၂၀၂၂ ခုနှစ် အောက်တိုဘာလ တွင် ထုတ်ပြန်သော ကမ္ဘာစီးပွားရေး စစ်တမ်း တွင် GDP per Capita ဟု ခေါ်သည့် နိုင်ငံသား တဦးချင်းစီ ၏ ကုန်ထုတ်လုပ်နိုင်မှု ပမာဏ တွင် မြန်မာသည် ဒေါ်လာ ၁,၁၇၀ ဖြင့် အရှေ့တောင်အာရှ ဆယ်တစ်နိုင်ငံ စာရင်းတွင် အနိမ့်ဆုံး သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဆယ်တစ်နိုင်ငံ ဆိုသည်မှာ ၂၀၀၂ ခုနှစ်မှ အချူပ်အခြာ အာဏာပိုင် နိုင်ငံ ဘဝသို့ တင်းပြည့်ကျပ်ပြေ့ ရောက်လာခဲ့သည့် အရှေ့ တီမော ကို ထည့်သွင်းထား၍ ဖြစ်သည်။ (ပုံတွင် နိုင်ငံ အလိုက် စာရင်း ကို ဖေါ်ပြထားသည်)
ယခုအခါ ၎င်းတို့ ခေတ် နောက်ထပ် တိုးတက်မှုကြီး တရပ်အဖြစ် ရန်ကုန်မြို့ အနှံ့တွင် ခေတ်အဆက်ဆက် တခါမျှ မမြင်ခဲ့ဖူးသော လမ်းဘေးအိပ်၊ လမ်းဘေးစား Homeless လူတန်းစားပင် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။
ကုမ္ပဏီ အကြီးအကဲ တဦးပင် ထိုသို့ နှစ်နှစ်ဆက်တိုက် ဘာတခုမျှ ဖြစ်မလာပဲ အရှုံးပေါ်နေမည် ဆိုက ရှယ်ယာ အစုရှင်များက ၎င်းအား ဖယ်ရှားရန် ဆူပူ တောင်းဆို ကြမည်မှာ ဓမ္မတာ ပင် ဖြစ်သည်။ သို့သော် မြန်မာပြည်ရှိ စစ်ဗိုလ်ချုပ်များကတော့ ၎င်းတို့ အနေအစား ချောင်လာကောင်းရဲ့ ဟူသော စိတ်ဖြင့် တိုင်းပြည်ကို မင်းအောင်လှိုင် လုပ်ချင်ရာ လုပ်ဟု ထိုးအပ်နေကြသည်။
မင်းအောင်လှိုင်သည် ယခုလို နည်းပညာ များ တဟုန်ထိုး တိုးတက်နေပြီး ကမ္ဘာကြီးသည် ရွာကြီးတရွာလို ပို၍ စုဝေးလာနေချိန်တွင် မြန်မာပြည်သည် မည်သို့သော အနေအထား ဖြင့် ရပ်တည်သွားမည် ဆိုသည်နှင့် ပတ်သက်ပြီး အတွေးအခေါ် အကြံညဏ် လုံးဝ ကုန်ခန်းနေသူ ဖြစ်သည်။ သူ့တွင် ရှိသည့် တခုတည်းသော စိတ်ကူးက တိုင်းပြည်ကို ငြိမ်ဝပ်မိပြားအောင် လုပ်မည်၊ ပြီးလျှင် ရွေးကောက်ပွဲကို ဟန်ပြ လုပ်ကာ ကမ္ဘာကြီးအား ၎င်းတို့ကို ပြည်သူက ရွေးချယ် တင်မြှောက်ထားသည့် တရားဝင် အစိုးရ ဖြစ်လေဟန် ဆောင်မည်။
သို့ဆိုက မျက်နှာပင် မမြင်ချင်လောက် အောင် မုန်းတီးနေသည့် မြန်မာ ပြည်သူများ နှင့် မည်သို့ ဆက်၍ စခန်းသွားကြမည်နည်း၊ ဖမ်းလိုက် သတ်လိုက် နှင့် သံသရာလည် နေမည်သာ ဖြစ်သည်။ ကုလသမဂ္ဂ မှ စ၍ မည်သူကမျှ လည်း အသိအမှတ်ပြုကြလိမ့်မည် မဟုတ်။
အာဏာသိမ်းပြီးတိုင်း ဆူပူကြလျှင် ခဏပါဟု အလွယ်တွေးခဲ့ကြသည်၊ သို့သော် မြန်မာပြည်သူများက ယခင်ကလို စိတ်ပျက် လက်မှိုင်ချပြီး ၎င်းတို့၏ အုပ်ချုပ်ခံ အဖြစ် ဆက်နေသွားကြဖို့ စိတ်မကူးတော့၊ မိမိတို့၏ တိုးတက်ရာ တိုးတက်ကြောင်း ဘာတခုမျှ မယ်မယ်ရရ လုပ်ကိုင် ပေးလိုစိတ် မရှိ၊ နီးစပ်ရာ ဝေစားမျှစား နှင့် တိုင်းပြည်ကို နှစ်ပေါင်း ၆၀ နီးပါး အနိုင်ကျင့် အုပ်ချုပ်လာခဲ့မှု ကို လုံးဝ လက်မခံတော့ပဲ လက်နက်ကိုင် တွန်းလှန် လာကြပြီ ဖြစ်သည်။ ထိုအရေးကား သိကြားမင်း ဆင်းတာလျှင်တောင် မည်သို့မျှ အဆုံးသတ်သွားဖို့ ရာ မရှိ။
တိုင်းပြည်သည်သာ ရှေ့လျောက် လုံးခြာလိုက်ပြီး တိုင်းတပါး၏ အစောင့်ရှောက်ခံ ဘဝ နှင့် အချုပ်အခြာ အာဏာ ဆုံးရှုံးရပေတော့မည်၊ လက်ရှိ ယူကရိန်း အား ကျုးကျော်မှု တွင်ပင် ဆရာသခင် ရုရှား အကြိုက်လိုက်၍ ကြားနေယုံမျှ မဟုတ်တော့ပဲ ထောက်ခံပေးခဲ့ကြသည် မဟုတ်ပါလော၊ ဤသည်ကပင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒ စတင် စတေးပေးလိုက်ရခြင်းပင် ဖြစ်သည်။
ထိုအနေအထားမျိုး နှင့် ရှေ့လျှောက် မည်သို့ စခန်းသွားကြပေဦးမည်နည်း၊ တပ်ထဲရှိ သေဆိုသေ ရှင်ဆိုရှင် expendable စတေးပစ်နိုင်ရန် အသုံးတော်ခံနေကြရရှာသော စစ်ဗိုလ် မိုက်ရူးရဲများကတော့ PDF များကို ချေမှုန်းနိုင်လျှင့် ပြဿနာ ပြေလည် ပြီ ဟု လူမိုက် တွေး တွေးနေကြဆဲပင် ဖြစ်သည်။
၎င်းတို့ ရင်ဆိုင်နေရသည့် ပြဿနာသည် ထိုထက်မက ကြီးမားလွန်းနေသည်ကို မင်းအောင်လှိုင်က အစ ရိပ်စားမိနိုင်စွမ်း မရှိသော်လည်း အိမ်နီးချင်း နိုင်ငံများကတော့ ရင်လေးနေပြီ ဖြစ်သည်၊ ထို့အတွက် အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ မှ ၎င်း၏ ဗိုလ်ချုပ်ကြီးဟောင်း တဦးကို စေလွှတ်၍ အရပ်သား အုပ်ချုပ်မှု လက်အောက်သို့ တိုင်းပြည် အာဏာ ကို ပြန်လွှဲပေးရန် နားချ တော့မည် ဖြစ်သည်။
ဤသည်ကပင် ဂျိုကိုဝီ က အစ အာဆီယံ နိုင်ငံများ အကြီးအကျယ် လွဲချော်နေမှုပင် ဖြစ်သည်။ အာဏာကို မင်းအောင်လှိုင်က အရပ်သား အစိုးရထံ ပြန်လွှဲပေးပြီး စစ်တန်းလျှား ပြန်သွားယုံနှင့် ပြေလည် သွားမည်လော၊ ပါးစပ်ထဲ အက်ဆစ်လောင်းထည့်ကာ ညှင်းပမ်း နှိပ်စက်၊ သတ်ဖြတ်ခံကြရမည့် အရေးကို မြင်၍ ရန်သူကို နောက်ကြောတွင် ထားကာ မည်သူက စွန့်စားရဲပေမည်နည်း။ တိုင်းရင်းသား လူနည်းစုများ ကကော ၎င်းတို့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် ရေးထိုးကြမည်လော။
တိုင်းပြည်ကို မည်သူ အုပ်ချုပ်ရမည်ကို ၎င်းတို့သာ ဆုံးဖြတ်ပိုင်ခွင့် ရှိနေသည်ဟု ဦးနှောက်ထဲ ရိုက်သွင်းခံထားရသူများက နောက် သုံးလေးနှစ် ကြာလျှင်ကော ထိုသို့အာဏာ ထပ်မသိမ်းပါဟု မည်သူ အာမခံ နိုင်မည်နည်း။ ထိုသို့ ထပ်မဖြစ်စေရဟု မယုံကြည်နိုင်သရွေ့ မည်သို့သော ဖြေရှင်းမှုမျိုးကို ရွာ များ မီးရှို့ခံထားရသော၊ မိမိတို့သားသမီးများ ဆုံးရှုံးခဲ့ကြရသော မြန်မာ ပြည်သူများက မည်သို့မျှ လက်ခံကြမည်မဟုတ်။
မြန်မာ အရေးကား ထိုသို့ ပြီးလွယ် စီးလွယ် လုပ်၍ မရ၊ တာဝန်ခံမှု တာဝန်ယူမှု မရှိပဲ မည်သို့မျှ ပြေလည်ရာ ပြေလည်ကြောင်း မဖြစ်နိုင်။
ယခုအခါ ၎င်းတို့ဖက်မှ အမြဲလို လိုက်ပြောနေသည့် ဂျပန် ၏ အထူး သံတမန် ဟု ဆိုသူ ယိုဟီ ဆာဆာကာဝါ က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အာဆီယံ မှ စစ်အာဏာသိမ်း အဖွဲ့ နှင့် ဆွေးနွေးမှ ဖြစ်မည်ဟု ဆိုလာပြန်သည်။ မြန်မာပြည်သူများက ရင်ကြားစေ့ရေး ကို လုံးဝ လက်မခံတော့၊ ၎င်းတို့အားလည်း အာဏာကိုင်စွဲ အုပ်ချုပ်ပိုင်ခွင့် လုံးဝ မရှိစေမည့် အဆုံးသတ် တိုက်ပွဲ ဆင်နွှဲသွားဖို့ အခိုင်အမာ သန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်ကို ကမ္ဘာက လက်ခံ မှသာ ပြသနာ၏ အဖြေကို ရှာနိုင်မည် ဖြစ်သည်။
ယခုအခါ ရန်သူ ကို စစ်မြူနိုင်ခဲ့ပြီ ဖြစ်၍ စစ်အာဏာသိမ်း အဖွဲ့သည့် ၃၇ မြို့နယ်တွင် မာရှယ်လော အား နိုင်ငံတကာ တွင် ၎င်းတို့၏ လက်ကျန် ဂုဏ်သိက္ခာ များ အကျခံကာ ထုတ်ပြန်ခဲ့ရပြီ ဖြစ်သည်။
ဘန်ကောက်ပို့စ် သတင်းစာမှ ဆောင်းပါးရှင် ချုလာလောင်ကွန်း တက္ကသိုလ် လုံခြုံရေး နှင့် နိုင်ငံတကာ လေ့လာရေး ဌာနမှ Thitinan Pongsudhirak က နိုင်ငံတကာသည် အမျိုးသား ညီညွတ်ရေး အစိုးရအား တနေ့တခြား ထောက်ခံလာကြပြီ ဖြစ်သော်လည်း တိုင်းပြည် ဝါးအစည်းပြေ သကဲ့သို့ ကွဲထွက်သွားမည်ကို စိုးရိမ်နေကြသည်၊ NUG အနေဖြင့် ထိုသို့ မဖြစ်နိုင်ကြောင်း၊ လူထု အပေါ် ဩဇာ သက်ရောက်နိုင်မှု ရှိကြောင်း အခိုင်အမာ ပြသနိုင်ရန် လိုနေသည်ဟု ထောက်ပြလာခဲ့သည်။
၎င်းက တိုင်းရင်းသား လက်နက်ကိုင် များ နှင့် ခုခံ တော်လှန်နေသော အင်အားစုများ သည် တခုတည်းသော ကွပ်ကဲမှု အောက်တွင် စည်းကမ်းတကျ၊ အဖွဲ့အစည်း ပီသစွာ တာဝန်ခံနိုင်မှု မပြ နိုင်သရွေ့ ၎င်းတို့ တောင်းဆိုနေသော လေယာဉ်ပစ် လက်နက်များ နှင့် အခြား လက်နက်များ ရောက်လာနိုင်ဖွယ် မရှိဟု လည်း ဆိုသည်။
နောက်ထပ် ရရှိသော သတင်းတရပ်အရ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်မှ မလေးရှား-ထိုင်း ကုန်သည်ကြီး များ အသင်းတွင် မိန့်ခွန်းပြောကြားရာတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ရှေ့လျောက် ဖွံ့ဖြိုး တိုးတက်ရေး ကို အနှောက်အယှက် ပေးလာနေသည့် မြန်မာအား အာဆီယံ မှ ဖယ်ထုတ်ပစ်ရန် ထည့်သွင်း ပြောဆိုလာခဲ့ပြီ ဖြစ်သည်။ ဤသည်ကပင် မြန်မာ စစ်ဗိုလ်ချူပ်များ ရေရှည် လိမ်ဖယ် လိမ်ဖယ် နှင့် သွားနေမည် ဟု ယူဆလိုက်ခြင်းပင် ဖြစ်သည်။
၎င်းတို့အားလည်း ကိုယ့်ပြည်သူ ကို ကိုယ် နေ့စဉ်လို သတ်ဖြတ်နေကြသည့် အဖွဲ့ဟု တကမ္ဘာလုံး က ဝိုင်းဝန်း အသိအမှတ် ပြုထားကြပြီးလည်း ဖြစ်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!
Illustration Credit - Democratic Voice of Burma