ရပ်ကွက်ထဲက ငမူး

by Hla Soewai - Feb 05 2023

ရပ်ကွက်တခု တွင် အိမ်တိုင်း အိမ်တိုင်း က ပျော်ပျော်ရွှင်ရွှင် ဖြင့် သွားလာ လုပ်ကိုင် နေကြချိန်တွင် ထိုရပ်ကွက်ထဲရှိ အိမ်တအိမ်တွင် တော့ နေ့စဉ်လို ဆူသံဆဲသံ ရိုက်သံ နှက်သံများ ဖြင့် မကြားချင် မမြင်ချင်မှ အဆုံး ဖြစ်နေသည်။ အားလုံးကလည်း ဖယ်ကျဉ်လာကြသည်၊ မပတ်သက်အောင် နေကြသည်။ အလှုအတန်း ဆိုလည်း သူ့အား မဖိတ်ကြတော့၊ ထိုအိမ်ထဲ ရှိ အိမ်ထောင်ဦးစီး ဆိုသူ ငမူးသည်ကား ထိုအဖြစ်ကို ရှက်ရကောင်းမှန်း မသိ၊ သူ့အတွက် အရက်ဖိုး မှန်မှန် ရနေလျှင် နေပျော် စားပျော်သည့် လူ ဖြစ်နေသည်။ သူ့မိသားစုဝင်များက အငတ်ငတ် အပြတ်ပြတ် နှင့် ဖြစ်နေသည်။

 

သို့သော် ကြာလာသည့် အခါ အိမ်နီးနားချင်း များက မခံမရပ်နိုင် တဖြေးဖြေး ဖြစ်လာသည်၊ ငမူး ပြဿနာကို မည်သို့မည်ပုံ ဖြေရှင်းကြမည်နည်း ဟု အချင်းချင်း ဆွေးနွေးတိုင်ပင်လာကြသည်။

 

မြန်မာပြည် အရေးကား ထိုအဖြစ်သနစ် နှင့် ထပ်တူကျနေသည်။

 

မြန်မာ ပြဿနာ ကို အမြဲလို ထိပ်က ထား ဆွေးနွေးနေ၍ မဖြစ်၊ မိမိတို့ တိုးတက်ရာ တိုးတက်ကြောင်း ဆွေးနွေးရမည့် အကြောင်းအရာ များကို ဖျက်လိုဖျက်ဆီး အလုပ်မခံနိုင်ဟု ဥက္ကဌ ဖြစ်သူ အင်ဒိုနီရှားက တခါက ကြွေးကျော်ခဲ့ဖူးသည်၊ သို့သော် ယခုအခါ မင်းအောင်လှိုင်သည် အရေးပေါ် အခြေအနေကို အတင်း မျက်နှာပြောင် တိုက်ကာ သက်တမ်း တိုးလာသည့် အခါတွင်တော့ ဂျကာတာ တွင် ပုံမှန် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ ဆွေးနွေးပွဲသည် မြန်မာ အကြောင်း သီးသန့် ဆွေးနွေးရမည့် အဖြစ်သို့ တမဟုတ်ချင်း ကူးပြောင်းသွားပြီဟု ရိုက်တာ သတင်း တွင် ဖေါ်ပြလာသည်။

 

အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီးသည် “မိသားစု ဝိုင်းထိုင်ပြီး ပွင့်ပွင့်လင်းလင်း နက်ရှိုင်းစွာ ဆွေးနွေး အဖြေရှာကြမည်” ဟု ထုတ်ဖေါ်ပြောဆိုလာသည်။

 

အကြမ်းဖက်မှုများ လျော့ကျသွားရေး နှင့် ဒုက္ခ‌ရောက်နေသူ များ အား စာနာစိတ်ဖြင့် အကူအညီပေးနိုင်ရေး များကို အဓိက ထား ဆွေးနွေးသွားမည်ဟု ဆိုသည်။

 

ထုံးစံအတိုင်း ထိုအစည်းအဝေး သို့ မြန်မာအား တက်ခွင့် မပြု၊ အမျိုးသား ညီညွတ်ရေး အစိုးရ လည်း ဖိတ်ကြားခြင်း မပြု ပဲ ထိုင်ခုံ အလွတ်ကြီး ချ ချထားသည်၊ လက်ရှိ မြန်မာတွင် ဖြစ်ပျက်နေမှု များ ကို သတင်းစာ ဖတ်ပြီး ထင်ရာမြင်ရာ ပြောဆိုကြမည့် သဘော ဖြစ်နေသည်၊ ထိုသို့ လုပ်ပေါက်သည် ကြာလာလျှင် မြန်မာ ပြဿနာ ကို အဖြေ မရှာနိုင်ပဲ၊ မြန်မာ ပြည်သူများကို စော်ကား သလို အဖြစ်သို့ ကူးပြောင်းသွားနိုင်ပေသည်။

 

ယင်းအပေါ် အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ အထက်တန်း အရာရှိကြီး တဦး ဖြစ်သည့် ဆီဒါတို ဆူရိုဒီပူနို မှ လောလောဆယ်တွင် မည်သည့် ဖက်ကမှ ထိုထိုင်ခုံတွင် ထိုင်ခွင့်ရဖို့ တရားဝင် မှု မရှိသေး ဟု အင်ဒိုနီရှား၏ သဘောထားကို ပြတ်ပြတ်သားသား ပြောဆိုလာသည်။ ထို့အပြင် ဂျိုကိုဝီ စေလွှတ်မည့် ဗိုလ်ချုပ်ကြီး ဟောင်း ဆိုသူသည် မြန်မာ သို့ ဖြစ်နိုင်သမျှ အမြန်ဆုံး သွားပြီး မြန်မာ စစ်ဗိုလ်ချုပ်များ အား ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် နားချမည်ဟု ဆိုသည်။

 

ထိုခရီးစဉ်အပေါ် စစ်အာဏာသိမ်း အဖွဲ့မှ အာဆီယံ ဥက္ကဌ ၏ အထူး စေလွှတ်သော သံတမန်ဟု ဆိုက ဝါဒဖြန့်ဖို့ ကတော့ ကြိမ်းသေနေပေသည်။ နိုင်ငံတကာ မှ ထိုသို့ အာဏာရှင်များ၊ ဒီမိုကရေစီ များ ဗြောက်သောက် ပါဝင်နေသော အဖွဲ့ကြီး အပေါ် G-20 အဖွဲ့ဝင် ဖြစ်သော အင်ဒိုနီရှားမှ မည်သို့ဩဇာ သက်ရောက်နိုင်မှု ရှိမရှိ နှင့် မြန်မာ အရေး အပေါ် မည်သို့ မည်ပုံ တိုးတက်မှု ဖေါ်ဆောင်လာမည်ဆိုသည်တို့ အား စောင့်ကြည့်နေကြပြီ ဖြစ်သည်။

 

အာဆီယံသည် တကယ်တမ်း တွင် မြန်မာပြည်သူတို့ ကြံ့ကြံ့ခံ ခုခံ တွန်းလှန်းနေ၍သာ ဒီအခြေအနေအထိ ရောက်လာခြင်း ဖြစ်သည်၊ သို့မဟုတ်က စစ်အာဏာသိမ်း အဖွဲ့ထံ အခွင့်အရေး များကို ရသလောက် နှိုက်ထုတ်ကြရမည်သာ ဖြစ်သည်။

 

လက်ရှိ အနေအထား တွင် စစ်ကိုင်းတိုင်း အတွင်း တိုက်ပွဲများ ပြင်းထန်သည်ထက် ပြင်းထန်လာနေပြီး ဟုမ္မလင်း ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သောကြာနေ့ နေ့လည် ၃း၄၅ အချိန် ခန့်တွင် အာဏာသိမ်း တပ်ဖွဲ့ ပိုင် ရဟတ်ယာဉ်တစီး အား ပစ်ချနိုင်ခဲ့ပြီ ဟု အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဌာန မှ ထုတ်ပြန်ကျေညာသည်၊ ထိုသို့ ပစ်ချခံခဲ့ရမှုသည် ပြည်သူများ အတွက် စိတ်ဓါတ်ခွန်အားများ မြင့်တက်လာခဲ့ရသည်ကတော့ အမှန်ပင် ဖြစ်သည်။

 

ရန်ကုန်-မန္တလေး လမ်းမကြီး အားလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ခြိမ်းချောက်လာနေပြီ ဖြစ်သည်၊ စစ်တပ်သည် ထုံးစံအတိုင်း ရွာများကို မီးရှို့ ခြင်းဖြင့် တုန့်ပြန်လာရာ စစ်တောင်း မြစ် ကမ်းပါး တလျှောက်တွင် ဒုက္ခသည်များ ဖြင့် ပြည့်နှက်လာနေပြီ ဖြစ်သည်ဟု မြန်မာနောင်း တွင် ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင် အား နှစ်နှစ် တာ ကာလအတွင်း အဓမ္မ အုပ်ချုပ် ခွင့် ပြုထားသော်လည်း ယခုထိ တိုင်းပြည်သည် ပုံမှန် အနေအထား မရှိဆိုက ဝန်ခံခဲ့ရပြီး ဩဂုတ်လ တွင် မဖြစ်မနေ ကျင်းပမည် ဟု ပြီးခဲ့သည့် လကပင် ၎င်းကိုယ်တိုင် ကြွေးကျော်ခဲ့သည့် ရွေးကောက်ပွဲ ဆိုသည်ကလည်း မရေမရာ ဘဝ သို့ ရောက်သွားခဲ့ရပြီ ဖြစ်သည်။ မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးကာစ ဗိုလ်နေဝင်း စတိုင် အကြံပေး ကောင်စီကိုပင် ဖွဲ့စည်းခဲ့ရပြီ ဖြစ်သည်။

 

ထို့အပြင် ၎င်းဖက်က မည်သို့မျှ အလျော့မပေး ဟု ဆိုသည်ကို ကမ္ဘာအား အသိပေးသည့် အနေဖြင့် လွတ်မြောက်နယ်မြေ ဖြစ်လာနေသော မြို့နယ်ပေါင်း ၃၇ မြို့နယ်တွင် မာရှယ်လောပင် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ မာရှယ်‌လော အရ မည်သူကိုမဆို စိတ်မထင်လျှင် မထင်သလို ပစ်သတ်၊ ဖမ်းဆီးခွင့် ရသွားပြီ ဖြစ်သည်၊ တကယ်တမ်းတွင် တနိုင်ငံလုံးသည် ထိုကဲ့သို့ အနေအထားမျိုး နှင့် အကြမ်းဖက် စစ်တပ်ကို ရင်ဆိုင်နေခဲ့ရသည်မှာ နှစ် နှစ်ပင် ရှိလာပြီ ဖြစ်၍ အဆန်းတကြယ်တော့ မဟုတ်ပေ။ အကြံ အိုက်နေပြီ ဖြစ်သော မင်းအောင်လှိုင်သည် နောက်ဆုံး ကျည် ဆံ ထုတ်သုံးလာခြင်းပင် ဖြစ်သည်။

 

လက်ရှိတွင် စစ်တပ် မိသားစု ဝင်များ အပြင် ပြည်သူ တရပ်လုံး အကျဉ်းထောင်ထဲ ရောက်နေရပြီ ဖြစ်ပြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်မှုးကြီး ဘဝမှ ထောင်မှုးကြီး ဘဝသို့ သက်ဆင်းသွားခဲ့ရပြီ ဖြစ်သည်။

 

အနောက်နိုင်ငံများသည် မြန်မာ အရေး ကို တတ်နိုင်သမျှ လစ်လျုရှု့နေပြီး ယူကရိန်း အား ဒေါ်လာ ဘီလီယံ ပေါင်း များစွာ ထောက်ပံ့နေသည့် အဖြစ်ကား ၎င်းတို့ ကိုယ်တိုင် ကြွေးကျော်ထားသည့် ခွဲခြား ဆက်ဆံခြင်း မရှိရ non-discriminatory ဆိုသည်ကို မျက်ကွယ် ပြုနေသည့် အဖြစ်သည် စစ်အာဏာသိမ်း အဖွဲ့မှ အကြမ်းဖက် လုပ်ရပ်များ တိုး၍ လုပ်လာလေ အာရှ၊ အာဖရိက နှင့် လက်တင် အမေရိကား နိုင်ငံများ အဖို့ အနောက်တိုင်း၏ သဘောထား အမှန်ကို သိခွင့် ရလာလေ ပင် ဖြစ်မည့် အန္တရာယ်ကြီး နှင့် တိုး၍ တိုး၍ ရင်ဆိုင်လာနေရပြီ ဖြစ်သည်။

 

အနောက်တိုင်း အစိုးရများသည် ထိုကဲ့သို့ ၎င်းတို့၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး များ ရှေ့တန်းတင် ကြွေးကျော်လာနေသည့် ဟန်ဆောင်မှု များ မျက်နှာဖုံး ကွာကျလာနေသည့် ဘူမိမဟာဗျူဟာ အမှားကို မဖြစ်မနေ ပြင်ဆင်လာရမည့် အခွင့်အရေးကား မြန်မာ ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

Graphic Illustration - The Economist