ထိုခေတ်က အမျိုးသမီးများ အနေဖြင့် ခင်ပွန်းဖြစ်သူများ နှင့် ဖခင်များ မဲပေးခွင့် ရလျှင် ကျေနပ်သင့်သည်ဟူသော အပြောအဆို များ ခေတ်စားခဲ့သည်။ သို့သော် အများအပြား က ကျေနပ်နိုင်ခြင်း မရှိကြပေ။ အထူးသဖြင့် အမေရိကန် အမျိုးသမီးကြီးထုကြီးသည် အများနည်းတူ အခွန်ထမ်းရဖို့ ဖြစ်လာသည့် အခါတွင်တော့ တိုင်းရေးပြည်ရေး တွင် ပါဝင်ခွင့် မရမှု အပေါ် အကြီးအကျယ် ဆူပူ ကန့်ကွက်လာကြသည်။ ဤသိုဖြင့် အမေရိကန် နှင့် ဗြိတိန်တွင် အခွင့်အရေးများ နှင့် တန်းတူညီမျှ မှုများ တောင်းဆိုလာမှုသည် မီးခွက်ထဲတွင် အကျဉ်းချ ခံနေရသော အာလာဒင် ကို လွှတ်ပေးလိုက်သည့် အလား တားမရ ဆီးမရ ထွက်ပေါ်လာတော့သည်။ ထိလှုပ်ရှားမှုကြီးအား အင်္ဂလိပ်ဘာသာဖြင့် suffrage (ဆားဖရစ်ချ်) ဟု ခေါ်ဆိုသည်။
၁၈ ရာစု နှစ်မှစ၍ တော်လှန်ရေး နှင့် အတူ ပေါ်ထွက်လာခဲ့သော လူတိုင်းသည် ထိုကဲ့သို့ အခွင့် အရေး များ နှင့် လွတ်လပ်ခွင့် များ ကို တန်းတူညီမျှ ခံစားခွင့်ရှိသည်ဟူသော Universal Rights ဝါဒကို စွဲကိုင်လာကြသည်။ အမေရိကန်တွင် ကျွန်စနစ် ဖျက်သိမ်းရေး လှုပ်ရှားမှု ကြောင့် လွတ်မြောက်လာကြသော လူမည်း အမျိုးသမီးများသည် လည်း ထိုအရေးတော်ပုံကြီး အတွက် တပ်သားကောင်းများ ဖြစ်လာကြသည်။
“ကျွန်စနစ် ဖျက်သိမ်းရေး လှုပ်ရှားမှုကြီး အား ဝေဖန် ဆန်းစစ်ရင်းက ကျမတို့ အတွက်လည်း အခွင့်အရေး တွေ ဆုံးရှုံးနေရပါလား ဆိုတဲ့ အသိဝင်လာခဲ့တယ်” ဟု ကျွန်စနစ် ဖျက်သိမ်းရေး လှုပ်ရှားမှု တွင် ပါဝင်သည့် အမေရိကန် တောင်ပိုင်းသူ အင်ဂျလီနာ ဝဲလ်ဒ် က ဆိုသည်။
သို့သော်လည်း ကျွန်စနစ် ဖျက်သိမ်းရေး နှင့် အမျိုးသမီး များ မဲပေးခွင့်ရရေး လှုပ်ရှားမှု များ အကြား အက်ကြောင်းများက ရှိနေဆဲပင် ဖြစ်သည်။ ၁၈၄၀ တွင် လန်ဒန်တွင် ကျင်းပသော ကမ္ဘာ ကျွန်စနစ် ဖျက်သိမ်းရေး ညီလာခံကြီး အား ဦးဆောင်ကျင်းပသူ အမျိုးသားများက တက်ရောက်လာသူများထဲတွင် ပါဝင်သည့် အမျိုးသမီးကိုယ်စား လှယ်များကို ညီလာခံ ခမ်းမထဲ ဝင်ခွင့်မပြုပဲ ပွဲကြည့်စင်တွင်သာ နေရာ ယူခိုင်းခဲ့သည်။
ထိုအထဲတွင် အမေရိကန်မှ ကျွန်စနစ် ဖျက်သိမ်းရေး နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ ဖြစ်သည့် အယ်လိဇဘက် ကယ်ဒီ စတင်တန် နှင့် လူကရီရှား မော့ တို့လည်း ပါဝင်သွားခဲ့သည်။ စတင်တန်က အမေရိကန် အမျိုးသမီးများ မဲပေးခွင့်ရရေး ဆားဖရစ်ချ် လှုပ်ရှားမှုကြီးသည် ထိုနေ့ ထိုအချိန်မှာပင် သန္ဓေတည်လာခဲ့သည်ဟု ထုတ်ဖေါ် ပြောဆိုခဲ့သည်။
ထိုညီလာခံ ကြီး၏ အပြင်ဖက် တွင် ပင် သူမ နှင့် မော့ တို့သည် အမေရိကန် သို့ ပြန်ရောက်သည်နှင့် အမျိုးသမီး အခွင့် အရေး လှုပ်ရှားမှု ကို စတင်ရန် တိုင်ပင် ဆွေးနွေးခဲ့ကြသည်။ သူတို့၏ အကြံအစည်သည် ၁၈၄၈ ခုနှစ် နွေရာသီ တွင် နယူးယောက်ပြည်နယ် အထက်ပိုင်း ဆယ်နကာ ရေတံခွန်ကြီး ရှိရာတွင် အကောင်အထည် ပေါ်လာခဲ့သည်။ ကယ်ဒီ စတင်တန် မှ သမိုင်း တလျှောက် “လူသားတို့၏ လွတ်လပ်ခွင့်အတွက် အကြီးကျယ်ဆုံး လှုပ်ရှားမှုကြီး” စတင်ခဲ့ပြီဟု ကြွေးကျော်ခဲ့သည်။
ဆယ်နကာ ရေတံခွန် ကျေညာချက် တွင် “လူသားများ သည် တန်းတူညီမျှ မွေးဖွားလာခဲ့သည်” ဟု ဆိုရာတွင် လူသား တဝက်ခန့်၏ အခွင့်အရေး များ အတွက် ဆက်လက်တိုက်ပွဲ ဝင်ရန် လိုအပ်နေကြောင်း ထောက်ခံပြောဆိုထားသည်။
ဆားဖရစ်ချ် လှုပ်ရှားမှု သည် အရှိန်ရလာခဲ့ချိန်တွင် ၁၈၆၁ တွင် အမေရိကန် ပြည်တွင်းစစ်မီးကြီး တောက်လောင်လာခဲ့၍ အရှိန်တန့်သွားခဲ့ရသည်။ ပြည်နယ်များ အားလုံးသည်လည်း လက်ရှိ ကြုံတွေ့လာရသော အန္တရာယ်ကြီး ကို ရင်ဆိုင်လာရပြီ ဖြစ်၍ အမျိုးသမီး များ အခွင့်အရေးသည် နောက်သို့ တွန်းပို့ခြင်း ခံခဲ့ရသည်။
နောက်ပိုင်း လေးနှစ် ပြည်တွင်း စစ်ကြီး ပြီးဆုံးသွားပြီး နောက်တွင် မြောက်ပိုင်း ပြည်နယ်များ အောင်ပွဲခံခဲ့ခြင်း နှင့် အတူ ကျွန်စနစ်ကိုပါ တပါတည်း ဖျက်သိမ်းနိုင်ခဲ့၍ အမေရိကန် အမျိုးသမီးထု သည် သူတို့၏ နိုင်ငံရေး လှုပ်ရှားမှု များကို အသစ် တဖန် ပြန်လည် စတင်လာခဲ့ကြသည်။
အမေရိကန် ဖွဲ့စည်းပုံ ပြင်ဆင် ချက် အမှတ် (၁၄) နှင့် (၁၅) ကို ကွန်ဂရက်က ကမကထ ပြု တင်သွင်းလာခဲ့သော်လည်း ထို ပြင်ဆင်ချက်တွင် အမေရိကန်တွင် မွေးဖွားသူ အားလုံး သို့မဟုတ် တိုင်းတပါးမှ ရွှေ့ပြောင်းလာသူများ အား နိုင်ငံသား ဖြစ်ပိုင်ခွင့် ရှိစေရေး နှင့် ကျွန်ဘဝမှ လွတ်မြောက်လာသူ လူမည်းအမျိုးသားများ မဲပေးပိုင်ခွင့် ရရှိရေး တို့ ပါဝင်လာသော်လည်း အမျိုးသမီးများ၏ အခွင့်အရေး များ ပါဝင်လာခဲ့ခြင်း မရှိပြန်ပေ။
ထို့အတွက် အယ်လိဇဘက် ကယ်ဒီ စတင်တန် နှင့် ဆူဆန် ဘီ အန်တိုနီ တို့သည် နိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ဆားဖရစ် အသင်းကြီး ကို ထူထောင်ခဲ့ကြသည်။ ထိုအသင်းကြီးသည် အမျိုးသမီးများ မဲပေးခွင့် ရရေး ကို အဓိက ဦးတည် လှုပ်ရှားသွားရန် ဖြစ်သည်။ အသင်းကြီးသည် အမျိုးသမီး မဲပေးပိုင်ခွင့် အား ဖွဲ့စည်းပုံ ဆိုင်ရာ ပြင်ဆင်ချက် အဖြစ် ပြဋ္ဌာန်းပေးရန် မျှော်မှန်း ၍ လှုပ်ရှားလာခဲ့ကြသည်။