သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(100)

by Hla Soewai - Feb 02 2023

တရုတ်ပြည်၏ တော်လှန်သော အမျိုးသားရေး ဝါဒ (နိဂုံး)

 

ယာနန် တွင် မော်သည် သူ့အား ကွန်မြူနစ် တို့၏ ပြိုင်ဖက်မရှိ တဦးတည်း ခေါင်းဆောင် အဖြစ် သတ်မှတ်ရန် လုပ်ဖေါ်ကိုင်ဖက် ဖြစ်သူ ချုအင်လိုင်းအား နားချ စည်းရုံး နိုင်ခဲ့သည်။ ဤသို့ဖြင့် မော်သည် ပါတီတွင်း သူ၏ ဩဇာအာဏာကို တဖြေးဖြေး တည်ဆောက်ယူလာခဲ့သည်။

 

"သန်း ရာပေါင်းများစွာ‌ သော လယ်သမား အပေါင်းတို့ ဟာရီကိန်း မုန်တိုင်းကြီး အလား တပြိုင်တည်း ထကြွ ကြလော့၊ မုန်တိုင်း၏ အရှိန်သည် လျှင်မြန် ပြင်းထန်မည် ဆိုက မည်သို့မျှ တောင့်ခံနိုင်စွမ်း ရှိမည် မဟုတ်" ဟု လှုံဆော် လာခဲ့သည်။

 

မော်သည် ကျေးလက် ဒေသ အနှံ့အပြားတွင် ပျောက်ကျား စခန်း များကို ဖွဲ့စည်းပေးလာခဲ့သည်။ ယင်းနှင့် အတူ လွန်စွာ ထိရောက်မှု ရှိသည့် လယ်လုပ်သူ လယ်ပိုင်ခွင့် ရှိရေး အတွက် လယ်ယာမြေ ဝေခြမ်းပေးရေး ဆိုသည့် ဝါဒဖြန့် လှုံ့ဆော်မှု များပါ တပါတည်း ပြုလုပ်ခဲ့သည်။

 

ထိုအချိန်တွင် ဂျပန် တို့ ကျုးကျော် တိုက်ခိုက်လာကြပြီ ဖြစ်၍ မော် ၏ အပြောအဆို နှင့် ဂုဏ်သတင်းသည် တဟုန်ထိုး လူကြိုက်များလာခဲ့ပြီ ဖြစ်သည်။

 

 

ဂျပန်သည် ၁၉၃၁ ခုနှစ်တွင် မန်ချုရီးယားကို သိမ်းပိုက် ပြီးချိန်မှစ၍ ထိုဒေသအား တရုတ်ပြည်တွင်းသို့ ကျုးကျော်တိုက်ခိုက်ရန် အခြေစိုက်စခန်း အဖြစ် အသုံးချ လာခဲ့သည်။

 

၁၉၃၇ ခုနှစ်တွင် မာကိုပိုလို တံတား အရေးအခင်းကို အကြောင်းပြု၍ ဂျပန် တပ်များ နှင့် တရုတ်တပ်များ အကြား ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ ထို့နောက်တွင် တော့ ဂျပန်ဖက်မှ တရုတ်တနိုင်ငံလုံး သိမ်းပိုက်နိုင်ရန် အပြီးသတ် ထိုးစစ်ကြီးကို စတင်လာခဲ့တော့သည်။

 

 

ထိုအချိန်တွင် သူ့ကိုယ့်သူ ဂျင်နရယ်လီဆီမို အဖြစ် ခေါ်ဝေါ်လာသည့် ချန်ကေရှိတ်သည် ဘုံရန်သူတော်ကြီး ဖြစ်သော ဂျပန်တို့အား ခုခံတွန်းလှန်ရန် မော် နှင့် မဟာမိတ် ဖွဲ့ဖို့ သဘောတူလိုက်သည်။

 

 

မည်သို့ပင် မဟာမိတ် ဖွဲ့စေကာမူ မူလရင်းစွဲ အကျင့်များက ဖျောက်ဖျက်ခဲလှသည် မဟုတ်ပါလော။ ဂျင်နရယ် လီဆီမို သည် တရုတ် ကွန်မြူနစ်များအား အမြဲလို ခြိမ်းချောက်နေသည့် အန္တရာယ်ကြီး အဖြစ် ရှုမြင်ထားသည်မှာ အရိုးစွဲနေပြီ ဖြစ်သည်။

 

ထို့အတွက် သဘောတရားရေး အရ မဟာရန်သူကြီး ဖြစ်သည့် ကွန်မြူနစ်များ နှင့် နောက်ပိုင်းတွင် မဖြစ်မနေ တိုက်ခိုက်ရတော့မည် ကို တွက်ဆထားပြီး ဖြစ်၍ သူ၏ တပ်အင်အား ကို ချွေတာသည့် အနေဖြင့် ဂျပန် များကို လုံးဝ မဖြစ်တော့မှသာ တိုက်ခိုက်ခဲ့ပြီး အချိန်တော်တော်များများတွင် ရှောင်ကွင်းနေခဲ့သည်က များပေသည်။

 

သို့သော် မော်သည် ချန်ကေရှိတ်လို မဟုတ်၊ လယ်သမား များ အား ခုခံစစ်အတွက် စနစ်တကျ စည်းရုံးပြီး ဂျပန်တို့အား အနှောက်အယှက် များစွာ ပေးနိုင်ခဲ့သည်။ ထို့အတွက် လယ်သမားထုကြီးတရပ်လုံးက ကွန်မြူနစ်များအား အစစ်အမှန် မျိုးချစ် သူရဲကောင်းများ အဖြစ် ရှုမြင်လာကြသည်။

 

 

၁၉၄၅ ခုနှစ် ပစိဖိတ် စစ်မျက်နှာတွင် ဂျပန်တို့ အမေရိကန် နှင့် မဟာမိတ် တပ်များထံ လက်နက် ချခဲ့ချိန်တွင် မော် သည် ယခင် ဂျပန် တို့ ထိန်းချုပ်ထားသည့် နယ်မြေများ အတွင်းရှိ သန်း ၁၀၀ ခန့် ရှိသော နိုင်ငံသားများ၏ ထောက်ခံမှု အခိုင်အမာ ရရှိလာခဲ့သည့် အဖြစ်သည် ဆန်းကြယ်လှသည်တော့ မဟုတ်ပေ။

 

အမေရိကန် တို့ကမူ တရုတ် နိုင်ငံ အတွင်းရှိ ဂျပန်တပ်များကို ချန်ကေရှိတ် တပ်များထံ လက်နက်ချဖို့ ညွှန်ကြားနေစဉ် အတွင်းမှာပင် ကွန်မြူနစ် များသည် လစ်လပ်သွားသော အာဏာ လေဟာနယ် အတွင်းကြီးသို့ အလုအယက် တိုးဝင်၍ နေရာယူလာ ခဲ့ကြသည်။

 

ဤသို့ဖြင့် ၁၉၄၆ တွင် ကူမင်တန် တပ်များ နှင့် မော်၏ တပ်နီတော် တဖြစ်လဲ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တို့ အကြား ထိပ်တိုက် ရင်ဆိုင်လာခဲ့၍ ပြည်တွင်းစစ်မီးကြီး တဟုန်းဟုန်း တောက်လောင်လာခဲ့ပေတော့သည်။

 

အမေရိကန်သည် အမျိုးသားရေး ဝါဒီများဖက်မှ ပံ့ပိုးကူညီမှု ပေးလာခဲ့သော်ငြားလည်း မော်သည် သူ့တွင်ရှိ စစ်သည်အင်အား ၉၀၀,၀၀၀ ခန့် နှင့် ပါတီဝင် ၁.၂ သန်း တို့၏ ထောက်ခံမှု ကြောင့် အရေးသာလာခဲ့သည်။ ၁၉၄၈ နှစ်ကုန်ပိုင်းတွင် အမျိုးသားရေး တပ်များ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။

 

၁၉၄၉ ခုနှစ် ဇန်နဝါရီ လတွင် မော်၏ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ပီကင်း၊ ရှန်ဟိုင်း၊ ကန်တုံ နှင့် နန်ကျင်း မြို့ကြီးများကို သိမ်းယူ နိုင်ခဲ့သဖြင့် ချန်ကေရှိတ် နှင့် သူ၏ အမျိုးသားရေး တပ်များသည် ယခု တိုင်ဝမ်ဟု သိထားသော ဖော်မိုဆာ ကျွန်းသို့ တိမ်းရှောင် ထွက်ပြေးသွားခဲ့ကြသည်။

 

၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက် နေ့တွင် မော်သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း မြို့တော် ဘီဂျင်းမှ တရားဝင် ကျေညာနိုင်ခဲ့ပြီ ဖြစ်သည်။

 

မော်စီတုံးသည် တရုတ်ပြည်ကြီးအား တစည်းတလုံး တည်း ဖြစ်ရန် နှစ်ပေါင်း နှစ်ဆယ်ခန့် ကြိုးစားခဲ့ရသည်။ တဖက်တွင်လည်း ဂျပန်တို့ ကျုးကျော်လာမှုကို ခုခံတွန်းလှန်ခဲ့ရသည့်အပြင်၊ ပြည်တွင်းစစ်ကြီး နှင့်လည်း ရင်ဆိုင်ခဲ့ရ ပြီး နောက်တွင်တော့ တော်လှန်ရေး ကြီးကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပြီ ဖြစ်သည်။

 

Forbidden City ဟု ခေါ်သော နန်းတော် ရင်ပြင်ကြီး အထက်မှနေ၍ မော်သည် ယခုလို မိန့်ခွန်းချွေလာခဲ့သည်။

 

"တနိုင်ငံလုံးရှိ ပြည်သူများ၏ ထောက်ခံမှု နှင့် ကျုပ်တို့ရဲ့ ပြည်သူလွတ်မြောက်ရေး တပ်မ‌တော်ကြီးဟာ အမိမြေရဲ့ အချုပ်အခြာ အာဏာ၊ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့ အဖြစ်က ကင်းလွတ်အောင် နဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေ အတွက် သူရဲကောင်း ပီသစွာ နှင့် ကိုယ်ကျိုးစွန့် ကာကွယ် နိုင်ခဲ့ပြီး ဖြစ်တယ်၊ 

 

ယခု ပြည်သူတရပ်လုံးရဲ့ လွတ်မြောက်ရေး စစ်ပွဲကြီးဟာ ဆိုရင် ယေဘုယျ အားဖြင့် အောင်မြင်ခဲ့ပြီ ဖြစ်လို့ တနိုင်ငံလုံးရှိ ပြည်သူ အများစု လွတ်လပ်လာခဲ့ကြပြီ ဖြစ်တယ်"

 

ပြည်ပ ဩဇာ လွှမ်းမိုးမှု မှ လွတ်မြောက်ခဲ့ပြီး အရင်းရှင် စနစ်၏ အကျင့်ပျက် ခြစားမှုများရန် မှ ရှောင်ရှားနိုင်ခဲ့ပြီ ဖြစ်သော်လည်း ဆိုရှယ်လစ် စနစ် ထူထောင်နိုင်ရေး အတွက်မူ စတင် ရုန်းကန်လှုပ်ရှားရတော့မည် ဖြစ်သည်။

 

အစအဆုံး ပြန်လည် ဖတ်ရှုရန်.....

 

http://www.yawnathan.com/mm/News/Chapters/1036

 

အမျိုးသမီးများ မဲပေးပိုင်ခွင့် ရရှိရေး အမေရိကန် နှင့် ဗြိတိန် ရှိ အမျိုးသမီးထုကြီး၏ ရုန်းကန် လှုပ်ရှားခဲ့ရမှု များကို ဆက်လက် တင်ပြသွားပါမည်။