ပြည်သူတို့၏ အသံတိတ် သပိတ် အောင်မြင်ဟု ပြည်ပ မီဒီယာ များ မှတ်ချက်ပေး။ *ဦးကျော်မိုး ထွန်း နိုဘဲလ် ငြိမ်းချမ်းရေး ဆု စကာတင် စာရင်းတွင် ပါဝင်လာ။ *အမေရိကန် မှ ရုရှား လက်နက် လမ်းကြောင်းကို ဖြတ်တောက်မည်ဟု ဆို

by Hla Soewai - Feb 02 2023

ရန်ကုန် နှင့် မန္တလေး မြိုကြီးများ ရှိ လမ်းမကြီးများ ပေါ်တွင် လူသူ ကင်းမဲ့လျက် ရှိနေသည်ကို တွေ့လာရသဖြင် ပြည်သူတရပ်လုံးက အသံတိတ် သပိတ်တိုက်ပွဲကြီးကို အောင်မြင်စွာ ဖေါ်ထုတ် နိုင်ခဲ့ပြီ ဖြစ်သည်ဟု ရိုက်တာ သတင်းဌာနကြီးအား ကိုးကား၍ ကမ္ဘာမီဒီယာများ တွင် ဖေါ်ပြလာခဲ့ကြသည်။

 

သို့သော်လည်း အာဏာသိမ်း အဖွဲ့အား ထောက်ခံကြောင်း ဆန္ဒပြပွဲ အတွက် ဘုရားသားတော်ဆိုး များ ဦးဆောင်ပြီး စစ်သားများ ခြံရံကာလူ ၁၀၀ ခန့် လမ်းပေါ် ထွက်လာခဲ့ကြသည်ဟု ရိုက်တာ သတင်းက ဆိုသည်။

 

ရှင်လောင်း လှည့်ပွဲကပင် ၎င်းတို့ထက် လူအင်အား များပေဦးမည်။

 

ပြည်သူတို့၏ နောက်ထပ် အောင်ပွဲ တခု အဖြစ် ကုလသမဂ္ဂ ၏ NUG အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း နှင့် အမျိုးသား အတိုင်ပင်ခံ ကောင်စီ NUCC အား ၂၀၂၃ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် စကာတင် စာရင်းတွင် ထည့်သွင်းထားသည် ကို ‌နော်ဝေး နိုင်ငံ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု Peace Research Institute Oslo (PRIO) ၏ ဒါရိုက်တာ ဟင်းနရစ် အာဒယ် ၏ ကျေညာချက် တွင် ပါရှိလာသည်။

 

နိုဘဲလ် ဆု ရွေးချယ်ရေး အဖွဲ့သည် ၎င်း၏ တင်ပြချက်အား အမြဲလို တလေးတစား ထည့်သွင်းစဉ်းစား ခဲ့သည်မှာ ခြောက်နှစ် ဆက်တိုက်ပင် ဖြစ်သည်ဟု သိရသည်။

 

ဦးကျော်မိုးထွန်း၊ NUCC နှင့် ပတ်သက်၍ သူ၏ သဘောထား ကို ဖေါ်ပြရာတွင် ကုလသမဂ္ဂတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရေး တို့ အတွက် ဦးတည် ဆောင်ရွက်ခဲ့သည့်အပြင် လုံခြုံရေး တပ်ဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ် အဆုံးသတ်ရန် ဦးတည် ကြိုးပမ်းနေကြ၍ ဦးကျော်မိုးထွန်း နှင့် NUCC သည် ငြိမ်းချမ်းရေး နိူဘဲလ် ဆု ရသင့်ကြောင်း။

 

ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်း လုပ်ရပ်အား ရှုတ်ချပြီး ၎င်းတို့အား အသိအမှတ် မပြုရန် နိုင်ငံများအား လှုံ့ဆော် တိုက်တွန်းခဲ့သည်။ ထိုအချိန်မှစ၍ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အဖွဲ့အသီးသီး မှ ကိုယ်စားလှယ်များ၊ အရပ်ဖက် အဖွဲ့အစည်းမှ ခေါင်းဆောင်များ နှင့် ဖွဲ့စည်းထားသည့် အမျိုးသား ညီညွတ်ရေး အစိုးရ ကို တောက်လျှောက် ကိုယ်စားပြုလာခဲ့သူ ဖြစ်သည်။

သူသည် ကုလ အမြဲတမ်းကိုယ်စားလှယ် အဖြစ် မြန်မာ ပြည်သူတို့၏ အသံကို နိုင်ငံတကာ က သိရှိလာအောင် ဆောင်ကျဉ်းပေးနိုင်ခဲ့သူ ဖြစ်‌‌ ကြောင်း အစရှိသဖြင့် ပါရှိခဲ့သည်။

 

ဦးကျော်မိုးထွန်း နှင့် အတူ အီရန် ရှိ လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတဦး၊ အမျိုးသမီးများ အခွင့်အ‌ရေး အတွက် တက်ကြွ လှုပ်ရှားသူ အာဖဂန် သတင်းစာဆရာ အမျိုးသမီးတဦး၊ နိုင်ငံတကာ တရားရုံး အိုင်စီဂျေ၊ ဒေသခံ ဌာနေ တိုင်းရင်းသား တို့၏ အခွင့်အရေး လှုပ်ရှားသူ နှစ်ဦး နှင့် လူ့အခွင့်အရေး ဆိုင်ရာ အချက်အလက်များ ကောက်ယူ စုဆောင်းပေးသည့် အဖွဲ့များ လည်း ပါဝင်သည်။

 

ထိုသို့ သော သတင်းများ နှင့် အတူ တနိုင်ငံလုံးက မနှစ်မြိုရွံရှာ မုန်းတီးနေကြသည့် အဖြစ်ကို တော်ရုံတန်ရုံ အရှက်ရှိသူဆိုက လဲသေ သွားနိုင်လောက်သော်လည်း ၎င်းတို့ကမူ အာဏာ ကို မည်သို့ မည်ပုံ နှစ်ပေါက် တပေါက် ရိုက်ပြီး ဆက်လက် ဆွဲကိုင်ထားရမည် ကို ခေါင်းချင်းရိုက်နေကြရသဖြင့် ကျေညာချက်ကိုပင် ညနေစောင်းမှ ထုတ်ပြန်နိုင်ခဲ့သည်။

 

ဖြစ်ပုံ မှာ မြင့်ဆွေ ခေါင်းဆောင်သော ကာလုံ အဖွဲ့က တိုင်းပြည်သည် အထူး အခြေအနေ တရပ် နှင့် ကြုံနေရပြီ ဆိုကာ သူ့လက်ထဲ အပ်လာသော အာဏာကို ဖွဲ့စည်းပုံ ပုဒ်မ ၄၂၅ အရ ဆိုကာ မင်းအောင်လှိုင်အား အသစ်က ပြန်စ၍ ခြောက်လ တကြိမ် အပ်နှံသွားမည် ဖြစ်သည်။

 

ရွေးကောက်ပွဲ နှင့် ပတ်သက်၍မူ "ပြည်သူတို့၏ ဆန္ဒနှင့် အညီ" ကျင်းပမည်ဟု အချိန် အတိအကျ မဟုတ်တော့ပဲ မရေမရာ ပြောလာသည်၊ ၎င်းတို့အား ထောက်ခံ နေကြသည့် ရှင်လောင်းလှည့်ပွဲလောက်ပင် အင်အား မရှိသူများ ကို အတင်း ပင် ပြည်သူဟုမှတ်ယူနေကြသည်။

 

ကာလုံ အစည်းအဝေး လာတက်သူများသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ သံတမန် ရေးဖက်တွင် ဘာတခုမျှ မယ်မယ်ရရ စွမ်းဆောင်နိုင်ခြင်း မရှိသူကို နောက်ထပ် အာဏာအပ်နှင်းရန် သဘောတူ လိုက်ခြင်းဖြင့် အမျိုးသား သစ္စာဖေါက် များ အဖြစ် အတိအကျ သမိုင်း မှတ်တမ်း တင်ကျန်သွားခဲ့ပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် သံတမန်ရေး အရ နာလံ မထူနိုင် ဖြစ်လာနေမှု ကို တရားခံ ရှာသည့် အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီး ‌နေရာတွင် ဝဏ္ဏမောင်လွင်အား ဖယ်ရှားပြီး ဦးသန်းဆွေ ဆိုသူအား ခန့်အပ်လာခဲ့သည်။ ဝဏ္ဏ မောင်လွင်လည်း သူ့ကြောင့် ဆက်၍ သိက္ခာကျရရှာမည့် အဖြစ်မှ ကင်းလွတ်သွားခဲ့ပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် နိုင်ငံရေး၊ စီးပွားရေးတွင် အလဲလဲ အပြိုပြို ဖြစ်အောင် လုပ်ပြနိုင်ခဲ့ပြီး စစ်ရေး တွင်လည်း ရွာမီးရှို့သည့် ဗျူဟာ မှ လွဲ၍ အခြား ဘာတခုမျှ စွမ်းဆောင်နိုင်ခြင်း မရှိပဲ နှစ် နှစ် အတွင်းမှာပင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် တူမီး ဘဝ မှ ဒရုန်းများ၊ လက်နက်‌ ကောင်းများ ကိုင်တွယ် လာနိုင်ပြီး အင်အား ကောင်းသည်ထက် ကောင်းလာနေသည်။

 

သံတမန်ရေး ဖက်တွင်လည်း လူလူသူသူ ဖိတ်ခေါ်ခံရသည့် ဂျကာတာတွင် ပြုလုပ်သည့် အာဆီယံ ထိပ်သီး ‌‌ ဆွေးနွေးပွဲ တွင် ၎င်းအား အမြဲလို ချောက်လှန်ခံနေရသည့် အချက် ငါးချက် ကို မလုပ်နိုင်မှန်း သိလည်း သဘောတူ ပြန်လာခဲ့သည်အထိ တခါတည်း နှင့် တပ်လန်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပြန်သည်။

 

တိုင်းပြည်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံတကာ နှင့် ဆက်ဆံရေး များ အားလုံး ရပ်တန့်သွားခဲ့ပြီး လူပေါင်း သန်းနှင့် ချီကာ ဒုက္ခပင်လယ်ဝေခဲ့ရသည်ဟု ရိုက်တာ သတင်းတွင် ရေးသားလာခဲ့သည်။

 

ထိုသို့သော အခြေအနေမျိုး မှာပင် ၎င်းအား တာဝန်ပြန်ပေးသည် အဖြစ်ကို ကြည့်မည်ဆိုက စစ်တပ်ထဲတွင် အနူတောတွင်မို့ လူချော ဖြစ်ခွင့်ရရှာသူ ဟု နိုင်ငံတကာ ကလည်း ကောက်ချက် ချမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

 

အာဆီယံ ဥက္ကဌ ဖြစ်လာသူ အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ မှ စစ်ဗိုလ်ချုပ်ဟောင်းတဦး အား နေပြည်တော်သို့ စေလွှတ်၍ အင်ဒိုနီရှားသည် စစ်အုပ်ချုပ်‌ ရေး မှ ဒီမိုက‌ရေစီသို့ အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ခဲ့ပုံများကို ပြော၍ ဖျောင်းဖျ နားချဖို့ ကြိုးပမ်းမည်ဟု သိရသည်။

 

ဤသည်ကလည်း ၎င်းတို့ အဆို အရည်အချင်း မရှိသူများပင် ဆက်၍ အုပ်ချုပ်တော့မည့် အရေးကို သိမြင်လာ၍လည်း ဖြစ်ပေမည်။

 

ဖီလစ်ပိုင်၊ ထိုင်းနိုင်ငံများ တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်၊ ဩစတေးလျှ တွင် မြန်မာ သံရုံး ဝင်းတံခါးအား သံကြိုး နှင့် ပိတ်ပြီး ဆန္ဒပြမှု ကြောင့် ရဲများပင် ရောက်လာခဲ့ရသည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ အထူး အကြံပေး ဒဲရက် ရှိူလက် မှ အကြမ်းဖက် စစ်တပ်အား ရုရှားမှ လက်နက် ထောက်ပံ့ပေးလာနေမှုသည် လွန်စွာ စိုးရိမ်မကင်း ဖြစ်လာရ၍ ထိုသို့ ပူးပေါင်း ဆောင်ရွက်နေသည့် လမ်းကြောင်းကို ဖြတ်တောက် ပစ်ရန် နည်းလမ်းရှာနေသည်ဟု အာဏာသိမ်း နှစ်နှစ် ပြည့် အဖြစ် သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အဖွဲ့နှင့် ပြည်သူတရပ်လုံးကမူ ၂၀၂‌၃ အား စစ်အာဏာရှင် ပြတ်ပြတ်သားသား နိဂုံးချုပ်ရမည့် နှစ်အဖြစ် ရည်မှန်းချက်ထား အရှိန်မြင့် လှုပ်ရှားနေကြပြီ ဆိုသည်ကို အသံတိတ် သပိတ် အောင်မြင်ခဲ့မှု က သက်သေခံနေ‌ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ - ဧရာဝတီ