင့် ရရှိရေး ဆားဖရစ်ခ်ျ လှုပ်ရှားမှု ကို စတင်လာခဲ့သည်။

 

ထို အဖွဲ့သည် ဗြိတိန် ရှိ အမျိုးသမီး များ အဖွဲ့၏ အပြုအမူ များ ကို အတုယူကာ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရန် လှုပ်ရှားလာခဲ့သည်။

 

၁၉၁၄ ခုနှစ် ဇူလိုင်လ တွင် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာခဲ့သည့် အခါ အီမလီ ပန်ခတ်စ်မှ သူမသည် တော်လှန် ရေး သမား သာမက မျိုးချစ်စိတ် ရှိသူ တဦး ဖြစ်ကြောင်း ထုတ်ဖေါ်လာခဲ့သည်။

 

သူမ ဦးဆောင်သော လူမှုရေး နှင့် နိုင်ငံရေး သမဂ္ဂသည် ဆားဖရစ်ခ်ျ လှုပ်ရှားမှုများ အားလုံးကို ရပ်ဆိုင်း လိုက်ကြပြီး အမျိုးသမီးများအား စစ်ပွဲကြီး အတွက် ပြည်တွင်းမှနေ၍ တတ်စွမ်းသမျှ ကူညီကြရန် လှုံ့ဆော် စည်းရုံးမှုများ စတင်လာခဲ့တော့သည်။

 

အခြားသော ဆားဖရစ်ခ်ျ အရေး လှုပ်ရှားနေသည့် အဖွဲ့များလည်း သူတို့ကို အတုယူ လာခဲ့သည်။ ဤသို့ဖြင့် ဗြိတိန် တွင် အမျိုးသမီး နှစ်သန်းခန့် လုပ်ငန်းခွင် များ ထဲ ရောက်ရှိလာခဲ့ကြသည်။

 

အမေရိကန် ရှိ ဆားဖရစ်ခ်ျ အမျိုးသမီးများကမူ ၎င်းတို့၏ လှုပ်ရှားမှုကို အရှိန်မပျက် ဆက်လက်ဆင်နွဲခဲ့ကြသည်။ နှင်းများ တဖွဲဖွဲ ကျပြီး အရိုးခိုက်အောင် အေးလှသည့် ကြားမှ အမျိုးသမီး ထု ကြီးသည် ဆိုင်းဘုတ်များ ကိုင်ကာ အိမ်ဖြူတော်ရှေ့ လာရောက် စုဝေးခဲ့ကြသည်။ သူတို့လက်ထဲ ကိုင်ဆောင်လာသော ဆိုင်းဘုတ်များ ပေါ်တွင်လည်း "သမ္မတ ဝုရိုး ဝီလ်ဆန် အမျိုးသမီးတွေ မဲပေးခွင့်ရအောင် ရှင် ဘာလုပ်ပေးမှာလဲ"၊ "အမျိုးသမီးတွေ လွတ်လပ်ခွင့် အတွက် ဘယ်လောက်ကြာကြာ စောင့်ရဦးမှာလဲ" အစရှိသည့် စာတမ်းများ ရေးထိုးခဲ့ကြသည်။

 

အမေရိကန် သည် ၁၉၁၇ တွင် ပထမ ကမ္ဘာစစ်ကြီးထဲ ဝင်ရောက်လာခဲ့ပြီး နောက်တွင်မူ အယ်လစ် ပေါလ် နှင့် သူမ၏ နိုင်ငံလုံးဆိုင်ရာ အမျိူးသမီး ပါတီအား မျိုးချစ် စိတ် ကင်းမဲ့သူများ ဟု ဆိုကာ အပြင်း အထန် ဝေဖန်ခံလာခဲ့ရသည်။ သို့သော် ဆက်လက်၍ ကန့်ကွက်နေကြသည်။ နောက်ပိုင်းတွင် ဆန္ဒပြသူများအား ယာဉ်ကြော ပိတ်ဆို့မှု ဖြင့် ဖမ်းဆီးခဲ့ကြသည်၊ ထိုအခါတွင်တော့ ဗြိတိန် ရှိ အမျိုးသမီးများ နည်းတူ အစာငတ်ခံ တိုက်ပွဲဝင်သည့် လက်နက်ကို စွဲကိုင်လာကြသည်။ (ပုံတွင် ရှု)

 

နောက်ပိုင်းတွင် အကျဉ်းထောင် အရာရှိများက ဖမ်းဆီးခံ အမျိုးသမီးများ အား အတင်းအကျပ် အစာကျွေးနေသည် ဆိုသော သတင်းများအား သတင်းစာများတွင် အကျယ်တဝန့် ဖေါ်ပြလာကြသည်။ ထိုအခါတွင်တော့ လူထု ကြီး သည် အမျိုးသမီးများ အပေါ် တ‌ဖန် ဂရုဏာ သက်လာခဲ့ကြပြန်သည်။

 

ထိုအချိန်တွင် ဗြိတိသျှ အောက်လွှတ်တော်တွင် အမျိုးသမီးများ အား မဲပေးခွင့် ပြုရေးကို ထည့်သွင်း ဆွေး‌နွေးလာကြပြီ ဖြစ်သည်။ ဝန်ကြီးချုပ် ဟောင်း ဖြစ်သူ ဟားဘတ် အက်စ်ကွစ် မှ မိမိ၏ အမြင် ပြောင်းလဲသွားခဲ့ပြီဟု ထုတ်ဖေါ် ဝန်ခံခဲ့သည်။ အဘယ်ကြောင့်နည်း ဆိုသည့် အမေးကို "ကျွန်တော်တို့ သူတို့ အကူအညီ မပါပဲ ဘယ်လိုများ ရှေ့ဆက်ပြီး စစ် တိုက်လို့ ဖြစ်မှာတဲ့တုန်း" ဟု ပြန်ဖြေခဲ့သည်။

 

စစ်မြေပြင်တွင် ဗြိတိသျှ စစ်သား အများအပြား ကျဆုံးခဲ့ရသဖြင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ တွင် အမျိုးသမီးများ၏ အကူအညီ မဖြစ်မနေ လိုအပ်လာခဲ့ပြန်သည်။

 

ဤသို့ဖြင့် ၁၉၁၈ ခုနှစ်တွင် ဗြိတိသျှ ပါလီမန် မှ အမျိုးသမီးများ မဲပေးခွင့် ဥပ‌ဒေကို ပြဋ္ဌာန်းပေးလာခဲ့သည်။ အမျိုးသမီးများ အတွက် လွန်စွာ အရေးပါသော အောင်ပွဲကြီး ဖြစ်လာခဲ့သော်လည်း နောက်ထပ် ဆယ်နှစ်ခန့် ကြာမှသာ အလုံးစုံ အောင်ပွဲ ခံနိုင်သည့် အဖြစ်သို့ ရောက်ရှိခဲ့ရသည်။

 

၁၉၁၈ တွင် ပြဋ္ဌာန်းပေးခဲ့သော ဥပဒေအရ အသက် ၃၀ နှင့် အထက် ရှိပြီး အိုးအိမ် အတည်တကျ ရှိသူများသာ မဲပေးပိုင်ခွင့် ရရှိခဲ့သောကြောင့်ပင် ဖြစ်သည်။ ထိုသို့ ကန့်သတ်လာမှု ကြောင့် အမျိုးသမီး ၈.၅ သန်းသာ မဲပေးခွင့် ရလာခဲ့ကြသည်။ ထိုအချိန်တွင် အမျိုးသားများသည် အသက် ၂၁ နှစ် ကျော်သည်နှင့် မည်သို့သော ကန့်သတ်ချက်မျိုး မှ မရှိပဲ မဲပေးခွင့် ရနေကြပြီ ဖြစ်သည်။

 

ထိုနှစ်တည်းမှာပင် အမေရိကန် ရှိ မွန်တာနား ပြည်နယ် မှ အမျိုးသမီး တဦး ဖြစ်သူ ဂျင်းနက် ရန်ကင်း သည် အောက်လွှတ်တော် အမတ် အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရသည်။ ထို့နောက်တွင် သူမ က ဦးဆောင်၍ အမေရိကန် အမျိုးသမီးများ မဲပေးခွင့်ရရေး ဥပဒေကြမ်းကို တင်သွင်းလာခဲ့သည်။

 

ထိုဥပ‌ဒေကြမ်းအား အောက်လွှတ်တော်မှ မဲခွဲ အတည်ပြု ပေးခဲ့သော်လည်း အထက်လွှတ်တော် တွင် အရေးနိမ့်သွားခဲ့ပြန်သည်။

 

သမ္မတ ဝီလ်ဆင်အားလည်း အမျိုးသမီး ဆားဖရစ်ခ်ျ လှုပ်ရှားသူ များမှ ပစ်မှတ်ထား ကန့်ကွက်လာကြသဖြင့် စစ်ပွဲ ကြီး အနိုင်ရခဲ့သော်လည်း ပြည်တွင်း တွင် ဝီလ်ဆင်သည် နိုင်ငံရေး အကျပ်အတည်း ကြီး နှင့် ရင်ဆိုင်လာခဲ့ရသည်။

 

ဝီလ်ဆင်သည် မတတ်သာတော့ပဲ အမျိုးသမီးများ မဲပေးခွင့် ကို ထောက်ခံ ပြောဆိုလာရတော့သည်။ အထက်လွှတ်တော် မှ ယခင် ဥပဒေကြမ်းကို ပြန်လည် တင်သွင်းခွင့်ပြုပြီး ၁၉၁၉ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းပေးခဲ့ရသည်။

 

ထိုဥပဒေအား အမေရိကန် ဖွဲ့စည်းပုံ ပြင်ဆင်ချက် အမှတ် (၁၉) အဖြစ် သတ်မှတ်ကာ ပြည်နယ်လွှတ်‌ တော် အားလုံးမှ အတည်ပြုပေးရန် ဖြန့်ဝေ ပေးခဲ့သည်။

 

ယင်းအား ပြည်နယ် လွှတ်တော်များက အတည်ပြုခဲ့ပြီးနောက်တွင် သမ္မတ မှ လက်မှတ်ထိုးကာ ၁၉၂၀ ဩဂုတ်လ ထဲတွင် ဥပဒေ အဖြစ် ထွက်ပေါ်လာခဲ့ပေတော့သည်။

 

"မော်စီတုံး၏ တော်လှန်သော ခရီးကြမ်း" ကို ဆက်လက် တင်ပြသွားပါမည်။