ဂျာမဏီ တရားခွင်၊ အမေရိကန် သံရုံး သတိပေးချက်

by Hla Soewai - Jan 31 2023

ကမ္ဘာ လူ့အခွင့် အရေး အဖွဲ့ကြီး တခု ဖြစ်သော Fortify Rights နှင့် လူပုဂ္ဂိုလ် ၁၆ ဦး မှ Universal Jurisdiction (UJ) ‌ခေါ် နိုင်ငံ ဖြတ်ကျော် တရားစွဲဆိုပိုင် ခွင့် မူကို အခြေခံ ပြီး မြန်မာပြည်ရှိ စစ်ဗိုလ်ချုပ်ကြီး များ အား လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု များ နှင့် လူများ၏ ဂုဏ်သိက္ခာ မဲ့အောင် ကျုးလွန်မှုများ အတွက် ဂျာမန် ရှေ့နေချုပ် ရုံးသို့ တရားစွဲဆိုခွင့် ပြုရန် ဦးတိုက်လျှောက်ထား လာခဲ့သည်။

 

ထိုသို့ လျှောက်ထားခဲ့ပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဂျာမန် အထက်လွှတ်တော် နှင့် အောက်လွှတ်တော် ဥက္ကဌ များ မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ထံ သဝဏ်လွှာများ ရေးသား ပေးပို့လာခဲ့သည်ကို တွေ့ရသည်။

 

အဆိုပါ သဝဏ်လွှာထဲတွင် CRPH သည် မြန်မာပြည်သူတို့ ၏ ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားသော တခုတည်း သော အဖွဲ့အစည်း ဖြစ်သဖြင့် ဒီမိုကရေစီ အခွင့်အရေးများ နှင့် လွတ်လပ်မှု တို့ အတွက် ရပ်တည်နေကြသည့် မြန်မာ ပြည်သူတို့၏ တခုတည်းသော မျှော်လင့်ချက် နှင့် ခွန်အား များ ဖြစ်သည်၊ မိမိတို့ မှ ယခုလို ခက်ခဲလှသည့် ကာလ တွင် CRPH နှင့် အတူ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်လျှက် ရှိကြောင်း အစရှိသည် ဖြင့် ပါရှိလာခဲ့သည်။

 

ယခု ဂျာမန် ရှေ့နေချုပ် ရုံး သို့ တင်သွင်းသော ဦးတိုက်လျှောက်ထားမှု တွင် မြန်မာ စစ်ဗိုလ်ချုပ် တဦးစီ ကို သီးခြား စီ စွဲချက်တင်ရန် စာမျက်နှာ ၂၅၀ နှင့် သက်သေ အထောက်အထား အဖြစ် ပူးတွဲ စာမျက်နှာ ၁,၀၀၀ ကျော် ပါရှိသည်။ ထို့ပြင် တရားခံပြ သက်သေ များ နစ်နာမှုသာ မက တနိုင်ငံလုံး အတိုင်းအတာ နှင့် ကျုးလွန်ခဲ့မှုများ အား လည်း “Structural Investigation” ခေါ် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်း စစ်ဆေးပြီး အရေးယူပေးရန်လည်း တောင်းဆိုထားသ်ည်။ Fortify Rights နှင့် နစ်နာသူ ၁၆ ဦး အတွက် ဂျာမဏီ တွင် ရုံးခွဲများ ရှိသော Covington & Burling LLP အကျိုးဆောင် ကုမ္ပဏီကြီး မှ တရားရုံး အတွက် လိုက်ပါဆောင်ရွက်မည်ဟု သိရသည်။

 

ဂျာမန် ဥပဒေအရ အဆိုပါ ပြစ်မှု များ ကျုးလွန်ကြောင်း ထင်ရှားပါက UJ နှင့် သာမက ဂျာမန် တရား ဥပဒေ အရ ပါ ပြစ်ဒဏ် ချမှတ်နိုင်သည်။ ဂျာမဏီ သည် နာဇီ အုပ်ချုပ်ရေး ကာလ အတွင်း ထိုသို့ ကျုးလွန်ခဲ့မှု များ အတွက် လုံးဝ ဆပ်ဆပ်ထိ မခံ ပြစ်ဒဏ်များ ချမှတ်လေ့ ရှိ၍ ထိုသို့ တရားစွဲဆိုရန် ရွေးချယ်ခဲ့မှုသည် မှန်ကန်သည် ဟု ကျွန်တော် အနေဖြင့် သုံးသပ်မိသည်။ ဥပမာ ဆိုရက Holocaust ခေါ် ဂျုးများ အစုလိုက်အပြုံလိုက် အဆိပ်ဓါတ်ငွေ့ ဖြင့် သတ်ဖြတ်ခံရမှု အား မဟုတ်မမှန်ဟု ငြင်းဆိုသူများကိုပင် ထောင်ဒဏ် အပြစ်ပေး သော နိုင်ငံမျိုး ဖြစ်သည်။

 

ဂျာမန် တရားရုံးသည် ဆီရီယား အကျဉ်းထောင်များ တွင် နှိပ်စက်ညှင်းပမ်းခံခဲ့ရသူ များ မှ တရားစွဲဆိုမှု ကို ကြားနာခဲ့ပြီး အပြစ်ရှိသည် ယခင် ဆီရီယား တပ်မှ ဗိုလ်မှုးကြီး ဟောင်း တဦးအား ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပြီးလည်း ဖြစ်သည်။ လက်ရှိတွင် ရုရှား တပ်များ ယူကရိန်း တွင် ကျုးလွန်ခဲ့မှု များ အတွက် အမှုဖွင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိသည်။

 

ယခု တရားစွဲဆိုမှု သည် ယခင် အခါများ နှင့် မတူပဲ ထူးခြားနေသည်မှာ ရိုဟင်ဂျာ များသာ မဟုတ်တော့ပဲ နိုင်ငံ တဝှမ်း ရှိ နစ်နာခဲ့သော တိုင်းရင်းသား လူမျိုး များ ဖြစ်သည့် ရခိုင်၊ ဗမာ၊ ချင်း၊ ကရင်၊ ကရင်နီ နှင့် မွန် တို့မှ တရားလိုပြ သက်သေများ အဖြစ် ရုံးတော်သို့ လာရောက် ထွက်ဆိုမည် ဖြစ်သည်။ ထိုအထဲတွင် နှစ်ဦး မှ ကိုယ်ပိုင် အကျိုးဆောင် ရှေ့နေများ ငှားရမ်း ထားသည်ဟု ဆိုသည်။

 

အဆိုပါ တရားစွဲဆိုမှု အား အခြား လူ့အခွင့်အရေး အဖွဲ့များ၊ မြန်မာ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ ကုလ သမဂ္ဂ မှ အထက်တန်း အရာရှိများ၊ မြန်မာ အကြံပေး ကောင်စီ ဝင်များ အားလုံး ဝင်ရောက် ပံ့ပိုးကြမည် လည်း ဖြစ်သည် အစရှိသဖြင့် မဇ္စျိမ သတင်း တွင် ဖေါ်ပြထားသည်။

 

လက်ရှိတွင် အာဆီယံ ဥက္ကဌ အင်ဒိုနီရှား အားလည်း မြန်မာ အပေါ် ပြတ်သားစွာ အရေးယူရန် ဖိအားပေးမှုများ မြင့်တက်လာနေပြီး ထိုအရေးအား ဖေဖေါ်ဝါရီ ၃-၄ တွင် အင်ဒိုနီရှား တွင် ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အပန်းဖြေ ဆွေးနွေးပွဲ တွင် တံခါးပိတ် “ပွင့်ပွင့်လင်းလင်း နှင့် စိတ်ထဲရှိသည့် အတိုင်း” ဆွေးနွေးကြမည်ဟု သိရသည်။

 

အစည်းအဝေးသည် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် ထွက်ပေါ်လာရန် ရှိသည့် စစ်ကောင်စီ၏ အစီအစဉ်သစ်များ အပေါ် အာဆီယံ ၏ သဘောထားလည်း ထွက်ပေါ်လာမည်ဟု ယူဆရသည်။ အာဆီယံ သည် လက်ရှိ မြန်မာ တွင် ဖြစ်ပေါ် နေသော အနေအထား များ အရ ဘုံ သဘောတူညီချက် သည် ဇာတ်သိမ်းသွားသလောက် နီးနီး ဖြစ်သွားခဲ့သည်။

 

ယနေ့ ရန်ကုန်ရှိ အမေရိကန် သံရုံးမှ သံရုံး ဝန်ထမ်းများ နှင့် ၎င်းတို့၏ နိုင်ငံသား များ အား လုံခြုံ‌ရေး အဆင့် (၄) ဖြင့် ထုတ်ပြန် လာသော သတိပေးချက်တွင် ဖေဖေါ်ဝါရီ ၁ ရက်နေ့ နေလည် ၁၂ နာရီ သမ္မတ ရုပ်ရှင်ရုံ ရှေ့ တွင် အာဏာသိမ်း အဖွဲ့ မှ ၎င်းတို့ အား ထောက်ခံသူ များ အား စုရုံး ခေါ်ဆောင်ပြီး မဟာဗန္ဓုလ ပန်းခြံ အထိ ချီတက်ကြမည် ဖြစ်ပြီး လူ နှစ်ထောင်ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ထို စုရုံးမှု ကြီး တွင် ဒီမိုကရေစီ ဆန့်ကျင်ရေး တရားများ ဟောကြမည့် အပြင် ယာဉ်အသွားအလာ လည်း ပိတ်ဆို့ နိုင်ပြီး ဗုံးခွဲတိုက်ခိုက်မှု များ လည်း ရှိလာနိုင်သဖြင့် အမေရိကန် နိုင်ငံသား များ အနေဖြင့် ၉၆ နာရီ အထိ လုံလောက်သည့် သောက်သုံးရေ၊ အစားအသောက် နှင့် ဆေးဝါးများ ကြိုတင်စုဆောင်းထားရန်၊ လက်ကိုင်ဖုန်းများ ကို အားအပြည့်သွင်းထားရန်၊ ပြည်တွင်း ပြည်ပ သတင်းများကို အမြဲလို စောင့်ကြည့်နေရန်၊ (အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်ရန် လိုအပ်ကောင်း လိုအပ်လာမည့် သဘောမျိုး ဖြင့်) ကိုဗစ် ကာကွယ်ဆေး ထိုးပြီး လက်မှတ်များကို အရံသင့် ထားရှိရန်၊ မိမိလုံခြုံရေး ကို အထူး သတိဝိရိယ ဖြင့် သတိကြီးကြီး ထားရန်လည်း ပါရှိသည်။

 

ထိုသို့ ထုတ်ပြန်လာမှုသည် ထူးခြားချက် များ ပါရှိလာနေသည်ကိုတော့ မည်သူမျှ သတိမပြုမိပဲ နေနိုင်ကြမည် မဟုတ်ပေ။

 

ယခုအခါ ယခင်က လေးဂွများ၊ တူမီးများ သုံး၍ အရှေ့တောင်အာရှ၏ ဒုတိယ အကြီးဆုံး ဆိုသည့် စစ်တပ်ကြီး အား စတင် တော်လှန်ခဲ့ရာမှ ဒရုန်းများ တွင်တွင်ကျယ်ကျယ် သုံး၍ တိုက်ခိုက်လာနိုင်ပြီ ဖြစ်၍ ကြီးမားသော အလှည့် အပြောင်းကြီးကို ဖန်တီး နိုင်ခဲ့ပြီ ဖြစ်သည်ဟု RFA သတင်းတွင် ဖေါ်ပြထားသည်။ ဒရုန်းများသုံး၍ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကယား ဒေသများ တွင် ၂၀၂၂ ခုနှစ် အတွင်း ဒရုန်းဖြင့် အကြိမ်ပေါင်း ၆၄၂ ကြိမ် တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ ( ပုံတွင် PDF ဒရုန်း တပ်ခွဲ ကို တွေ့မြင်နိုင်သည်)

 

ပြည်သူတို့၏ ခုခံစစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - Radio Free Asia