အခြားသော ဆားဖာရစ်ချ် အရေး လှုပ်ရှားသူ အမျိုးသမီးများ ဖြစ်သော လူစီ စတုန်း၊ ဝပ်ဒ် ဟိုဝီ နှင့် ဟင်နရီ ဘလက်ဝဲလ်တို့ကမူ ပြည်နယ် အဆင့် ဖွဲ့စည်းပုံ ကို ပြင်ဆင်နိုင်ခွင့်ရရန် သာ ဦးတည် လှုပ်ရှားခဲ့ကြသည်။ မကြာမီမှာပင် သူတို့ သုံးဦးသည် အမေရိကန် အမျိုးသမီးများ၏ ဆာဖားရစ်ချ် အဖွဲ့ကြီးကို ဖွဲ့စည်းလာကြသည်။ ၎င်းတို့၏ ကြိုးပမ်းမှု များ ကြောင့် အမေရိကန်၏ အနောက်ပိုင်း ပြည်နယ်များ ဖြစ်သော ဝိုင်အိုမင်း၊ ကော်လိုရာဒို၊ ယူတား၊ ဝါရှင်တန်၊ ကာလီဖိုးနီယား နှင့် အိုင်ဒါဟို တို့တွင် အမျိုးသမီးများ မဲပေးခွင့် ရရှိလာခဲ့ကြသည်။ သို့သော် အမေရိကန် တနိုင်ငံလုံး အတိုင်းအတာ နှင့်ဆိုမူ အမျိုးသမီးများသည် နိုင်ငံသား အခွင့် အရေးများ အပြည့်အဝ ခံစားနိုင်ခွင့် မရရှိကြသေးပဲ ထိုသို့ ပေးရန် အစိုးရ၏ အာမခံချက် မျိုးပင် ထွက်ပေါ်လာခဲ့ခြင်း မရှိသေးပေ။
ထိုအချိန်တွင် ဗြိတိန်၌ အမျိုးသမီး အဖွဲ့တဖွဲ့သည် ပါလီမန် အမတ် အဖြစ် ပူပူနွေးနွေး ရွေးချယ် တင်မြှောက်ခံရသူ ဂျွန် စတူးဝပ် မီလ် အား ချည်းကပ်ခဲ့ကြပြီး သူတို့၏ လှုပ်ရှားမှု တွင် ပါဝင်ရန် စည်းရုံးခဲ့ကြသည်။ သူသည် ပြီးခဲ့သည့် တနှစ် ၁၈၆၅ တွင် အမျိုးသမီးများ မဲပေးပိုင်ခွင့် ကို လူသိရှင်ကြား ထောက်ခံ ပြောဆိုခဲ့ဖူးသူ တဦး ဖြစ်နေသောကြောင့်ပင်။
ယခုအခါ ဂျွန် စတူးဝပ် မီလ် သည် ထိုအရေးကို ဗြိတိသျှ ပါလီမန် သို့ တင်သွင်းပြီး အရေးဆိုပေးးရန် သဘောတူခဲ့သည်။ သို့သော် ထိုသို့ အရေးဆိုနိုင်ရန် အနည်းဆုံး အမျိုးသမီး ၁၀၀ ခန့်၏ လက်မှတ်များ ရမှ ဖြစ်မည်ဟု ပြောလာခဲ့သည်။ သို့သော် သူတောင်းဆိုသလို လက်မှတ် ၁၀၀ မကပဲ ၁,၅၂၁ အထိ ရရှိလာခဲ့ကြသည်။ ဤသို့ဖြင့် မီလ် သည် သူ၏ တောင်းဆိုချက်ကို ၁၈၆၆ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ပါလီမန်သို့ တင်သွင်းခဲ့သည်။
ထိုသို့ တင်သွင်းသည့် သူ၏ မိန့်ခွန်း တွင် “ဗြိတိန် လူ့အဖွဲ့အစည်း၏ တဝက်နီးပါးခန့် ရှိသော အမျိုးသမီးများ အား ထိုသို့ ဖယ်ထုတ်ထားယုံမက ဖွဲ့စည်းပုံ ဘောင်အတွင်းမှပင် ဆောင်ရွက်ပိုင်ခွင့် မရှိ ဖြစ်နေသည်မှာ ခိုင်လုံသော အကြောင်းပြချက် ရှိပါ၏လော” ဟု မေးခွန်းထုတ်လာခဲ့သည်။
အမေရိကန် တွင် အခြေအတင် ဆွေးနွေး ငြင်းခုံနေမှု များ အား ထောက်ပြပြီး “သို့ဆိုက အမျိုးသမီးများ အခွန်ပေးဆောင် ခြင်း မှ အဘယ်ကြောင့် ကင်းလွတ်ခွင့် မပြုရသနည်း” ဟု ထောက်ပြခဲ့သည်။ ယခုအခါ အမျိုးသမီးများသည် အခွန်ပေးဆောင်နေရသည့် အတွက် ကျွနုပ်တို့ ဖွဲ့စည်းပုံ၏ ရှေးအကျဆုံး နီတိ ဆိုရိုး တခု ဖြစ်သည့် အခွန်ပေးဆောင်ခြင်း နှင့် နိုင်ငံရေး တွင် ပါဝင်ခွင့် ပြုရမည် ဆိုသည်တို့ အတူတွဲ၍ ရှိရမည် ဆိုသည်ကို ဖေါက်ဖျက်နေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
သူသည် နောက်ထပ် ပြင်ဆင်ရမည့် ဥပဒေတရပ်ကိုပါ တလက်စာတည်း တင်သွင်းလာခဲ့သည်၊ ထိုအထဲတွင် man ဆိုသော စကားရပ်အား person နှင့် ပြောင်းလဲပေးရန် ဟူ၍ ဖြစ်သည်။ သူ၏ အဆိုသည် ပါလီမန် တွင် ကန့်ကွက်မဲ ၁၉၆ မဲ၊ ထောက်ခံမဲ ၇၃ မဲ ဖြင့် အရေးနိမ့်သွားခဲ့သည်။ သို့သော် မီလ် သည် ပါလီမန် အမတ်တဦး အဖြစ် သူ ထမ်းဆောင်ခဲ့ရသည့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ တွင် အမျိုးသမီးများ မဲပေးပိုင်ခွင့် ရရှိရေး ကြိုးပမ်းခဲ့မှုသည် အရေးပါဆုံး ဖြစ်ခဲ့သည် ဟု ထုတ်ဖေါ် ပြောဆိုခဲ့သည်။
၁၈၆၇ တွင် ဗြိတိန်သည် ယခင်က မဲပေးပိုင်ခွင့် ရှိရန် အိုးအိမ်ပိုင်ဆိုင်ခွင့် ရှိရမည် ဆိုသည့် အချက်ကို လျော့ပေါ့ပေးသည့် ဥပဒေ ပြဋ္ဌာန်းလာခဲ့သဖြင့် မဲပေးပိုင်ခွင့် ရှိသူ အရည်အတွက် နှစ်ဆ နီးပါး တိုးတက်လာခဲ့သည်။ သို့သော် အမျိုးသမီးများက မူ ဖယ်ထုတ်ခံနေရဆဲပင် ဖြစ်သည်။
မဲပေးသူ အရည်အတွက် ပိုမို များပြားလာရန် ဆိုသည့် သဘောဖြင့် အမျိုးသမီးများ အား မဲပေးခွင့် ပြုရေး ဆိုသည်က ရူးသွပ် မိုက်မဲသည့် လုပ်ရပ်မျိုး ဟု ဝိတိုရိယ ဘုရင်မကြီး ကိုယ်တိုင်က ထုတ်ဖေါ်ပြောဆိုလာခဲ့ပြန်သည်။
၁၈၈၄ တွင် ဖေါ်ဆောင်လာခဲ့သော ပြုပြင်ပြောင်းလဲမှု များ ကြောင့် ဗြိတိန် ရှိ အမျိုးသား ဦးရေ၏ နောက်ထပ် ၄၀ ရာနှုန်းသည် မဲပေးခွင့် ထပ်မံ ရရှိလာခဲ့သော်လည်း အမျိုးသမီး တဦးတယောက်မျှ ထိုသို့ အခွင့်အရေးများ ပါရှိ မလာခဲ့ပြန်ပေ။ ၁၈၉၇ ခုနှစ်တွင် အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အဖွဲ့အသစ် အဖြစ် နိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး များ ဆာဖားရစ်ချ် လှုပ်ရှားမှု သမဂ္ဂ ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့ကြီးအား ကာလကြာမြင့်စွာကတည်းက အမျိုးသမီးများ မဲပေးခွင့် ရရှိရေး ဦးဆောင်ခဲ့သူ မီလီဆင့် ဂါးရက် ဖေါဆက်မှ အဖွဲ့ပေါင်း ၁၇ ဖွဲ့ကို တစုတစည်း တည်း ပေါင်းစည်းကာ ဖွဲ့စည်း ပေးခဲ့သည်။