လုံခြုံရေး တင်းကျပ်လာမှု ကြောင့် စစ်တပ်မှ ထွက်ပြေးခိုလှုံလာသူ အရည်အတွက် သိသိသာသာ ကျဆင်းလာခဲ့သည်ဟု ပြည်သူ့ရင်ခွင် မှ စာရင်းထုတ်ပြန်လာချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ၁၉၆၂ ခုနှစ်ကတည်းက အာဏာကို (လူထုကို နည်းနည်းလေးမျှပင် အားနာရ ကောင်းမှန်း မသိပဲ) တောက်လျှောက် ဆုပ်ကိုင်လာခဲ့သည့် စစ်တပ်သည် ဆက်၍ အောင်မြင်ဦးမည်လောဟု ၂၀၂၃ ခုနှစ်တွင် မေးရဖို့ ဖြစ်လာသည်ဟူသော ဘာတေး လစ်တနာ၏ ဆောင်းပါး ဧရာဝတီတွင် ပါရှိလာခဲ့သည်။
စစ်တပ်ထဲ တွင် ဖြုတ်ထုတ် ချောင်ထိုး သန့်စင်မှုများ အမြဲလို ရှိနေသော်လည်း နောက်ဆုံးတွင် စစ်ဗိုလ်ချုပ်များ ပေးသည့် အမိန့်သည် မည်မျှပင် လူမဆန် ရက်စက်ကြမ်းကြုပ် နေစေကာမူ အောက် ခြေ စစ်သားကအစ တသွေမတိမ်း လိုက်နာကြခြင်း ဖြင့် ညီညွတ်နေကြစမြဲ ဖြစ်သည်။
လက်ရှိ အနေအထားသည် ယခင်ကလို ဖြစ်လာတော့မည် မဟုတ်ဟု ပြောရဖို့ ဖြစ်လာသည်။ ဤသည်ကလည်း မင်းအောင်လှိုင် နှင့် သူ့အနား ခစားနေကြသော ဗိုလ်ချုပ်ကြီးများ၏ မည်သို့မျှ သုံးစားမရသည့် sheer incompetence ကြောင့်ပင် ဖြစ်သည်။
လွန်ခဲ့သည့် နှစ် နှစ် မှစ၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများ၏ လမ်းမများ ပေါ်သို့ တင့်ကားများ၊ လက်နက်ကိုင် စစ်သားများ စေလွှတ်ထားခဲ့သော်ငြားလည်း ယခုထိ အုပ်ချုပ်ရေး ယန္တရားကို အတည်တကျ လည်ပတ်နိုင်ခြင်း မရှိသေးပေ။ နေ့စဉ်လို စစ်ယာဉ်တန်းများအား မိုင်းဆွဲတိုက်ခိုက်မှုများ၊ ဗုံးဖေါက်ခွဲမှုများ၊ ဒလန်များကို လုပ်ကြံ သတ်ဖြတ်ခြင်းများ နေ့စဉ်လို ဖြစ်ပွားနေပြီး ၁၉၇၀ ကျော် နှစ်များ ကတည်းက သေနတ်သံပင် မကြားခဲ့ရသော နိင်ငံ အလယ်ပိုင်း မြို့ကြီးများသို့ပင် ရောက်ရှိလာနေပြီ ဖြစ်သည်။
ထို့ပြင် ကျပ်ငွေဈေးနှုန်းများ မြင့်တက်လာမှု၊ ကုန်စည်များ ရှားပါးပြီး ဈေးနှုန်းများ မြင့်တက်လာမှုများ ကြောင့်လည်း စီးပွားရေး အခြေအနေများ ဆိုးသည်ထက် ဆိုးဝါးလာနေခဲ့သည်။
ခရိုနီကြီးများ နှင့် အလယ် အလတ်၊ အသေးစား လုပ်ငန်းရှင်များအားလုံး ငွေကြေးများကို ထိုင်း၊ စင်္ကာပူ၊ ဒူဘိုင်းသို့ ရွှေ့ပြောင်းကုန်ကြသည်။ စစ်ကောင်စီ၏ အလွဲလွဲအချော်ချော် နှင့် ထင်ရာမြင်ရာ ချမှတ်လာသည့် စီးပွားရေး မူဝါဒ များကြောင့် ၎င်းတို့ပိုင် ငွေကြေးများ လုံးပါးပါးမည့် အန္တရာယ်ကို မြင်လာကြသောကြောင့်လည်း ဖြစ်သည်။ စစ်တပ်ကြောင့် ပြည်တွင်းရှိ ဘဏ်များလည်း မယုံရ ဖြစ်နေသည်။
အခြေအနေများသည် တခါမျှ မကြုံဖူးလောက်အောင် ဆိုးဝါးနေသော်လည်း အာဏာ ကစားပွဲမှ မည်သို့သော ရလဒ် ထွက်ပေါ်လာမည် ဆိုသည်ကား ခန့်မှန်းရ ခက်နေသည်။
မင်းအောင်လှိုင်အား တနိုင်ငံလုံးက ရွံရှာ မုန်းတီးနေကြပြီ ဖြစ်၍ နောက်လိုက်နောက်ပါများကလည်း ကြိုးစင်ပေါ် ၎င်းနှင့် အတူတက်ရကိန်းကို သိမြင်လာကြသည်။ သို့မဟုတ်ပါကလည်း ထောင်နန်းစံရကိန်း ကြုံရနိုင်သည်။ ထိုသို့ စိုးရိမ်ထိတ်လန့်မှု များနှင့် အခြေ ကျပြီး ဖြစ်သော အကျိုးစီးပွားများ ဆုံးရှုံးကုန် မည့် အရေးများကြောင့် သာ အတူ စည်းလုံးညီညွတ်နေခြင်း ဖြစ်သည်။
ယခုထိ တော့ အက်ကွဲကြောင်း သိသိသာသာ ထွက်ပေါ်လာခြင်း မျိုး မတွေ့ရသေးပေ။ စစ်မြေပြင်တွင်မူ တခါမျှ မရှိခဲ့ဖူးသည် အကျအဆုံး များစွာ နှင့် အရေး နိမ့်လာနေသည်။ အချို့ မိဘဆွေးမျိုးများပင် တော်လှန်ရေး သို့မဟုတ် စီဒီအမ်တွင် ပါဝင်နေကြသည်။
၎င်းတို့၏ စီးပွားရေး ကို ဖျက်လို ဖျက်ဆီး လုပ်ခြင်း ခံနေရသည့် ကရိုနီများကကော ဘယ်လောက်ကြာကြာ ထောက်ခံမှု ပေးနိုင်ကြမည်နည်း။ ပြည်ပသို့ ငွေကြေး များ အထုတ် နှင့် အထည်နှင့် ယိုထွက်နေသည်။
မင်းအောင်လှိုင် နှင့် မိသားစု ကတော့ အနေအစား မပျက်ပဲ အဖိုးတန် ပစ္စည်းများ သုံးနိုင်ဖြုန်းနိုင်အောင် ရာဇဝတ်သားဟု ဆိုသူများ နှင့် ဒူးတင်ပေါင်တင် လုပ်နေကြဆဲပင် ဖြစ်သည်။
လွန်ခဲ့သည့် နှစ် စက်တင်ဘာလ အတွင်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံလိုက်ရသော မူးယစ်ဆေး ကူးသန်း ရောင်းဝယ်သူ ထွန်းမင်းလတ် သည် မင်းအောင်လှိုင် နှင့် အနီးကပ် ပတ်သက် ဆက်နွယ်နေသူဟု ကမ္ဘာသိ ဖြစ်သွားခဲ့သည်။
ထိုအနေအထားတွင် အာဏာသိမ်းပြီးနောက် မည်သည့် အကျိုးအမြတ် မှ မခံစားရသေးသည့် အရာရှိ များထဲမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည် ဆိုသည့် ကတိမျိုး ရမည် ဆိုလျှင် "အုန်းကျော်မြင့်များ" ထွက်ပေါ်လာနိုင်ပေသည်။
ထိုသို့ ဖြစ်ပေါ်လာဖို့ ဆိုသည်ကလည်း စစ်အာဏာရှင်များကို တွန်းလှန် ဆန့်ကျင်နေကြသည့် တော်လှန်ရေး အင်အားစုများ၏ မူဝါဒ နှင့် ဆောင်ရွက်မှုများ အပေါ် မူတည်နေသည်။ ယခုအချိန်အထိတော့ စစ်မြေပြင်တွင် ပြတ်ပြတ်သားသား အောင်ပွဲ ခံလာချင်းမျိုး မတွေ့ရသေးပေ။
ထို့အတွက် စစ်တပ် အတွင်း မင်းအောင်လှိုင် နှင့် အပေါင်းအပါများအား ဆန့်ကျင်လာမည့်သူများ ထွက်ပေါ်လာစေရန် ယုံကြည် နိုင်လောက်သည့် လွတ်ငြိမ်းချမ်းသာခွင့် ဉပဒေများ အခိုင်အမာ ထုတ်ပြန်ဖို့ လိုနေသည်။
ထိုသို့ မဟုတ်ပါက နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အနေအထားများသည့် မည်သို့မျှ နောက်ကြောင်း ပြန်မလှည့် နိုင် တော့ မည့် ချောက်ကမ်းပါးကြီးဆီသို့ တလိမ့်လိမ့် ဦးတည် သွားနေပေတော့မည်သာ ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
(ဧရာဝတီ သတင်းတွင် ပါရှိသော ဘာတေး လစ်တနာ၏ "Will Myanmar's Brutal Military Remains United? မှ ကောက်နှုတ် တင်ပြသည်)