သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(104)

by Hla Soewai - Feb 11 2023

ဗြိတိန် နှင့် အမေရိကန် ရှိ အမျိုးသမီးထုကြိး၏ မဲပေးခွင့် ရရှိရေး တော်လှန် လှုပ်ရှားမှုကြီး (၄)

 

အမျိုးသမီးများ မဲပေးခွင့် ရရှိရေး နိုင်ငံလုံး ဆိုင်ရာ သမဂ္ဂကြီးသည် ၁၉၁၀ ခုနှစ် အရောက်တွင် အရေးပါ ဆုံး အဖွဲ့ကြီး ဖြစ်လာပြီး အဖွဲ့ဝင် အင်အား ၂၁,၀၀၀ အထိ ရှိလာခဲ့သည်။ ခေါင်းဆောင် အမျိုးသမီးများ သည် ကြေးရေတက် လူတန်းစားများ မှ ဖြစ်သော်လည်း အမျိုးသမီး အလုပ်သမားများ လည်း ပါဝင်လာကြသည်။

 

 

သို့သော်လည်း အမျိုးသမီးများ၏ သမဂ္ငသည် ထိုအနေအထားမှ ရှေ့သို့ ထိထိရောက်ရောက်

မထိုးဖေါက်နိုင် ဖြစ်နေသည်။ ၁၉၀၃ ခုနှစ်တွင် ဆားဖရစ်ခ်ျ ရေး လှုပ်ရှားသူ အမျိုးသား တဦး ဖြစ်သည့် ဒေါက်တာ ရစ်ချတ် ပန်ခပ်စ် ၏ သမီး နှစ်ဦး နှင့် မုဆိုးမ တဦးတို့ ဦးဆောင်ပြီး အမျိုးသမီးများ၏ လူမှုရေး နှင့် နိုင်ငံရေး သမဂ္ဂ Women's Social and Political Union (WSPU) ဆိုသည့် စစ်သွေးကြွ အုပ်စု ထွက်ပေါ်လာခဲ့သည်။ ထို့အဖွဲ့ကို အီမလင်း ပရန်ခပ်စ် နှင့် သူမ၏ သမီး နှစ်ဦး ဖြစ်သော ခရစ်စတာဘဲလ် နှင့် ဆီဗီယာ တို့က "စကားနှင့်မဟုတ်၊ အလုပ်နှင့် သက်သေပြ" မည်‌ဟူသော ဆောင်ပုဒ် ဖြင့် ဦးဆောင်လာခဲ့သည်။

 

ထိုအချိန်တွင် ဗြိတိန် နိုင်ငံသားများသည် ပါလီမန်တွင် သူတို့ ၏ အရေးအရာ များ ဆွေးနွေးနေကြသည် ကို အပေါ်ထပ် စင်မြင့်မှ စောင့်ကြည့်နိုင်ခွင့် ရှိနေသော်လည်း အမျိုးသမီးများသည် ဒုတိယ တန်းစား နိုင်ငံသားများ အဖြစ်နှင့် သာ ရှိနေပေသေးသည်။ အမျိုးသမီး များ လာရောက် ကြည့်ရှူ့ခွင့် ပေးထားသော နေရာသည် ကျဉ်းကျဉ်းကျပ်ကျပ် နှင့် လေဝင်လေထွက် မကောင်းသည့် အပြင် အောက်ကို ကောင်းစွာ မမြင်ရပြန်ပေ၊ အမျိုးသမီးများကြောင့် အောက်တွင် ‌ဆွေးနွေးနေကြသူများ အနှောက်အယှက် ဖြစ်မည်စိုး၍ တမင်တကာ ထိုကဲ့သို့သောနေရာ မျိုး သတ်မှတ် ပေးထားခြင်းလည်း ဖြစ်သည်။ 

 

ထိုသို့ အမျိုးသမီးများ ရောက်မလာရန် ရည်ရွယ်ချက် ရှိရှိ စီစဉ်ထားသော်လည်း ၁၉၀၅ ခုနှစ် မေလ အတွင်း တရက်တွင်တော့ ပါလီမန် သို့ အမျိုးသမီးများ စုပြုံရောက်ရှိလာခဲ့ကြသည်။

 

ထိုနေ့တွင် ပါလီမန် ၌ အမျိုးသမီးများ မဲပေးခွင့် ရှိမရှိ အခြေအတင် ဆွေးနွေးရန် စီစဉ်ထားသည်။ သို့သော်လည်း အခြေအတင် ဆွေးနွေးခြင်းမျှသာ ဖြစ်ပြီး ဥပဒေ တရပ် ထွက်ပေါ်လာအောင်အထိ ရည်ရွယ်ခဲ့ကြခြင်း မရှိပေ။ ဤသည်ကို သဘောပေါက် သွားသော အီမလင်း ပရန်ခပ်စ်သည် ပါလီမန် အဆောက်အအုံထဲမှ ဒေါသတကြီး ထွက်လာပြီး အခြား အမျိုးသမီး ပရိသတ်ကြီးအားလည်း ထွက်ခဲ့ကြရန် ဆော်‌ဩခဲ့သည်။

 

ဆားဖရစ်ချ် အဖွဲ့ဝင် တဦးက ပရိသတ် အား မိန့်ခွန်းပြောရန် ပြင်ဆင်လာသည့် အခါတွင် အပြင်၌ ရှိနေသော ရဲအဖွဲ့ဝင်များ နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားလာခဲ့သည်။ နောက်ဆုံးတွင် အမျိုးသမီးများအား တော်ဝင် ဘုရားကျောင်း ဝင်မင်စတာ အာဘီသို့ ချီတက်ခွင့်ပြုခဲ့ကြသည်။ ထိုဘုရားကျောင်းကြီး ရှေ့မှာပင် အမျိုးသမီးများက လူထုကြီးအား မိန့်ခွန်းများ ပြောပြီး ပါလီမန် ၏ တုံဏှိဘာဝေ လုပ်နေမှုကို ပြင်းပြင်းထန်ထန် ရှူတ်ချပြောဆိုခဲ့ကြသည်။ (ပုံတွင် ရှု)

 

မစ္စက် ပန်ခရပ်စ် က သူတို့၏ ကြွေးကျော်သံ ဖြစ်သည့် အလုပ်နှင့် သက်သေပြရမည့် အချိန်ရောက်လာခဲ့ပြီဟု ဆုံးဖြတ်လိုက်သည်။

 

ထိုအချိန်တွင် ဗြိတိသျှ နိုင်ငံရေး တွင် လစ်ဘရယ် ပါတီသည် ခြေတံလက်တံများ ဆန့်ထုတ်လာနေချိန်လည်း ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ် ပါတီကို အနိုင်ရလိမ့်မည်ဟုလည်း မျှော်လင့်နေသည်။ ထိုအနေအထားကို ရိပ်စားမိသော WSPU သည် လစ်ဘရယ် ပါတီ ခေါင်းဆောင် ပိုင်းကို ချည်းကပ်ကာ သူတို့၏ အရေး တော်ပုံ တပ်သား များ အဖြစ် သိမ်းသွင်းရန် ကြံစည် လာခဲ့သည်။

 

ဤသို့ဖြင့် လစ်ဘရယ် ပါတီ ခေါင်းဆောင် ဆာ အက်ဒွပ် ဂရေး ‌မိန့်ခွန်းပြောရန် စီစဉ်ထားသည့် မန်ချက်စတာ အလုပ်သမား တိုက် သို့ ခရစ်စတာဘဲလ် ပန်ခရပ်စ် နှင့် အန်နီ ကင်နီ တို့ ရောက်လာခဲ့ကြသည်။ ထိုအမျိုးသမီး နှစ်ဦးသည် ဆာ အက်ဒွပ် ဂရေး မိန့်ခွန်းပြောနေစဉ် ပရိသတ်ထဲမှ ထကာ ဖြန့် ပြမည့် "ရှင် ကျမတို့ အမျိုးသမီးတွေရဲ့ မဲတွေ ယူမလား" ဆိုသည့် ခေါင်းစီး စာတမ်းကိုပါ တပါတည်း ယူလာခဲ့ကြသည်။ 

 

အမျိုးသမီးများအား မိန့်ခွန်းပြောခွင့် မရသဖြင့် တက်ရောက်လာသူများ အသီးသီး ထပြော အပြီးတွင် အန်နီ ကင်နီသည် မတ်တတ်ထရပ်ကာ "လစ်ဘရယ် အစိုးရ ဖြစ်လာရင် ကျမတို့ အမျိုးသမီးတွေကို မဲပေးခွင့် ပြုမှာလား" ဟု ခပ်တင်းတင်းပင် မေးခွန်းထုတ်လိုက်သည်။

 

သို့သော် လစ်ဘရယ် ခေါင်းဆောင်သည် သူမ၏ မေးခွန်းကို ချက်ခြင်းလို လစ်လျုရှုလိုက်သဖြင့် ခရစ်စတာဘဲလ် နှင့် အန်နီ တို့ နှစ်ဦးစလုံး ထိုင်နေသည့် ခုံပေါ်သို့ တက်ရပ်လိုက်ကြပြီး ခုန မေးခွန်းကိုပင် နောက်တကြိမ် ပြိုင်တူ ထပ်မေးလိုက်ကြသည်၊ ခမ်းမတခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ် သွားချိန်တွင်တော့ အသင့်ပါလာသည့် ခေါင်းစီးစာတမ်း ကို ဖြန့်ချ ပြလိုက်သည်။ ထိုသို့ ဖြစ်လာခဲ့သည့်တိုင် ဆာ အက်ဒွပ် ဂရေးသည် အမျိုးသမီးများ မေးသည်ကို အရေးအရာ လုပ်၍ ဖြေစရာ မလိုဟု ဆိုကာ တုန့်ပြန်ခဲ့ခြင်း မရှိပေ။

 

ရဲများက သူတို့ နှစ်ဦးအား ခမ်းမထဲမှ ဆွဲထုတ်ရန် ကြိုးစားလာခဲ့သည်။