ရုရှား၏ နောက်တချီ ထိုးစစ်ကြီး အတွက် အနောက်အုပ်စု ပြင်ဆင်လာနေ

by Hla Soewai - Jan 28 2023

ရုရှား-ယူကရိန်း စစ်ပွဲ သည် အဆင့်သစ်တခုစီသို့ တက်လှမ်းလာတိုင်း ကမ္ဘာတဝှမ်း ရင်သတ်ရှုမော ဖြစ်သွားစေခဲ့သည် လက်နက်များ ထွက်ပေါ်လာနေသည်ကို တွေ့ရသည်။

 

ယမန်နှစ် ဆောင်းရာသီ အတွင်း ကိယက် တိုက်ပွဲတွင် Javelin ခေါ် ပုခုံးထမ်း တင့်ကားပစ် လက်နက် နှင့် စတင်းဂျား လက်နက် ခေတ်စားသွားခဲ့သည်။

 

တိုက်ပွဲသည် နွေဦးပေါက်တွင် အရှေ့ဖက်ခြမ်း ဒွန်ဘတ်စ် ဖက် မျှားဦးလှည့်သွားချိန်တွင်တော့ ၁၅၅ မမ ဟောင်ဝစ်ဇာ အမြှောက်များ ထွက်ပေါ်လာပြန်သည်။ ဆောင်းဦးပေါက် တွင် ယူကရိန်း မှ တန်ပြန် ထိုးစစ်ကြီး ဆင်လာချိန်တွင်တော့ HIMARS ဒုံးလောင်ချာသည် အထူး ရေပန်းစားသွားခဲ့သည်။

 

လာမည့် ‌နွေဦးပေါက်တွင် ထွက်ပေါ်လာဖွယ် ရှိသော ထိုးစစ်ကြီး အတွက် နှစ်ဖက်စလုံးသည် လက်နက် အင်အား၊ လူအင်အားများ စုစည်းပြင်ဆင်လာနေပြီ ဖြစ်သည်။ အားလုံးက တင့်ကားများ နှင့် ကြည်းတပ်သုံး အပေ့ါစား တိုက်ခိုက်ရေး ယာဉ် ယန္တရားများကို မျက်စိကျလာနေသည်။

 

ယူကရိန်းသည် ၎င်းတို့ထက် အဆမတန် အင်အားကြီးမားသော ရုရှား တပ်များအား တွန်းလှန်ခဲ့ရာတွင် အောင်မြင်မှု များ ရလာခဲ့သော်လည်း လက်ရှိတွင် ရုရှားသည် ကရိုင်းမီယား အပါအဝင် ယူကရိန်း နယ်မြေ၏ ၁၇% ကို ထိန်းချုပ်ထားနိုင်ဆဲပင် ဖြစ်သည်။

 

ယခုအခါ စစ်ပွဲသည် တဖက်နှင့် တဖက် ရေကုန်ရေခမ်း အမှည့်ချွေ တိုက်ကြမည့် ပုံစံမျိုး တွေ့နေရသည်။ ရုရှား တို့သည် ဒရုန်းများ၊ ဒုံးကျည်များဖြင့် ယူကရိန်း၏ လျှပ်စစ် ဓါတ်အားပေးလိုင်းများကို ဖျက်ဆီး ပစ်လာနေသည်။ မြေပြင်တွင်လည်း ရုရှား တပ်များက ဒွန်ဘတ်စ် အရှေ့ခြမ်းရှိ မြှိတော် ဘာမုဒ် သို့ လက်နက်ကြီး ပစ်ကူသုံးကာ လူလှိုင်းလုံးတက် ထိုးစစ် ဖြင့် တရွေ့ရွေ့ ချည်းကပ်လာနေပြီ ဖြစ်သည်။

 

ယခုလာမည့် နွေဦးပေါက် တိုက်ပွဲများသည် စစ်ပွဲကို အဆုံးအဖြတ် ပေးလာနိုင်ခြေရှိသည်။ ကရင်မလင် မှ စစ်သားသစ် နှစ်သိန်း မှ သုံးသိန်းအထိ အင်အား ဖြည့်တင်းထားပြီး နောက်ထပ်လည်း စစ်သားသစ် စုဆောင်းဖို့ ရှိနေ၍ လူအင်အား ဖက်တွင် ယူကရိန်း တို့ အခြေမလှ ဖြစ်နေသည်။ ရုရှား စစ်လက်နက်ထုပ် စက်ရုံများသည် အဆိုင်း သုံးဆိုင်း ခွဲကာ ‌၂၄ နာရီ ပတ်လုံး လည်ပတ်နေပြီး အနောက်အုပ်စုဖက်တွင်လည်း စုဆောင်းထားသမျှ ခဲယမ်းမီးကျောက်များ ကုန်ခမ်းလာနေ၍ ယူကရိန်းတို့ လက်နက်ကြီးများကို အားကိုး၍ မရတော့သည့် အနေအထားမျိုး ကြုံလာရနိုင်သည်။

 

အနောက်အုပ်စုသည် ရုရှား ထိုးစစ် တပ်လန်သွားပြီး စေဆပ်ဆွေး‌နွေးလာသည့် အဖြစ်မျိုး ရောက်လာရန် ယူကရိန်းတို့ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်မည့် အနေအထားမျိုး မဖြစ်ဖြစ်အောင် ပံ့ပိုးရန် လိုလာပြီဟု ယူဆလာကြပြီ ဖြစ်သည်။

 

ထို့ကြောင့် အ‌မေရိကန်သည် တို့ထိ တို့ထိ ပုံစံမျိုး အကူအညီ ပေးနေရာမှ ယူကရိန်း တပ်ဖွဲ့တဖွဲ့လုံးကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးရန် အထိ ဗုံးဘောလအော ကူညီရန် ဆုံးဖြတ်လာခြင်းလည်း ဖြစ်သည်။

 

အမေရိကန်သည် ဘရက်လေ အမျိုးအစား ချိန်းတပ် တင့်ကား အစင်း ၁၀၀၊ စထရိုင်ကာ ဘီးတပ် တင့်ကား ၉၀၊ M113 စစ်သည်တင် သံချပ်ကာယာဉ် အစင်း ၁၀၀၊ ယန္တရား တပ်မကြီး နှစ်ခုစာ ဖွဲ့စည်း နိုင်သည့် စစ်လက်နက် များ ယူကရိန်းအား ပေးပို့မည်ဟု ကျေညာလိုက်သည်။

 

ဂျာမန်တို့ကလည်း မာဒါးစ်၊ ပြင်သစ်မှ AMX-10RCS ၊ ဆွီဒင်မှ CV90S တိုက်ခိုက်ရေး ယန္တရား ယာဉ်များ ပေးပို့ဦးမည် ဖြစ်သည်။ ရွေ့လျားရင်း ပစ်ခတ်နိုင်သော ဟောင်ဝစ်ဇာ အမြှောက်ကြီးများသည် လွန်စွာ အသုံးတည့်ပြီး အမေရိကန် မှ ၁၈ လက် နှင့် ဒိန်းမတ်မှ ပြင်သစ်လုပ် ဆီဇာ အမြောက်ကြီးများ ပေးပို့ဦးမည် ဖြစ်သည်။

 

အမေရိကန် တို့မှ ယူကရိန်း စစ်တပ်အား တကြိမ်လျှင် တပ်ရင်းတရင်းစီ နှင့် တသုတ်ပြီး တသုတ် လေ့ကျင့်ပေးလျက် ရှိသည်။

 

သို့သော် ယူကရိန်းတို့ လိုအပ်နေ‌သည့် တိုက်ပွဲဝင် တင့်ကားများ မရသေးပဲ ဖြစ်နေသည်။ ယခင်က သူအရင်ပေး ငါအရင်ပေး နှင့် ငြင်းခုံနေကြသော အမေရိကန် နှင့် ဂျာမဏီတို့ သဘောတူညီမှု ရသွားပြီ ဖြစ်၍ ဂျာမန်လုပ် ကျားသစ် တင့်ကားများ နှင့် အမေရိကန်ကလည်း M1 Abbram တင့်ကားများ နှင့် ဗြိတိန်ကလည်း ချဲလင်ဂျာ တင့်ကား များ ပေးပို့တော့မည်ဟု နောက်ဆုံးသတင်း ထွက်ပေါ်လာသည်။

 

ယူကရိန်းသည် လက်ရှိတွင် ဆိုဗီယက် ခေတ် လက်ကျန် တင့်ကားများနှင့် ရုရှားထံမှ သိမ်းယူရရှိထားသည်တို့ကိုသာ ပြင်ဆင် အသုံးပြုနေရသည်။

 

ယူကရိန်းသည် ယခုအခါ အမေရိကန် နှင့် အနောက်အုပ်စု မှ ထောက်ပံ့မှုများ နှင့် အင်အားအတောင့်တင်းဆုံး သံချပ်ကာ ယန္တာရား တပ်မကြီး ဖွဲ့စည်း နိုင်တော့မည် ဖြစ်သည်။ ထိုအထဲတွင် ဒီဇယ်ဖြင့် မောင်းနှင်၍ ရသည့် ဂျာမန် လုပ် ကျားသစ် တင့်ကားများသည် လူကြိုက် အများဆုံး ဖြစ်နေသည်။

 

ကျားသစ် တင့်ကားသည် တန် ၅၀ လေးပြီး တနာရီလျှင် ၆၈ ကီလိုမီတာ ဖြင့် ကီလိုမီတာ ၅၀၀ အထိ သွားနိုင်သည်။ ၁၂၀ မမ ပြောင်းချော အမြှောက်ကြီး တပ်ဆင်ထားပြီး ပစ်ခတ်မှု ကို ဒီဂျစ်တယ် စနစ် ဖြင့် ထိန်းချုပ်ထားသည်။ (ပုံတွင် တွေ့နိုင်သည်)

 

ယုကရိန်း တို့ ထပ်မံ လိုအပ်နေသည်က ရုရှား ကွပ်ကဲရေး စခန်းများ နှင့် လက်နက် သိုလှောင်ရုံများကို တိုက်ရိုက် တိကျစွာ ပစ်ခတ် နိုင်မည့် တာဝေးပစ် လက်နက်ကြီးများပင် ဖြစ်သည်။ ကနဦး တွင် ၇၀ မှ ၈၄ ကီလိုမီတာ အထိ ပစ်ခတ်နိုင်သော HIMARS လက်နက်ကြီးများ ကြောင့် ရုရှားတို့ အထိနာသွားခဲ့ရသော်လည်း ယခု အခါ ယင်း လက်နက်ကြီးများ မရောက်နိုင်သည့် နေရာအထိ ဆုတ်သွားကြပြီ ဖြစ်သည်။ ပင်တဂွန်သည် ယခုအချိန်အထိ ၃၀၀ ကီလိုမီတာ အထိ ရောက်နိုင်ပြီး HIMARS လောင်ချာ နှင့် ထည့်၍ ပစ်နိုင်သည့် ATACMS ဒုံးကျည်များနှင့် ကီလိုမီတာ ရာပေါင်းများစွာ သွားနိုင်သည့် Grey Eagle ဒရုန်းများကို ပေးပို့ရန် ငြင်းဆန်နေဆဲပင် ဖြစ်သည်။ ဂျက်တိုက်လေယာဉ်များ ပေးဖို့ဖို့က ဝေလာဝေးပင် ဖြစ်သည်။ ယူကရိန်းတို့ကမူ အနည်းဆုံး ကီလိုမီတာ ၁၅၀ ထိ ရောက်နိုင်သည့် GLSDB ဒုံးကျည် လောက်တော့ ရနိုင်မည်ဟု မျှော်လင့်နေကြသည်။

 

ယူကရိန်း သည် ဒုံးကျည် များ နှင့် ယခုထက် နက်နက် ရှိုင်းရှိုင်း ထိုး ဖေါက် တိုက်ခိုက်ဖို့ လိုအပ်နေသည်။

 

ရုရှားသည် ကရိုင်းမီယားကို ထိန်းချုပ်ထားသဖြင့် ယူကရိန်း ဆိပ်ကမ်းများ နှင့် တောင်ပိုင်းရှိ ယူကရိန်း တပ်များအတွက် ထောက်ပံ့ရေး လမ်းကြောင်းများကို လည်မြို ညှစ် ထားနိုင်ခဲ့သည်။ ကရိုင်းမီယားကိုသာ ယူကရိန်း တို့ ပြန်လည် သိမ်းပိုက်နိုင်မည် ဆိုက ပူတင်အား အလဲထိုးလိုက်သလို ဖြစ်သွားနိုင်ပြန်သဖြင့် နျူကလီယား လက်နက် ထုတ်သုံးလာမည်ကို အနောက် အုပ်စုမှ စိုးရိမ်မကင်း ဖြစ်လျက် ရှိနေပြီး ခြိမ်းချောက် နိုင်သည့် အဆင့်လောက်နှင့် ရပ်စေချင်နေသည်။

 

ဆယ်ကိုးရာစု နှစ် အတွင်း က ပရပ်ရှား စစ်ဗိုလ်ချုပ်ကြီး နှင့် စစ်ရေး မဟာဗျုဟာ ကျွမ်းကျင်သူ ကလော့စ် ဝဇ်သည် ခုခံ ကာကွယ်ခြင်းသည်သာ အကောင်းဆုံး မဟာဗျုဟာ ဖြစ်သည်ဟု ဆိုသည်။

 

ရုရှား လုံခြုံရေး ကောင်စီ၏ ဒုတိယ ဥက္ကဌ ဖြစ်သူ ယခင် သမ္မတဟောင်း ဒီမီထရီ မီဗီဒက်မှ "နျူကလီယား အင်အားကြီး နိုင်ငံကို သမာရိုးကျ စစ်ပွဲဖြင့် အနိုင်ရသွားမည်ဆိုက နျူကလီယား စစ်ပွဲကြီး ဖြစ်အောင် တွန်းပို့ခြင်းသာ ဖြစ်သည်" ဟု တယ်လီဂရမ် တွင် ရေးလာသည်။ ထိုသို့ ရေးရ ပြောရသည် အထိ ဖြစ်လာခြင်းကပင် ထူးခြားနေပြီး အရှုံးကို ဝန်ခံလိုက်သည် နှင့် တူနေပေသည်။

 

(၂၀၂၃၊ ဇန်နဝါရီ ၂၂ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်းပါ "What western armour gives Ukraine in the next round of war" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်)