အီးယူ မှ နောက်ထပ် ပိတ်ဆို့ အရေးယူ

by Hla Soewai - Feb 23 2023

အဖွဲ့ဝင် ၂၇ နိုင်ငံ ပါ‌‌ သော ဥရောပ သမဂ္ဂ မှ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့စွဲဖြင့် ၂၀၂၃/၃၈၀ တွင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ မှ ထိတ်တန်း ပုဂ္ဂိုလ် ၆ ဦး၊ လက်နက်ပွဲစား လုပ်ပေးသူ သုံဦး နှင့် ကာကွယ်ရေး နှင့် ပတ်သက်သော လုပ်ငန်း ၇ ခု ပါဝင်လာခဲ့သည်။

 

လက်ရှိ ၆ ကြိမ် မြောက် ပိတ်ဆို့ အရေးယူမှုကြောင့် အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့မှ အရေးယူခံရသူ ၉၃ ဦး ရှိသွားပြီ ဖြစ်သည်။

 

ယခုအခါ စွမ်းအင်ဝန်ကြီး ဆိုသူ မျိုးမြင့်ဦး၊ စစ်ရေးချုပ် မောင်မောင်အေး၊ ရေတပ်ဦးစီးချုပ် မိုးအောင် တို့ ပါဝင်လာသည်။

 

ထူးခြားချက် တရပ် အနေဖြင့် ကိုဖြိုးဇေယျာသော် နှင့် ကိုဂျင်မီ တို့အား ကွပ်မျက်ရာတွင် တိုက်ရိုက် ပါဝင်ခဲ့မှု ဖြင့် လက်ရှိ ရန်ကုန်တိုင်း စီးပွားရေး ဝန်ကြီး ဒုဗိုလ်မှုးကြီး မျိုးမြင့်အောင် အား ထည့်သွင်း လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းသည် ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်သားစုဆောင်းရေး နှင့် စစ်ခုံရုံး တရားသူကြီး ဖြစ်ခဲ့ဖူးသည်။ ၎င်းသည် လူပေါင်းများစွာ ကို သေဒဏ်စီရင်ခဲ့ဖူးသူ ဖြစ်သည်ဟု အီးယူ၏ ကျေညာချက် ၂၀၂၃/၃၈၀ တွင် ဖေါ်ပြခဲ့သည်။

 

နောက်ထပ် တဦးမှာ ကချင်ပြည်နယ် စစ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် ဆိုသူ ပင် ဖြစ်သည်။ ၎င်းအား ပြည်သူများ အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ အစုလိုက် အပြုံလိုက် လူသတ်မှု၊ လူသား တံတိုင်း အသုံးပြုရန် အမိန့်ပေးမှု၊ ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးပစ်ရန် အမိန့်ပေးခဲ့မှု များ ကြောင့် ဖြစ်သည်ဟု သိရသည်။ သူသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောင်းရွှေ့လာသူ ဖြစ်သည်ဟု ဆိုသည်။

 

နောက်ထပ် ပါဝင်သူများက ပြည်ထဲရေး ဒုဝန်ကြီး ဆိုသည့် ဗိုလ်ချုပ် ဇင်မင်းထက်၊ အရပ်သားထဲမှ လက်နက် ပွဲစားများ ဖြစ်သည့် MCM မှ အောင်လှိုင်ဦး၊ ရတနာပုံ လေကြောင်းထောက်ပံ့ရေး မှ စစ်တိုင်းအောင်၊ စကိုင်း အေဗီရေတာ မှ ကျော်မင်းဦး တို့အား စစ်တပ်မှ စစ်ရာဇဝတ်မှုများ ကျုးလွန်နေမှု ကို အားပေးကူညီမှု များ ဖြင့် အရေးယူ ဒဏ်ခတ်သည့် စာရင်းထဲ ပါရှိလာခဲ့သည်။

 

နိုင်ငံတကာ မှ မည်သူသည် စစ်ရာဇဝတ်မှု များ ကျူးလွန်ရာတွင် မည်သည့် အတိုင်းအတာ အထိ ပါဝင် ပတ်သက်ခဲ့သည် ကို အထောက်အထား များ ရရှိထားသည် မှာ ပေါ်လွင် ထင်ရှားနေသည်။ တသက်လုံး ဒဏ်ခတ် လာတာ ဘာဖြစ် ဟု ယခုအခါ ယူဆ၍ မရတော့၊ ယခင်ကလို နိုင်ငံရေး ဖိအားပေးသည့် ပုံစံမျိုး မဟုတ်တော့ပဲ စစ်ရာဇဝတ်မှု များ နှင့် ဆက်နွယ်လာ‌နေပြီ ဖြစ်သည်။

 

အမိန့်နာခံရ၍ ဆိုသော လူများသည် ယခု ပြည်သူများ အပေါ် စစ်ဆင်နေမှု ကို အနိုင်ရမှသာ ဖြစ်ပေတော့မည်။ ထိုသို့ အနိုင်ရရှိအောင်ကလည်း ခေါင်းဆောင် ဖြစ်သူ မင်းအောင်လှိုင်မှ စွမ်းဆောင် နိုင်ပါမည်လော၊ ထိုသို့ မစွမ်းဆောင်နိုင်က ဟစ်တလာကဲ့သို့ အရေးနိမ့်သွားလျှင် ဂျာမန် စစ်ဗိုလ်ချုပ်များ တသီတသန်းကြီးလို နုရင်ဘတ် စစ်ခုံရုံး တွင် သေဒဏ်စီရင်ခြင်း ခံရပေတော့မည်။

 

အလားတူ ဂျပန် တို့ အရေးနိမ့်သွား ပြီး နောက် တိုကျို စစ်ခုံရုံးတွင် ဂျပန် စစ်ဗိုလ်ချုပ်များလည်း အပြစ်ပေး ခံကြရပြန်သည်။

 

မင်းအောင်လှိုင် ကတော့ နောက်ဆုပ်၍ မရတော့သည့် အတူတူ ပြည်သူများ အပေါ် အကြမ်းဖက်မှုများ တိုး၍ ကျုးလွန်ရန် သစ္စာခံ အရပ်သားများ ရွေးထုတ်ကာ လက်နက်တပ်ဆင် ပေးလာပြီ ဖြစ်သည်။

 

စစ်ပွဲ တပွဲ၏ အနိုင်အရှုံးသည် ခေါင်းဆောင်မှု၊ နည်းဗျုဟာ၊ စိတ်ဓါတ်အင်အား၊ ထောက်ပို့ နှင့် နည်းပညာ ပိုင်း က အဆုံးအဖြတ် ပေးနိုင်ခဲ့သည်ချည်း ဖြစ်ရာ လက်ရှိတွင် လက်နက် နှင့် နည်းပညာ သာ အသာစီး ရနေသည်ကို သိကြမည်သာ ဖြစ်သည်။

 

ထိုသို့သော အနေအထား နှင့် ကော မည်မျှ ကြာအောင် ဆက်သွား နိုင်ပေမည်နည်း၊ ကုလသမဂ္ဂ တွင် ပင် တရားဝင် ရပ်တည်ခွင့်မရ၊ ပြည်ပ ရင်းနှီး မြုပ်နှံမှုကလည်း ဟန်ကို့ဖို့သာ လေလုံးထွားနေရသည်၊ တကယ်တမ်း ကျိုးတို့ကျဲတဲ အဆင့်မျှသာ ဖြစ်သည်။

 

အားလုံးသည် ကိုယ်လို လူမျိုး ချည်း မဟုတ်၊ မိမိတို့ အထဲမှ မိမိတို့ ပြစ်မှု များ ပပျောက်သွားရန် ပြည်သူဖက်က ရပ်တည်သွားရန် စိတ်ပိုင်းဖြတ်သူများ ရှိလာပါက အခြေအနေများ လျပ်တပြက်အတွင်း ပြောင်းလဲသွားပေမည်။

 

ထိုအခါတွင်တော့ ကားကြီးတဝီဝီ၊ ဘော်ဒီဂတ်များ တလှေကြီး နှင့် သွားလာနေသူများ နေမြင် ညပျောက် ဆိုသလို တရားရုံး၏ ဝက်ခြံထဲ ရောက်ကုန်ကြမည် ဖြစ်သည်၊ ပိုင်ဆိုင်မှု များလည်း အသိမ်းခံရမည်၊ မိမိတို့၏ ဇနီး သားသမီးများလည်း သေသည် အထိ လူတော တိုးတော့မည် မဟုတ်၊ စာရေးစာချီ အလုပ်ပင် ရှာလို့ မရတော့ ဆိုသည် ကို သတိမူသင့်သည်။

 

အားလုံးသည် ယခု အခါ မင်းအောင်လှိုင်၏ စွမ်းဆောင်ရည် အပေါ် မိမိတို့ အသက်များ၊ မိသားစု၏ ဘဝများ ပုံအော် လောင်းကာ လှုပ်ရှားနေကြရသူများ ဖြစ်သည်ကို လူတိုင်းလိုလို သိရှိနေကြပြီး ဖြစ်သည်။

 

အဘယ်သို့များ အားတက် စရာ ရှိပေဦးမည်နည်း၊ စဉ်းစားချိန်တန်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!