တရုတ် မိုးပျံ ပူဖောင်း ပြဿနာ

by Hla Soewai - Feb 12 2023

ယနေ့ ထွက်ပေါ်လာသော သတင်းအရ ကနေဒါ လေကြောင်း ပိုင်နက် ‌ထဲ ထပ်မံ ဝင်ရောက်လာသော "အမျိုးအမည် မသိ အရာ" တခု အား ကနေဒါ ကိုယ်စား အမေရိကန် ဂျက်တိုက်‌ လေယာဉ် တစီးက ပစ်ချ ပေးခဲ့ရသည်ဟု သိရသည်။

 

ထိုသို့ ပျံသန်းဝင် ရောက်လာသည့် အရာအား ပစ်ချခဲ့ရမှု သုံးကြိမ်မြောက် ရှိလာခဲ့ပြီ ဖြစ်သည်၊ ပထမတကြိမ် တရုတ် မိုးပျံ ပူဖောင်းဆိုသည်အား ကာရိုလိုင်နား တောင်ပိုင်း ကမ်းလွန် တွင် ပစ်ချခဲ့ရပြီး၊ ဒုတိယ အကြိမ်သည်ကား အလက်စကား ပြည်နယ် ပေါ်တွင် ဖြစ်သည်။

 

မိုးလေဝသ အချက်အလက်များ တိုင်းတာရန် အတွက် ဖြစ်ပြီး လမ်းကြောင်းမှား လွင့်မျောလာရပါသည် ဆိုသော တရုတ် အစိုးရ အဖို့ မျက်နှာပျက်စရာ ဖြစ်လာနေပေသည်။

 

သို့သော် အမေရိကန်ဖက်ကလည်း တရုတ်တို့၏ ရည်ရွယ်ချက် အမှန်ကို တိတိကျကျ မသိနိုင် ဖြစ်နေရပြန်သည်၊ အမေရိကန် ရေတပ်မှ ရေငုတ်သမားများသည် ဖေဖေါ်ဝါရီ ၄ ရက်နေ့က တောင်ကာရို လိုင်းနား ကမ်းလွန်တွင် ပစ်ချခဲ့သော တရုတ်တို့၏ လေသင်္ဘောမှ အပျက်အစီးများကို ဆယ်ယူနေဆဲပင် ဖြစ်သည်။

 

ယခုအခါ တရုတ်တို့ဖက်က လေသံပြောင်းလာပြီး ထိုအပျက်အစီးများကို ပြန်ပေးရန် တင်းတင်းမာမာ ပြောဆိုလာသည်။ ထို့အတွက် နှစ်နိုင်ငံ အကြား ယခင် စစ်အေးတိုက်ပွဲ အသွင် ထိတ်တိုက်‌ တွေ့ကြမည့် အနေအထားသို့ ဦးတည်လာနေပြီ ဖြစ်သည်။

 

ဝါရှင်တန် တွင် တရုတ် ဆန့်ကျင်ရေး အပြောအဆိုများသည်သာ politically correct နိုင်ငံရေး နှင့် ဘောင်ဝင်သည့် သည်ဟု ယူဆနေသည်မှာ ကြာပြီ ဖြစ်၍ အလျော့ပေးမည့် အလားအလာမျိုး တွေ့ရမည် မဟုတ်ပေ။ တရုတ် အစိုးရ ဖက်တွင်လည်း အမေရိကန့်အား အလျော့မပေးရေး ဖိအား ပေးခံနေပြီး တိုင်ဝမ်ဖက်လှည့်ကာ စစ်အင်အား ဖြည့်တင်းလာနေကြပြန်သည်။

 

လေပူပေါင်းအား ပစ်မချမီ တရုတ်ဖက်က ထိုသို့ဖြစ်ရသည့် အတွက် စိတ်မကောင်း ဖြစ်မိကြောင်း လေသံ ပျော့ပျော့ နှင့် ပြောဆိုနေရာမှ နောက်ပိုင်းတွင် အမေရိကန်သည် လိုတာထက် ပိုလာနေပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများကို ဖေါက်ဖျက်သည် ဆိုကာ တင်းတင်းမာမာ ပြော‌ဆိုလာခဲ့သည်။

 

ထို့အပြင် ပူဖောင်းနှင့် သက်ဆိုင်နေသည့် တရုတ် ကုမ္ပဏီများ၏ အကျိုးစီးပွားကို ကာကွယ်ပေးသွားမည် ဖြစ်ပြီး လိုအပ်သလို လက်တုန့်ပြန်နိုင်ခွင့် ရှိသည်ဟု ဆိုသည်။ အပိုင်းအစ များသည် တရုတ်ပိုင် ဖြစ်၍ ပြန်ပေးရမည် ဟု လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရ အမျိုးသမီးက ဆိုသည်။

 

အမေရိကန်ရှိ ရီပတ်ဘလီကင် ‌ခေါင်းဆောင်များက စောစောစီးစီး ပစ်မချပဲ အချိန်ဆွဲနေသည် ဆိုကာ သမ္မတ ဘိုင်ဒင် အား ပြစ်တင် ပြောဆိုလာကြသည်။ ဘိုင်ဒင်က မူ ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ကွန်ဂရက်သို့ ပြောကြားရာ ၌ အမေရိကန် အကျိုးစီးပွားနှင့် ကမ္ဘာကြီး အကျိုး ရှိရာ ရှိကြောင်း ဖြစ်စေမည့် နယ်ပယ်များတွင် တရုတ် နှင့် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ အမေရိကန်၏ အချုပ်အခြာ အာဏာကို ခြိမ်းချောက်လာမည်ဆိုက ကာကွယ်သွားမည် ဖြစ်သည်ဟု ဆိုသည်။

 

တရုတ် အစိုးရ နှင့် နီးစပ်သည့် ကျွမ်းကျင်သူများကမူ လက်ရှိကိစ္စ အား အကြောင်းပြု၍ တရုတ်အား ရန်လိုရာတွင် ဒီမိုကရက်များသည် ရီပတ်ဘလီကင် တို့ထက် သာကြောင်းအား ၂၀၂၄ ‌ရွေးကောက်ပွဲ အတွက် ထုတ်ပြရန် နှင့် ရေရှည် စစ်အေး တိုက်ပွဲကြီး ဆင်နွဲသွားမည်ဆိုကာ လူထု ထောက်ခံမှု ရအောင် လုပ်နေသည်ဟု ဝေဖန်နေကြသည်။

 

တရုတ်တို့သည် ကမ္ဘာတိုက်ကြီး ငါးတိုက် ပေါ်သို့ ပူဖောင်းများ လွှတ်တင်ထားခဲ့ပြီး နိုင်ငံ အများအပြား၏ အချုပ်အခြာ အာဏာကို ချိုးဖောက်နေသည်ဟု အမေရိကန် အရာရှိများက ဆိုသည်။ တရုတ်ကမူ မကြာသေးမီက လက်တင် အမေရိကားသို့ အလားတူ ပူဖောင်းများ လွှတ်တင်ခဲ့သည်ဟု ဝန်ခံလိုက်ပြီး ယင်းသည်လည်း မိုးလေဝသ လေ့လာရန် ဟု ဆိုပြန်သည်။

 

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဝန်ကြီး ဝင်ဒီ ရှားမင်းမှ ကမ္ဘာတဝှမ်းရှိ အမေရိကန် သံရုံး ၄၀ ခန့်အား ရှင်းလင်းချက် ပေးပို့ခဲ့ရာတွင် မိုးပျံ ပူဖောင်းများအား တရုတ်ပြည် တောင်ပိုင်း ဟိုင်နန် ပြည်နယ် အတွင်းရှိ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ထိန်းချုပ်နေခြင်း ဖြစ်ပြီး အိန္ဒိယ၊ ဂျပန်၊ တိုင်ဝမ်၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် နိုင်ငံများမှ စစ်ရေး သတင်း အချက်အလက်များ စုဆောင်းနေခြင်း ဖြစ်သည်ဟု ပါရှိသည်။

 

တရုတ် မိုးပျံ ပူဖောင်းသည် အမြင့်ပေ အနိမ့်ပိုင်းမှ ပျံသန်းနိုင်ပြီး ဆိုလာ စွမ်းအင်သုံး အင်ဂျင် အသေးစား လေးဖြင့် မောင်းနှင်နိုင်သဖြင့် ကြာရှည်စွာ သွားလာနိုင်ပြီး ကုန်ကျစရိတ်လည်း မများလှဟု သိရသည်။ ထို့ပြင် တိုက်ချင်းပစ် ဒုံးကျည်များနှင့် အသံထက်မြန်သော ဒုံးကျည်များကိုလည်း ထိန်းချုပ်ပဲ့ကိုင်နိုင်စွမ်း ရှိနေသည်ဟု ဆိုသည်။

 

ထိုကဲ့သို့သော ပဟေဠိ များ အဖြေညှိရန် အမေရိကန် ရေတပ် နှင့် တန်ပြန် ထောက်လှန်းရေး အဖွဲ့များက ပေ ၂၀၀ ခန့် အမြင့်ရှိပြီး ခရီးသည်တင် လေယာဉ် အသေးစား တစင်း၏ အရှည် ရှိသော လေပူဖေါင်း ၏ အစအန များကို သမုဒ္ဒရာ ပြင်ပေါ်တွင် အနက် ပေးငါးဆယ်၊ အကျယ် လေးပုံသုံးပုံ စတုရန်း မိုင် အတွင်း ဆယ်ယူလျက် ရှိနေပြီ ဖြစ်သည်။

 

တရုတ်-အမေရိကန် ဆက်ဆံရေးသည် ဆယ်ယူရသော အပိုင်းအစများ မှ သိလာနိုင်မည် အပေါ် မူတည် နေပြီ ဖြစ်သည်။

 

ကိုးကား - The Economist (Feb 9th 2023