သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(107)

by Hla Soewai - Feb 19 2023

ဗြိတိန် နှင့် အမေရိကန် ရှိ အမျိုးသမီးထုကြိး၏

မဲပေးခွင့် ရရှိရေး တော်လှန် လှုပ်ရှားမှုကြီး (၇)

 

ဝေါ့လေ့စ် ဒန်းလော အစာငတ်ခံ တိုက်ပွဲဝင်ပြီး လေးရက် မြောက်နေ့တွင် သူမအား ပြန်လွှတ်ပေးခဲ့သည်။ အစာငတ်ခံရင်း သေသွားပါက ပြဿနာများ ပို၍ ရှုပ်ထွေးလာမည်ကို စိုးရိမ်လာသောကြောင့်လည်း ဖြစ်သည်။

 

ထိုအခါတွင် တော့ အကျဉ်းကျ ခံနေရသော အခြား ဆားဖရစ်ခ်ျ အမျိုးသမီးများ လည်း အစာစားဖို့ ငြင်းဆိုလာကြသည်။ အစိုးရက အစပိုင်းတွင် အားလုံးကို ပြန်လွှတ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်ထဲရေး ဝန်ကြီး ဟားဘတ် ဂလက်စတုန်းမှ ထောင်ဆရာဝန်အား ထိုသို့ အစာငတ်ခံသူများကို အစာဝင်အောင် အတင်းအကျပ် ကျွေးရမည်ဟု ညွန်ကြားလာခဲ့သည်။ မည်သို့ပင် ဖြစ်စေ ဆားဖရစ် အမျိုးသမီးသည် လွန်စွာ အန္တရာယ်များသော လက်နက်သစ် တမျိုး ကို ရှာ‌တွေ့သွားခဲ့ကြပြီ ဖြစ်သည်။

 

ထိုသို့ ရက်စက်စွာ အတင်းအကျပ် အစားအသောက်များ ပါးစပ်ထဲ လောင်းထည့်သည့် လုပ်ရပ်ကြောင့် ထောင်ကျ အမျိုးသမီးများသည် မိမိတို၏ ယုံကြည်ချက်ကြောင့် နှိပ်စက်ခံရသူ များ ဖြစ်သွားပြီး သူရဲကောင်း အာဇာနည်များ အဖြစ် ပုံပေါ်လာခဲ့သည်။

 

အကျဉ်းထောင် ဝန်ထမ်းများက အမျိုးသမီးများကို အတင်းအကျပ် ချူပ်နှောင်ပေးရပြီး ဆရာဝန်က နှာခေါင်းပေါက် သို့မဟုတ် ပါးစပ်ကို ဖြဲကာ ပိုက်ဖြင့် ကြက်ဥ၊ နွားနို့များကို လောင်းထည့် ပေးရသည်။ အဆင်မသင့်က သွားများ ကျိုးပဲ့ခြင်း၊ အသက်ရှု လမ်းကြောင်း ပိတ်ဆို့ခြင်းများ ဖြစ်ကုန်သည်။ ထိုသို့ အစာလောင်းထည့် မှုကို အမျိုးသမီးများ တနေ့လျှင် နှစ်ကြိမ်ခန့် ခံစားခဲ့ကြရသည်။

 

အကျဉ်းထောင်ထဲတွင် ထိုသို့ ပြုလုပ်ခံရသည့် အမျိုးသမီး ထောင်သားများ အရည် အတွက်သည် မနည်းလှဟု ဆိုရမည် ဖြစ်သည်။ ၁၉၀၉ နှင့် ၁၉၁၃ အကြား အကျဉ်းထောင် မှတ်တမ်းများအရ ၂,၀၀၀ နှင့် ၃,၀၀၀ အကြား ရှိခဲ့သည်။ အမျိုးသမီးများ မဲပေးခွင့် ရရှိရေး အတွက် လက်တွဲတိုက်ပွဲဝင်ခဲ့သော အမျိုးသားများလည်း အကျဉ်းကျ ခံခဲ့ရသည်။

 

၁၉၁၂ ခုနှစ် အစောပိုင်းကာလများမှစ၍ အမျိုးသမီး လူမှုရေး နှင့် နိုင်ငံရေး သမဂ္ဂ အဖွဲ့ဝင်များသည် အစိုးရပိုင် ပစ္စည်း များ ကို စတင် တိုက်ခိုက်ဖျက်ဆီးလာကြသည်။ ပြတင်းပေါက်များ အား ရိုက်ခွဲခြင်း၊ စာတိုက်ပုံးများအား မီးရှို့ခြင်း၊ တယ်လီဖုန်း နှင့် ကြေးနန်းကြိုးများကို ဖြတ်တောက်ခြင်း အစရှိသည် တို့ကို လုပ်လာခဲ့ကြသည်။

 

ပန်းချီ ပြခန်းများအား ဖျက်ဆီးခြင်း၊ နိုင်ငံရေးသမား များ လိုက်ပါလာသော ကားများကို ပုလင်းများ နှင့် ပစ်ပေါက်ခြင်း၊ လူမနေသော အဆောက်အအုံများ ကို မီးတင်ရှို့ခြင်းများလည်း လုပ်ခဲ့ကြပြန်သည်။ "အမျိုးသမီးများ နှင့် အမျိုးသား များ အတွက် မြင့်မြတ်သော စစ်ပွဲ ကို ဆင်နွှဲ နေခြင်း" ဟု ဆန္ဒပြသူ တဦးက ဆိုသည်။

 

ဆားဖရစ်ခ်ျ အမျိုးသမီးများသည် ၎င်းတို့၏ အရေး တော်ပုံ အတွက် လူများ၏ အသက်အန္တရာယ်ကို မထိခိုက်စေရန် အဆောက်အအုံများ နှင့် ပစ္စည်းများကို ရွေးချယ် တိုက်ခိုက်ခဲ့ကြသည်။ သို့သော် သတင်းစာများကမူ ၎င်းတို့၏ လုပ်ရပ်များကြောင့် ထိခိုက် ဒဏ်ရာရမှုများ ရှိနေသည်ဟု ရေးသားလာခဲ့ကြသည်။ အချို့ သတင်းစာများကမူ "ဆားဖရစ်ခ်ျ တို့၏ ရမ်းကားမှု outrage" ဟု ရေးသားခဲ့ကြသည်။ outrage ဆိုသော အသုံးအနှုန်းသည် လွန်စွာ ထိခိုက်နစ်နာသော စကားလုံး ဖြစ်သွားခဲ့ရသည်။ ထိုစဉ်က အိုင်းရစ်ခ်ျ တော်လှန်ရေး သမားများ ဖြစ်သည့် ဖီနီယံ နှင့် မင်းမဲ့ဝါဒီများ၏ တိုက်ခိုက်လာမှု ကို ထိုစကားလုံးဖြင့် သုံးနှုံးဖေါ်ပြနေခြင်း ကြောင့်ပင် ဖြစ်သည်။

 

သို့သော် ခရစ်စတာဘဲလ် ပန်းခတ်စ်သည် ထိုသို့ ရည်ညွှန်းလာမှု ကို ကြိုဆိုခဲ့သည်။ "အမျိုးသားတွေ သုံးတဲ့ လက်နက်မျိုး အမျိုးသမီးတွေလည်း သုံးလာကြပြီ လို့ ပြောလိုက်တာပဲ၊ ကျမတို့ စစ်ကျေညာ လိုက်ယုံတင်မကဖူး တော်လှန်ရေး တရပ် ဆင်နွှဲနေတာပဲ" ဟု ပြောခဲ့သည်။

 

၁၉၁၃ မတ်လတွင် ဗြိတိသျှ ပါလီမန် မှ လူထု မှ ၎င်းတို့၏ လုပ်ရပ်များ အပေါ် အဆိုးမြင်လာနေမှု အား ‌ကိုင်တွယ် ဖြေရှင်းရန် စတင်လာခဲ့သည်။ ယင်းသည်က "ကျန်းမာရေး ချို့တဲ့နေသော အကျဉ်းသားများ ယာယီ လွှတ်ပေးရေး" ဥပဒေကို ပြဋ္ဌာန်းလာခဲ့ခြင်းပင် ဖြစ်သည်။ ယင်းအား ပြင်ပတွင် "ကြောင် နှင့် ကြွက်" ဥပဒေ အဖြစ် သုံးနှုံး ခေါ်ဆိုလာခဲ့ကြသည်။

 

ထိုဥပဒေအရ အစာငတ်ခံ ဆန္ဒပြသည့် အမျိုးသမီးများအား ယာယီ လွှတ်ပေးပြီး ကျန်းမာရေး ကောင်းမွန်လာသည် နှင့် ပြန်လည် ဖမ်းဆီးခွင့် ရှိသော ဥပဒေ မျိုး ဖြစ်သည်။

 

ထိုဥပဒေကို ဆားဖရစ်ခ်ျ အမျိုးသမီးများက မည်မျှ အတိုင်းအတာ အထိ ဆန့်ကျင်လာကြသည် ကို ၁၉၁၃ ဇွန်လ ၄ ရက်နေ့တွင် တွေ့မြင်လာခဲ့ရသည်။

 

အက်ပဆွန် ဒေါင်း မြင်းပြိုင်ကွင်း အတွင်း တွင် ဖြစ်သည်။ မြင်းများသည် ပြိုင်ပွဲ၏ နောက်ဆုံးပိတ် ပန်းဝင်လာနေသည့် အချိန်တွင် အမျိုးသမီးငယ်လေး တဦး ဖြစ်သည့် အီမလီ ဝိုင်လ်ဒင် ဒေဗီဆန် သည် ပွဲကြည့်စင် မှ ခြံစည်းရိုး ကို ခွကျော်ကာ အရှိန် နှင့် ဝင်လာသော ဂျော့် ဘုရင် ၏ ပြိုင်မြင်း အင်မာ ၏ ‌ရှေ့တည့်တည့် တွင် ရပ်လိုက်သည်။ မြင်း၏ ဖြတ်တိုက်ခြင်း ခံလိုက်ရ၍ နောက် လေးရက် အကြာတွင် ရရှိသော ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည်။ 

 

သူမ၏ ဈာပန အခမ်းအနားကို ထောင်ပေါင်းများစွာသော လူထု ကြီး မှ လိုက်ပါ ပို့ဆောင်ခဲ့သဖြင့် ဆားဖရစ်ခ်ျ လှုပ်ရှားမှု ကြီး၏ အကြီးမားဆုံးသော ဆန္ဒပြပွဲ ကြီး အဖြစ် ပြောင်းလဲသွားခဲ့ရပေတော့သည်။