သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(101)

by Hla Soewai - Feb 05 2023

ဗြိတိန် နှင့် အမေရိကန် ရှိ အမျိုးသမီး ထုကြီး၏ မဲပေးပိုင်ခွင့် ရရှိရေး တော်လှန် လှုပ်ရှားမှုကြီး

 

၁၇၇၆ မတ်လ ၃၁ ရက်နေ့တွင် အာဘီဂေး အဒမ်သည် သူမ၏ ခင်ပွန်း ဂျွန် ထံ သို့ စာတစောင် ရေးသား ပေးပို့လာခဲ့သည်။ ထိုအချိန်က ဂျွန် သည် ဖီလာဒဲဖီယား တွင် ဒုတိယအကြိမ်မြောက် အမေရိကန် ပြည်လုံးကျွန် ကွန်ဂရက်ကြီးကို တက်ရောက်နေချိန်လည်း ဖြစ်သည်။

 

ထိုနှစ် ဇူလိုင်လ မှာပင် ပြည်လုံးကျွတ် ကွန်ဂရက် ကြီးမှ အမေရိကန် ကိုလိုနီ နယ်မြေ များ သည် ဗြိတိန် နှင့် နိုင်ငံရေး အရ ဆက်သွယ်နေမှု များ ကို ဖြတ်တောက်လိုက်ပြီ ဖြစ်သည်ဟု ဆိုကာ လွတ်လပ်ရေး ကို ကျေညာလိုက်ပြီး တော်လှန်ခဲ့ကြသည်။ ထိုကျေညာချက် ထွက်ပေါ်လာပါက အာဘီဂေးသည် အမျိုးသမီးများ အတွက်လည်း မည်သို့ မည်ပုံ အရေးပါလာတော့မည်ကို သတိပြုမိလာသော ကြောင့် လည်း ဖြစ်သည်။ သူမသည် ဘော့စတွန် မြို့ပြင် ၁၃ မိုင် အကွာ မက်ဆာချူးဆက် ရှိ ဘရိန်းထရီး လယ်တောခြံမှ စာကို ရေးသားလိုက်ခြင်း ဖြစ်သည်။

 

“ကျမတို့ အမျိုးသမီး များ အတွက် ယခင် ဘိုးဘေးဘီဘင်တွေ ခေတ်ကထက် ပိုပြီး လိုက်လိုက်လျောလျော ဆက်ဆံသင့်ပါတယ်၊ အကယ်လို့များ သိသိသာသာ ဂရုတစိုက် လုပ်ခဲ့တာမျိုး မရှိဘူး ဆိုရင်တော့ ကျမတို့ အမျိုးသမီးထုကြီးမှ တော်လှန်ပုန်ကန်ရန် လှုံ့ဆော်ဖို့ ဆုံးဖြတ်ထားပြီး ပါပြီ၊ ကျမတို့ရဲ့ အသံတွေ နားမထောင်၊ ကိုယ်စားပြုခွင့် တွေ မရခဲ့ဖူး ဆိုရင်တော့ ကျမတို့ ကို ဘယ်လို ဥပဒေမျိုးတွေ နဲ့ ချည်နှောင်လာခွင့် ပြုမှာ မဟုတ်” ဟု ပါရှိလာခဲ့သည်။

 

ထိုသို့ အာဘီဂေး ဖက်မှ အတတ်နိုင်ဆုံး ကြိုးပမ်းပေးခဲ့သော်လည်း အမေရိကန်ကို တည်ထောင်ခဲ့ကြသည့် ဖခင်ကြီးများ ၏ ကျေညာချက်တွင် “လူသားတိုင်း တူညီစွာ မွေးဖွားလာခဲ့သည်” ဟုသာ ပါရှိလာခဲ့သည်။ သို့သော် ဖွဲ့စည်းတည်ထောင်လာသည့် သမ္မတ နိုင်ငံသစ်တွင်တော့ အမျိုးသမီးများ၏ ပြောရေးဆိုခွင့် ရှိသည်ဟု ဖေါ်ပြထားခဲ့ခြင်း မရှိပေ။

 

အမျိုးသမီးများ အိမ်ခြံမြေ နှင့် အခြား ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့် တွင်လည်း သူတို့၏ အမည်များကို ထည့်သွင်းခွင့် မရှိ ဖြစ်နေသည်။ နောက်ပိုင်း ရာစုနှစ် များ တွင် မဲပေးပိုင်ခွင့် ရှိသော အမေရိကန် အမျိုးသားများ၏ အရည်အတွက်သည်သာ တဖြေးဖြေး တိုးပွား လာနေခဲ့သည်။ ထိုအထဲတွင် အမေရိကန်သို့ မကြာသေးမီကမှ ပြောင်းရွှေ့ဝင်ရောက်လာသူများ၊ ကျွန်ဘဝမှ လွတ်မြောက်လာသော လူမည်းများပင် ပါဝင်လာခဲ့သည်။

 

သို့သော် ဇနီးများ၊ မိခင်များ နှင့် သမီးများ အဖို့ကတော့ နိုင်ငံသား တဦး၏ တာဝန် များကို ထမ်းရွက်ခွင့် မပြုနိုင်‌‌သေးကြောင်း ကို ပွင့်ပွင့်လင်းလင်း ပင် အသိပေးလာခဲ့သည်။

 

အာဘီဂေး အဒမ် မှ ခင်ပွန်း ဖြစ်သူထံ စာရေးသား တောင်းဆိုခဲ့ပြီး နောက် နှစ်ပေါင်း ၁၄၄ နှစ်ကြာမှသာ အမေရိကန် အမျိုးသမီးထုကြီးသည် မဲပေးပိုင်ခွင့် ရလာခဲ့သည်။

 

၁၈ ရာစုနှစ်ကုန်ပိုင်း ဘူဘွန် မင်းဆက် ကို ဖြုတ်ချနိုင်ရန် တော်လှန်ရေး ဆင်နွှဲနေသော ပြင်သစ်တွင်ပင် အမျိုးသမီးများသည် လွန်စွာ အရေးပါသော အခန်းကဏ္ဍ မှ ပါဝင်ပေးခဲ့သော်ငြားလည်း နောက်ပိုင်း နိုင်ငံရေး တွင် မလှုပ်မယှက် ငြိမ်သက်နေရသည့် နိုင်ငံသားများ ဘဝ ကျရောက်သွားခဲ့ရသည်။

 

ပြင်သစ်တို့၏ ကမ္ဘာကျော် လူ့အခွင့်အရေး ကျေညာစာတမ်းကြီး နှိုက်ပင် အမျိုးသမီးများ၏ နိုင်ငံရေး အခွင့်အရေး များကို တလုံးတပါဒမျှပင် ထည့်သွင်း ဖေါ်ပြလာခဲ့ခြင်း မရှိပေ၊ ထိုသို့ ချန်လှပ်ထားခဲ့မှု အပေါ် ကန့်ကွက် ဆန္ဒပြ ခြင်း၊ တောင်းဆိုခြင်းများ ထွက်ပေါ်လာခဲ့သည်။

 

၁၇၉၁ တွင် ပြင်သစ် ရှိ သားသတ်သမား တဦး၏ သမီး ဖြစ်သူ အိုလံပတ် ဒူ ဂေါရှားသည် “အမျိုးသမီး များ နှင့် နိုင်ငံသားများ၏ အခွင့်အရေးများ” ဆိုက ကျေညာချက် ရေးဆွဲ ထုတ်ပြန်လာခဲ့သည်။ လူသားတို့၏ အခွင့်အရေး ကျေညာာစာတမ်းကြီး ထုတ်ပြန်ပြီး နှစ်နှစ် အကြာတွင် ယခုလို ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။ ထိုအထဲတွင် တော်လှန်ရေး သမား အမျိုးသားများ၏ မိမိတို့ အခွင့်အရေးသာ တဖက်သတ် ကြည့်ခဲ့ကြသည့် ကြောင်သူတော် လုပ်ရပ်များကို ကွက်ကွက်ကင်းကင်း ဖေါ်ပြထားခဲ့သည်။

 

သို့သော် သူမ၏ ပန်ကြားချက်ကို မည်သူမျှ အရေးတယူ မလုပ်ခဲ့ကြပေ။ ၁၇၉၁ တွင် ပြင်သစ် ဘုရင် ထီးနန်း စွန့်ခဲ့ပြီး သမ္မတ နိုင်ငံ ထူထောင်လာခဲ့ချိန် ရောက်လာခဲ့သည့်တိုင် နိုင်ငံသစ် တွင် အမျိုးသမီးများ မဲပေးပိုင်ခွင့် ကို ပြဋ္ဌာန်း ပေးလာချင်း မျိုး မရှိပေ။

 

၁၈ ရာစုနှစ် အတွင်း ဒီမိုကရေစီ တော်လှန်ရေး ကြီးများ ဖြစ်ပွားလာခဲ့သော်ငြားလည်း အမျိုးသမီးများ အတွက် အခြေအနေများက ပို၍သာ ဆိုးဝါးလာခဲ့သည်။ ထွက်ပေါ်လာသမျှသော ဥပဒေသစ်တိုင်းလိုလို တွင်လည်း သူတို့အတွက် အခွင့်အရေးများ ပါရှိလာခဲ့ခြင်း မရှိပြန်ပေ။