နိုင်ငံတကာ အနေနှင့် ပြီးပြီးရော ဆိုကာ အာဏာသိမ်း အဖွဲ့ လှည့်ကွက်ထဲ ဆင်းသွား၍ မဖြစ်

by Hla Soewai - Jan 28 2023

မြန်မာပြဿနာသည် မင်းအောင်လှိုင် အာဏာ မသိမ်းခင်ကတည်းက ရှိနေခဲ့ပြီး ယခုအခါ အဆမတန် များပြားလာနေပြီ ဖြစ်သော်လည်း ကမ္ဘာကြီးသည် လစ်လျုရှုလာခဲ့သည်၊ နိုင်ငံတကာ အနေဖြင့် အလုံးစုံ ဖြေရှင်း မပေးနိုင်သည့်တိုင် အဆိုးဝါးဆုံး ဖြစ်မသွားအောင် ဝင်ရောက်ထိန်းသိမ်းပေးသင့်သည်၊ အာရှကုန်းမြေကြီး၏ အလယ်တည့်တည့် တွင် လာပြီး Failed State ဖြစ်လာနေမည် ဆိုက မည်သူမျှ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာမည် မဟုတ်ဟု Bloomberg မှ ဆောင်းပါးရှင် အမျိုးသမီး Clara Ferreira Marques မှ “The World Ignores Myanmar’s Plight at Its Peril” ခေါင်းစဉ် ဖြင့် ရေးသားလာခဲ့သည်။

လက်ရှိတွင် အရှေ့တောင် အာရှတွင် အဆင်းရဲဆုံး နိုင်ငံများထဲတွင် တခု အပါအဝင် ဖြစ်သည့် မြန်မာ သည် ပြည်တွင်း စစ်ကြီး အသွင် ကူးပြောင်းလာနေပြီ ဖြစ်သည်၊ သို့သော် စစ်တပ်သည် ၎င်းတို့၏ အုပ်ချုပ်နေမှုအား မဆိုသလောက်လေး အသိအမှတ်ပြုလာကြကလည်း အမြတ်ဆိုကာ ရွေးကောက်ပွဲ ဆိုသည်ကို ဖန်တီးလာသည်။ ထိုအရေး အတွက် အနောက်အုပ်စု နှင့် ဒေသတွင်း နိုင်ငံများဖက်မှ ဖိအားများ တိုးမြှင့်ပေးဖို့ လိုအပ်လာနေသည်။

တကယ်တမ်းတွင် စစ်တပ်သည် ဒီမိုကရေစီ ဗန်းပြကာ ဆယ်နှစ်တာ ကာလအတွင်း အနည်းငယ်မျှ စွန့်လွှတ်ပေးခဲ့ရသော အာဏာကို ပြန်သိမ်းလိုက်ခြင်းသာ ဖြစ်သည်။ အများမျှော်လင့်ထားသည့်အတိုင်း နိုင်ငံ စီးပွားရေး သည် ပျက်ယွင်းလိုက်လာနေပြီ ဖြစ်သည်။ တိုင်းပြည်၏ မျှော်လင့်အားထားရာ ဖြစ်သော နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃၃ နှစ် ဖြင့် လက်စားချေ အပြစ်ဒဏ် ချမှတ်လာခဲ့သည်။ (ဤနေရာတွင် မိမိအနေဖြင့် စကားချပ် အဖြစ် ပြောရမည် ဆိုလျှင် နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီး ဦးဝင်းမြင့် တို့သည် တရားဥပဒေ ကို လက်ကိုင်ထားကြသူများ ပီပီ မည်မျှပင် မတရားမှန်း သိသိကြီး နှင့် ရင်ဆိုင်ခဲ့ကြသည်၊ ထို့အတွက်လည်း သူမအပေါ် လုပ်ကြံစွပ်စွဲမှု ပေါင်း မျိုးစုံနှင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည် ကို ကမ္ဘာအား မီးမောင်းထိုးပြ နိုင်ခဲ့ခြင်းပင် ဖြစ်သည်)

၎င်းတို့ စိတ်ကြိုက်ရေးဆွဲ အတည်ပြုခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အရပင် အရေးပေါ် အခြေ အနေ သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်၍ မင်းအောင်လှိုင် သည် ရွေးကောက်ပွဲ လုပ်ရန် ပြင်ဆင်လာသည်၊ ကုလသမဂ္ဂကပင် မည်သို့မျှ လွတ်လပ်ပြီး တရားမျှတမှု ရှိမည် မဟုတ်ဆိုကာ မှတ်ချက်ချထားခဲ့ပြီးလည်း ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ အိမ်နီးချင်း နိုင်ငံများက အဆိုးထဲမှ အကောင်းတခု အဖြစ် သတ်မှတ်ကာ လက်ခံလာကြမည် ဆိုလျှင် မြန်မာ ပြဿနာသည် နောက်ဆယ်စုနှစ်ပေါင်း များစွာ ဝန်ထုပ်ဝန်ပိုးကြီး အဖြစ် ရေရှည်သွားတော့မည်ဟု နိုင်ငံတကာ အကြပ်အတည်းများ လေ့လာရေးအဖွဲ့ အိုင်စီဂျီ မှ မြန်မာအရေးစ အတိုင်ပင်ခံ ရစ်ချတ် ဟိုဆေးက ထောက်ပြလာခဲ့သည်။ အကယ်၍သာ မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလာခြင်း၊ သူမ အကျဉ်းချထားမှု ကို သက်တောင့်သက်သာ ဖြစ်အောင် စီစဉ် ပေးလာမည် ဆိုလျှင် နိုင်ငံတကာ၊ အထူးသဖြင့် အာဆီယံ အတွင်း သဘောထား ကွဲမှု များ ထွက်ပေါ်လာနိုင်သည်။

လက်ရှိ ပိတ်ဆို့ ဒဏ်ခတ်မှု များ က စစ်အာဏာသိမ်း အဖွဲ့ အတွက် မျှော်လင့်ပြီးသား များ ဖြစ်နေ၍ ထိခိုက်ပင် ထိခိုက်ငြား သော်လည်း ၎င်းတို့ စိတ်ပြောင်းလာအောင် လုပ်နိုင်မည် မဟုတ်၊ ထို့အတွက် အခြားနည်းလမ်း အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တော်လှန်ရေး အင်အားစုများအား လက်နက်များ ပို့မပေးသည့်တိုင် ညှိနှိုင်း ဆောင်ရွက် အကြံပေးခြင်း၊ လူသားချင်း စာနာမှု အကူအညီများ ပေးခြင်း တို့ဖြင့် NUG အပေါ် ယုံကြည်မှု ရှိကြောင်း ပြဆိုနိုင်ရမည် ဖြစ်သည်။

လက်ရှိတွင် အားလုံးက တတ်နိုင်တာ လုပ်ပေးပြီး ဆိုကာ ကျည်ကွယ်မျက်ကွယ် နေ နေကြသည်၊ အနောက်အုပ်စု က စီးပွားရေး ဒဏ်ခတ်မှု၊ အာဆီယံ က အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားခြင်းများ ဖြစ်၍ ဒီထက်မက ထိရောက်အောင် ဖန်တီးလာရမည်ဟု အမေရိကန် သံအမတ်ဟောင်း ဒဲရက် မစ်ချယ်က ဆိုသည်။ စစ်ခေါင်းဆောင်များအား ဒေသတွင်း နိုင်ငံများမှ ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေး အပိုင်း များ အသုံးပြုခွင့် မရအောင် ပိတ်ပင်ထားရမည် ဖြစ်သည်။

ထို့ပြင် အနောက်အုပ်စု အနေဖြင့် အိမ်နီးချင်းများမှ စစ်တပ်၏ ရွေးကောက်ပွဲ ကို အသိအမှတ် ပြုလာနိုင်သည့် အလားအလာ များကို လက်ဦးမှု ယူ၍ ယခုကပင် ဟန့်တားရမည် ဖြစ်သည်။ ထိုနိုင်ငံများက အသိအမှတ်ပြုချင်သည့် သဘော အဖြစ် လေ့လာသူများ စေလွှတ်လာနိုင်သည်။

တရုတ်သည် လက်ရှိ စစ်ကောင်စီ အပေါ် ဝမ်းထဲက ဆန့်ကျင်နေမှု များ ဆက်ရှိနေအောင် အားပေးရမည်၊ လက်တွဲ ခေါ်ယူရမည်၊ အနောက်အုပ်စုသည် မြန်မာ ပြဿနာ နှင့် ပတ်သက်၍ အာဆီယံ အား ရှန်တိန် လုပ်ထားသော်လည်း အာဆီယံ ကိုယ်နှိုက်က အားကိုးအားထား စရာ ဖြစ်မလာခဲ့ပေ။ သို့သော် ယခင်ကလိုတော့ ဆိုးဆိုးရွားရွား ဖြစ်မလာခဲ့။ အထူးသဖြင့် အင်ဒိုနီရှားသည် ဘာလီ တွင် G-20 အစည်းအဝေး လက်ခံ ကျင်းပနိုင်ခဲ့၍ ကမ္ဘာစင်မြင့်တွင် ခေါင်းမော့ နေနိုင်သည့် အနေအထား ကို ထိန်းသိမ်းနိုင်ရန် မြန်မာ အရေး ကို အတတ်နိုင်ဆုံး ကိုင်တွယ်သွားဖို့ ရှိနေသည်။

လူထု၏ ထောက်ခံမှု မရှိပဲ စစ်တပ်သည် ဆက်လက် အာဏာဆုပ်ကိုင်ထားပါက မကောင်းဆိုးဝါးများ သိုလှောင်ထားရာ ပန်ဒိုရာ သေတ္တာကြီး ပွင့်နေသည်နှင့် အတူတူပင် ဖြစ်ပြီး ပတ်ဝန်းကျင် နိုင်ငံများ အဖို့ ထို ထိုသေတ္တာကြီးမှ ထွက်လာသော မကောင်းဆိုးဝါးများ ဒဏ်ကို ရေရှည်ခံသွားရမည်ကို သဘောပေါက်ရမည် ဖြစ်သည်ဟု ဆောင်းပါးတွင် ရေးသားခဲ့သည်များကို ကောက်နှုတ်တင်ပြလိုက်ရပါသည်။

သူမ၏ ဆောင်းပါးအား စင်္ကာပူ အစိုးရ အာဘော် တပိုင်း ဖြစ်သည့် စထရိတ်တိုင်းမ် သတင်းစာကလည်း ပြန်လည် ဖေါ်ပြထားသည်။

အာဏာသိမ်း အဖွဲ့ အတွက် ကမ္ဘာအလယ်တွင် အရှက်တကွဲ ဖြစ်သွားခဲ့ရပြန်သည် က အင်္ဂလန် တွင် ချားလ် ဘုရင် ၏ ဘိသိတ်ခံပွဲသို့ ဖိတ်ကြားခံရခြင်း မရှိသည့် ငါးနိုင်ငံ စာရင်းတွင် ပါဝင်သွားခဲ့ပြန်သည်။ ကျန် လေးနိုင်ငံ မှ ရုရှား၊ ဘဲလာရုစ်၊ ဗင်နီဇွဲလား နှင့် အာဖဂန်နစ္စတန် တို့ ဖြစ်သည်။ ဤသည်ကပင် မင်းအောင်လှိုင်သည် နိုင်ငံရေး အရ ထွက်ပေါက် မရှိ ဖြစ်လာနေပြီး ရွေးကောက်ပွဲ လုပ်လည်း နိုင်ငံတကာ၏ အသိအမှတ် ပြု ခံရမည့် အလားအလာများ မရှိသလောက် ဖြစ်လာနေသည် ကို ရိပ်စားမိလာနေပြီ ဖြစ်သည်။

အာဏာသိမ်း အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ်မှ ရွေးကောက်ပွဲ လုပ်ရန် အသေအချာ ပြော၍ မရကြောင်း၊ အတတ်နိုင်ဆုံး ကြိုးပမ်းနေသည်ဟု ဆိုသည်၊ ရွေးကောက်ပွဲ လုပ်မည် ဆိုက မြင့်ဆွေ အား “ကြားကာလ” အစိုးရ အဖြစ် အာဏာ လွှဲပေးရတော့မည် ဖြစ်သည်။ ထို “ကြားကာလ” အစိုးရ ဆိုသည်အားလည်း နိုင်ငံတကာ မှ လက်ခံ လာနိုင်သည့် ထွက်ပေါက် အဖြစ်လည်း သဘောထား လာနိုင်သည်။

၎င်းတို့ အတွက်လည်း ထိုင်နေ အကောင်းသား ထသွားမှ ကျိုးမှန်းသိ ဆိုသလို ဖြစ်လာမည်လောဟု အသည်းအသန် စဉ်းစားလာရပြီ ဖြစ်သည်။ အခြေအနေ မဟန်က နောက်တကြိမ်ပင် ပြန်သိမ်းရဖို့ ဖြစ်လာပေဦးမည်။

The Diplomat ဂျာနယ်ကမူ ထိုသို့ မလုပ်ဖြစ်က မင်းအောင်လှိုင် အတွက် အကြီးအကျယ် သိက္ခာကျဆင်းဖို့ ရှိနေ၍ မည်ကာမတ္တာ ပုံစံမျှ လုပ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

ကရင် ပြည်နယ်အတွင်း ထိုးစစ်များ တခုပြီး တခု ခပ်စိတ်စိတ် ဆင်နွှဲလာနေသည့် ကရင် အမျိုးသား အစည်းအရုံး ကေအင်ယူ မှ ပြောခွင့်ရ ဖဒိုစောတောနီး မှ လွတ်လပ်ခွင့်ဆိုသည်က ပေးဆပ်မှု ပေါင်း များစွာ နှင့် ရယူရခြင်းသာ ဖြစ်၍ မိမိတို့အားလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းသွားလျှင် အောင်မြင်မည်သာ ဖြစ်သည်ဟု ဧရာဝတီ အား ပြောကြားခဲ့သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!