တရုတ်၏ မိုးပျံ ပူ‌ဖောင်း အရေးကြောင့် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာမှု မြင့်တက်လာ

by Hla Soewai - Feb 05 2023

၂၀၁၈ ခုနှစ် နောက်ပိုင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ ပထမဆုံး ခရီးစဉ် သည် ပျက်ပြားသွားနိုင်စရာ ရှိသည့် အကြောင်းရင်းများ ကို ဆန်းစစ်ကြည့်သူများ အဖို့ မွန်တာနား ပြည်နယ် ပေါ် ရောက်ရှိလာသော တရုတ်၏ မိုးပျံ ပူဖောင်း ရောက်ရှိလာခြင်းကို မည်သူမျှ ထည့်သွင်း စဉ်းစားမိကြလိမ့်မည် မဟုတ်ပေ။

 

ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် ပင်တဂွန်မှ အမြင့်ပေပေါင်း များစွာ မှ ပျံသန်းနေသော ထောက်လှန်းရေး သတင်းများ စုဆောင်းရာတွင် အသုံးပြုသည့် ပူဖေါင်းကြီး တလုံးကို ခြေရာခံမိသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ နောက်တနေ့ ဖေဖေါ်ဝါရီ ၅ ရက်နေ့ တွင် တရုတ်ပြည်သို့ သွားရောက်ရန် ရှိနေသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကင် ၏ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိများက ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

နှစ်ဖက်စလုံးက ထိုခရီးစဉ်သည် ဘာလီတွင် တရုတ်သမ္မတ ရှီကျင့်ပင် နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံခဲ့အပြီး တင်းမာမှုများ လျော့ကျလာနေမှု ကို ပို၍ ခိုင်မာအောင် တည်ဆောက်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြချိန်လည်း ဖြစ်သည်။ အမေရိကန် ဖက်က တိုင်ဝမ် အရေး နှင့် ရုရှား၏ ကျုးကျော်မှုအား တရုတ်မှ ထောက်ခံမှု ပေးနေခြင်း ကဲ့သို့ လွန်စွာ အရေးကြီးသော ပြဿနာ များ ဆွေးနွေးရန် ရှိနေမှု များ ပျက်ပြားသွားခဲ့ရပြီ ဖြစ်သည်။

 

တရုတ်မှ မိုးလေဝသ အချက်အလက်များ စုဆောင်းရန် အသုံးပြုသည့် အရပ်ဖက် လေသင်္ဘော ဖြစ်ပြီး လမ်းကြောင်းလွဲ ဝင်ရောက်လာသည်ဟု ထူးထူးခြားခြားပင် ခပ်မြန်မြန် တုန့်ပြန်လာပြီးနောက် ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။ ထိုသို့ ရာသီဥတု သဘောသဘာဝကြောင့် ဖြစ်ရသည်ကို စိတ်မကောင်း ဖြစ်မိကြောင်း နှင့် ထိုသို့ မထင်မှတ်ပဲ ဖြစ်ပေါ်လာသည့် အခြေအနေကို အမေရိကန် အာဏာပိုင်များ နှင့် ဆက်သွယ်ပြီး သင့်တင့်လျှောက်ပတ်စွာ ကိုင်တွယ်သွားမည်ဟုလည်း ပါရှိခဲ့သည်။

 

သို့သော် ပင်တဂွန် သတင်းပြန်ကြားရေး အတွင်းဝန် ဗိုလ်မှုးချုပ် ပက်ထရစ် ရိုက်ဒါ မှ ယင်းသည် လေသင်္ဘော မျိုး မဟုတ်ပဲ ထောက်လှန်းရေး ဖက်တွင် သုံးသည့် လေပူ‌ဖောင်းမျိုး ဖြစ်သည်ကို မိမိတို့ အတိအကျ သိထားပြီး ဒီထက်ပို၍ ထုတ်ဖေါ်ပြောဆိုရန် မဖြစ်နိုင်သေးဟု တုန့်ပြန်ခဲ့သည်။

 

အမေရိကန် အထက် နှင့် အောက်လွှတ်တော်ကလည်း ထိုသို့ အမေရိကန် လေကြောင်းပိုင်နက်ကို ကျုးကျော်လာမှု အား ဒေါသတကြီး တုန့်ပြန်ခဲ့ကြသည်။ သမ္မတဟောင်း ဒေါ်နယ် ထရန့်မှ ပစ်ချရန် သူ၏ Truth ဆိုရှယ်မီဒီယာ ပလက်ဖေါင်းတွင် ရေးသားခဲ့သော်လည်း စစ်ဖက်ဆိုင်ရာ အကြီးအကဲများက ပစ်ချမည် ဆိုက ထွက်ပေါ်လာမည့် အပျက်အစီးများကြောင့် မြေပြင်ရှိ အရပ်သားများ ထိခိုက် ဒဏ်ရာရနိုင်သည်ဟု ဂျိုး ဘိုင်ဒင်အား အကြံပေးခဲ့သဖြင့် ဆက်၍ အခြေအနေကို စောင့်ကြည့်နေဆဲပင် ဖြစ်သည်။ နောက်ဆုံးရ သတင်းများအရ ကာရိုလိုင်နား ကမ်းလွန်မှာ အမေရိကန် လေတပ်က ဖေဖေါ်ဝါရီ ၄ ရက် စနေနေ့တွင် ပစ်ချခဲ့သည်ဟု သိရသည်။

 

ဤသည်ကို ကြည့်က ဝါရှင်တန်တွင် တရုတ်နှင့် ပတ်သက်၍ နိုင်ငံရေး အနေအထား သည် တင်းမာရင်းစွဲ ရှိနေသည်မှာ သိသာ ပေါ်လွင်လာခဲ့ရသည်။ ရှီကျင့်ပင်သည် လည်း ၎င်း၏ မူဝါဒ များ နှင့် တိုင်ဝမ် အရေး တင်းမာမှုများကြောင့် စိုးရိမ်ကြောင့်ကြခြင်း မရှိပဲ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ကြရန် ခက်ခက်ခဲခဲ နားချရဖို့ ဖြစ်လာသည်။ ဘိုင်ဒင် အဖို့လည်း တရုတ် နှင့် သဘောတူညီစရာ ရှိနိုင်သည့် ရာသီဥတု အပြောင်းအလဲ ကို ထိန်းချုပ်နိုင်ရန် အရေးသည်လည်း ခက်ခဲသွားရပြီ ဖြစ်သည်။

 

တရုတ်၏ မိုးပျံ ပူဖောင်း သို့မဟုတ် လေသင်္ဘောသည် အဘယ်သို့များ အမေရိကန် လေကြောင်းပိုင်နက်ထဲ ဝင်ရောက်လာနိုင်သနည်း ဆိုသည်က မသဲကွဲပဲ ဖြစ်နေသည်။ မွန်တာနား ပြည်နယ် ထဲ ဝင်လာသော အဆိုပါ လေပူပေါင်းကြီးအား မြေပြင်ရှိ အမေရိကန် လူထုက တအံ့တဩဖြင့် ကြည့်ခဲ့ကြသည်။ အချို့က နေဖက် ထွက်ပေါ်တတ်သည့် ကြယ်တမျိုးဟုပင် ယူဆခဲ့ကြသည်။

 

နိုင်ငံအားလုံးသည် နောက်ဆုံးပေါ် ဂြိုလ်တု မှတဆင့် ကမ္ဘာမြေပြင် ကို ဓါတ်ပုံ ရိုက်ကူး အချက်အလက် စုဆောင်းသည့် နည်းပညာ ကို သုံးစွဲနေကြချိန်တွင် တရုတ်က အဘယ်ကြောင့် ထိုသို့ နည်းပညာ မမြောက်သည် လေသင်္ဘောကြီး အသုံးပြု ထောက်လှန်း နေရသနည်း ဆိုသည်ကိုလည်း နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ထိုသို့သော မိုးပျံ ပူဖောင်း မျိုးကို ၁၈ ရာစု နှစ်တွင် ပြင်သစ်တို့ စတင် အသုံးပြုခဲ့ပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း တွင် တိမ်ကောသွားခဲ့သည်။

 

အချို့က ထိုသို့ လေသင်္ဘောသည် ဂြိုလ်တုထက် ပို၍ ပြတ်သားသော ပုံများ ရိုက်ကူးနိုင်ပြီး ကုန်ကျစရိတ်တွင်လည်း သက်သာသောကြောင့် ဖြစ်မည်ဟု ဆိုသည်။ အချို့ကလည်း ဓါတ်ပုံ ရိုက်ကူးရန် မဟုတ်ပဲ ကြိမ်နှုန်းမြင့် လှိုင်းတို စနစ်ဖြင့် ပေးပို့နေသည့် ဒီဂျစ်တယ် အချက်အလက်များကို စုပ်ယူနိုင်ရန် ဖြစ်သည်ဟု ပြောနေကြပြန်သည်။

 

ယင်းသည် အမြင့် မီတာ ၂၄,၀၀၀ မှ ၃၇,၀၀၀ အကြား တွင် ရှိနေ၍ ပုံမှန် လေယာဉ်များ ပျံသန်းနေသည့် အမြင့် ၏ အထက်ပိုင်းတွင် ရှိနေသည်။ ဂြိုလ်တု များသည် သာမန်အားဖြင့် ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၁၆၀ မှ ၂,၀၀၀ အကြားရှိ ကမ္ဘာပတ် လမ်းကြောင်းထဲတွင် ရှိနေ၍ မြေပြင်နှင့် ပို၍ ဝေးကွာနေသည်။

 

တရုတ် လေသင်္ဘောသည် တရုတ်ပြည်မှ လွန်ခဲ့သည့် ရက်ပေါင်းများစွာကပင် ထွက်ခွာလာခဲ့ပြီး အလက်စကား မှ တဆင့် ကနေဒါ အနောက်မြောက်ပိုင်း ကို ဖြတ်ကျော်ဝင်ရောက်လာခြင်း ဖြစ်မည်ဟု ပင်တဂွန်မှ ခန့်မှန်းထားသည်။

 

မိုင်နျုမင်း တိုက်ချင်းပစ် ဒုံးကျည်များ ဖြန့်ကျက်ချထားသည့် အမေရိကန် ရှိ လေတပ် အခြေစိုက် စခန်းကြီး သုံးခု ထဲတွင် မွန်တာနား လည်း ပါဝင်နေသည်။

 

သို့သော် ထိုသို့ လေသင်္ဘော သည် သာမန် မျက်စိဖြင့် ပင် မြင်နိုင်နေ၍ တရုတ် တို့ ဖက်မှ အမေရိကန် တို့ အရှက်တကွဲ ဖြစ်ရန် တမင် ဖန်တီးခြင်းဟုလည်း အမေရိကန် ကာကွယ်‌ရေး ဖက်ဆိုင်ရာ အရာရှိများ၏ သုံးသပ်မှုများလည်း ရှိနေသည်။ အချို့ကလည်း တရုတ်တို့ ဖက်မှ ထူးထူးခြားခြား အလျှင်အမြန် တုန့်ပြန်လာသည်ကို ကြည့်ပြီး ရိုးရိုးသားသား အမှား ဖြစ်နိုင်သည်ဟုလည်း ထောက်ပြခဲ့ကြသည်။

 

မည်သို့ပင် ဆိုစေ ပြည်တွင်းရှိ ကိုဗစ် ပြဿနာများ နှင့် စီးပွားရေး နှေးကွေးလာနေမှု များ အာရုံစိုက်နိုင်ရန် အမေရိကန်နှင့် ဆက်ဆံရေး တည်ငြိမ်မှု ကိုလိုလားပုံရသည့် တရုတ်သမ္မတ ရှီကျင့်ပင့် အတွက် စိတ်အနှောက်အယှက် ဖြစ်သွားနိုင်စရာ ရှိနေပေသည်။

 

(၂၀၂၃ ဖေဖေါ်ဝါရီ ၃ ရက် နေ့ အီကော်နော်မစ် မဂ္ဂဇင်းပါ “How a balloon burst Sino-American talks” မှ ကောက်နှုတ်တင်ပြသည်)