မျောက်လက်ထဲ အုန်းသီး ရသလို ဖြစ်နေသူများက ရှောင်တန်နဲလ် အား တရားရုံးသို့ ဆင့်ခေါ်မှု ဩစတေးလျှ အစိုးရ တုန့်ပြန်

by Hla Soewai - Jan 28 2023

“မိမိတို့ ဩစတေးလျှ အစိုးရ အနေဖြင့် မစ္စတာ တန်နဲလ်အား စွပ်စွဲ ဖမ်းဆီးခဲ့မှု အပေါ် မည်သည့် အခါမျှ လက်ခံခဲ့ခြင်း မရှိ၊ ယခုအခါ ထိုသို့ လက်ခံခဲ့ခြင်း မရှိသည့် ယခုလို မရေမရာ စွပ်စွဲချက် အတွက် တရားရုံး သို့ ဆင့်ခေါ်လာမှု အပေါ် စိတ်ပျက်မိပြီး လွန်စွာ စိုးရိမ်မကင်း ဖြစ်ကြောင်း ” ဩစတေးလျှ နိုင်ငံခြားရေး နှင့် ကုန်သွယ်‌ရေး ဝန်ကြီးဌာနမှ ကျေညာချက် ထုတ်ပြန်လာခဲ့သည်။

အာဏာသိမ်း အဖွဲ့မှ ဒီဇင်ဘာလ အတွင်း ထုတ်ပြန်သော အမိန့် တွင် ရှောင်တန်နဲလ်သည် ဆိုရှယ် မီဒီယာ နှင့် အင်တာဗျုးများ တွင် “သတင်းမှား” များ ပြောဆို ရေးသား လာမှုကြောင့် သူ၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် စည်းကမ်းချက်များကို ဖေါက်ဖျက်သည် ဆိုကာ တရားရုံး ရှေ့မှောက် လာရောက်ရန် ဆင့် ခေါ် ထားသည် အပေါ် တုန့်ပြန်လာခြင်း ပင် ဖြစ်သည်။

ရှောင်တန်နဲလ်သည် အကျဉ်းထောင်အတွင်း လူမဆန်စွာ ဆက်ဆံနေမှုများ အပေါ် ကမ္ဘာသိ ဖွင့်ချခဲ့၍လည်း ဆတ်ဆတ်ခါ နာသွားကြခြင်းလည်း ဖြစ်သည်။

ကင်ဘာရာ ရှိ မြန်မာ သံရုံး ယာယီ တာဝန်ခံ အား ဆင့်ခေါ်ပြီး အသိပေးခဲ့သည်ဟု ဆိုသည်။

ထိုလုပ်ရပ်သည် စစ်အာဏာသိမ်း အဖွဲ့မှ တရား ဥပဒေ ဆိုသည်ကို ကိုယ်ပိုင် လက်နက် သဖွယ် သိမ်းယူပြီး နိုင်ငံရေး အတိုက်အခံများ နှင့် ၎င်းတို့ အာဏာ တည်မြဲရေး အား နှောက်ယှက်နေသည်ဟု ထင်နေသူ မည်သူကို မဆို အသံတိတ်သွားအောင် နှိပ်ကွပ်နေခြင်း သာ ဖြစ်၍ မည်သို့မျှ ဥပဒေကြောင်းအရ အကျုံးမဝင်ဟု ရှောင်တန်နဲလ်၏ မိတ်ဆွေ နယူးဆော့ဝေးလ် ပြည်နယ် လွှတ်တော် အမတ် မစ္စက် ဂျနဲလ် ဆာဖင် က ဝေဖန်လိုက်သည်။

စစ်အာဏာသိမ်း အဖွဲ့ လက်မှ ပြန်လည် လွတ်မြောက်လာသော ရှောင်တန်နဲလ် အား ဩစတေးလျှ လွှတ်တော်သို့ ခေါ်ယူ၍ တခမ်းတနား ဂုဏ်ပြုခဲ့ပြီးလည်း ဖြစ်သည်။

အဘယ်အတွက်ကြောင့် ယခု မှ ထုတ်ပြောလာသည် ဆိုသည်ကိုကား သဲသဲကွဲကွဲ မသိရသေးပေ။ ဩစတေးလျှ သည် မြန်မာ အရေး နှင့် ပတ်သက်လျှင် လွန်စွာ အအိပ်ကြီးသော နိုင်ငံလည်း ဖြစ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ဩစတေးလျှ ဆိုင်ရာ ကိုယ်စားလှယ် ဖြစ်သူ ဒေါက်တာ ထွန်းအောင်ရွှေ က ယင်းသည် စစ်အာဏာသိမ်း အဖွဲ့ မှ နိုင်ငံတွင်းရှိ ပြည်သူများ အပေါ် မည်သို့ သဘောထား ဆက်ဆံနေသည် ဆိုသည့် ၎င်းတို့၏ true color ကို ထုတ်ဖေါ် ပြလိုက်ခြင်းသာ ဖြစ်သည်ဟု မှတ်ချက်ပေးသွားခဲ့သည်။

ယခင်က ဩစတေးလျှ အစိုးရသည် စစ်အာဏာသိမ်း အဖွဲ့၏ “hostage diplomacy” ခေါ် ဓါးစာခံ ထားသည့် သံတမန် ရေး မူ ကျင့်သုံးလာ၍ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ရန် စိတ်ပါလက်ပါ ရှိပုံ မရဟု သတင်းက သုံးသပ်ထားသည်၊ သို့သော် ဩစတေးလျှ နိုင်ငံခြားရေး ဝန်ကြီး မစ္စက် ပင်နီဝေါင်ကမူ အရေး တကြီး စဉ်းစားလျက် ရှိသည်ဟု မကြာမီက ထုတ်ဖေါ် ပြောဆိုထားပြီး ဖြစ်သည်။

စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့၏ ဝါးလုံးခေါင်းထဲ လသာပြီး အသိညဏ် ခေါင်းပါးနေမှု ကို ကမ္ဘာကို အလကားနေ အလကား ထုတ်ဖေါ်ပြသလိုက်ခြင်းဟု အလွယ်တွေး၍ ရသော်လည်း၊ မစ္စတာ တန်နဲလ် အပေါ် ယခုလို လုပ်လာခြင်းသည် လွတ်ငြိမ်းချမ်းသာခွင့် ပေး၍ လွှတ်ပေးလိုက်ပြီးသူများ ကို အသံမထွက်ရဲအောင် ခြိမ်းချောက်ထားရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ယူဆရသည်။

မြန်မာ အရေး ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး မှ BBC Newsnight တွင် အတိုက်အခံများအား ဖမ်းဆီး နှိပ်စက် ကွပ်မျက် နေသူများက ယခုလို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည် ဟု မျက်နှာပြောင်တိုက် ပြောလာသည့် အဆင့်အထိ ရောက်လာခြင်းကပင် စော်ကားလွန်နေပြီ ဖြစ်သည်ဟု ဆိုသည်။

အင်္ဂါနေ့ က ပြုလုပ်သော ဂျီနိုဆိုက်၊ စစ်ရာဇဝတ်မှု များ နှင့် လူမျိုးရေး သန့်စင်မှုများ ကျုးလွန်နေမှု ဆိုင်ရာ ကုလသမဂ္ဂ အထူး အစည်းအဝေး တွင် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ ကုလ ချမှတ်ထားသော R2P မူကို စွဲကိုင်ပြီး အာဏာသိမ်း အဖွဲ့ ကျုးလွန်နေသော ကြမ်းကြုပ်ရက်စက်မှု များ အတွက် တာဝန်ခံခြင်း ရှိလာအောင် ပြတ်ပြတ်သားသား နှင့် အချိန်မီ ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။

စာရင်းဇယား များ အရ အကြမ်းဖက် စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် အရပ်သား ၁၅၅ ဦး သေဆုံးပြီး ၁၉၀ ဒဏ်ရာရရှိထားသည် ဟု သိရသည်။

ကုလ သမဂ္ဂမှ ယနေ့ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ကိုးနှစ် အတွင်း အမြင့်မားဆုံးသို့ ရောက်ရှိလာနေပြီ ဖြစ်သည်ဟု သိရသည်။ စစ်အာဏာသိမ်းခဲ့ပြီး တနှစ်အကြာ ၂၀၂၂ တွင် ဘိန်းထွက်ရှိမှုသည် ၇၉၅ တန် အထိ ရှိလာပြီး ၂၀၂၁ ထက် နှစ်ဆခန့် မြင့်တက်ခဲ့သည်ဟု လည်း ပါရှိသည်။

ဧရာဝတီ၏ သတင်းတွင် မုံရွာ မြို့ပေါ်ရှိ တနေ့လျှင် လူနာ ၂၀၀ ခန့်အား လက်ခံကုသပေးနေ‌သော “ရွှေတောင် မေတ္တာ” ပရဟိတ ဆေးခန်းအား မင်းအောင်လှိုင် သစ္စာခံတပ်များက ဝင်ရောက်စီးနင်းပြီး တည်ထောင်သူ ဆရာတော်အား ဖမ်းဆီးလိုက်ကြပြီဟု ပါရှိခဲ့သည်။

စစ်အာဏာသိမ်း အဖွဲ့ အာဏာ သိမ်းခဲ့သည်မှာ နှစ် နှစ် တင်းတင်း ပြည့်လာတော့မည် ဖြစ်ပြီး ထိုကာလများ အတွင်း လူထု အတွက် သက်သာ ချောင်ချိရေး၊ တိုင်းပြည်စီးပွား တိုးတက်ရာ တိုးကြောင်း များ လုပ်ခဲ့ဖူးသည်များ ရှိခဲ့ပါ၏ လော ဟု မည်သူမဆို မေးခွန်းထုတ်လာကြတော့မည် ဖြစ်သည်။

ထိုသို့ တခုတလေမျှ လည်း လုပ်ပေးနိုင်စွမ်း မရှိပါပဲလျက် ၎င်းတို့ကို မထောက်ခံရကောင်းလာဆိုကာ ပြည်သူများ အပေါ် ရန်သူသဖွယ် ပြုမူ ဆက်ဆံနေကြပြီး ဖမ်းဆီး၊ လုယက် မီးရှို့၊ ဗုံးကြဲ သတင်းများသည် နေ့စဉ်လို မြင်တွေ ကြားသိနေရသည်။

အာဏာသာ သိမ်းလာခဲ့သော်လည်း မျောက်လက်ထဲ အုန်းသီး ရောက်လာသလို ဘာလုပ်ရမှန်းမသိ၊ ထိုသို့ ဘာလုပ်ရမှန်း မသိသည်ကို ဖုံးကွယ်ရန် လျှပ်စစ်ကား၊ မီးရထား၊ နျူကလီယား အစရှိသည့် ပါးစပ်ထဲ တွေ့ရာ ရှောက်ပြောနေပေတော့သည်။ လူထု သက်သာချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး တို့ အတွက် ဘာတခုမျှ လုပ်ပေးရန် ခေါင်းထဲမရှိ၊ လောလောဆယ် ၎င်းတို့ အာဏာ အပြီးအပိုင် ဆုပ်ကိုင်နိုင်ရေး ဆိုသည့် မည်သို့မျှ မဖြစ်နိုင်သော လမ်းစဉ်ကို အကောင်အထည် ဖေါ်နေကြသည်။

တိုင်းပြည်နှင့် လူမျိုး အတွက် ဘာတခုမျှလည်း မယ်မယ်ရရ လုပ်ပေးခဲ့ခြင်း မရှိသည့် လူများက အရပ်သား ရုပ်သေး အစိုးရ တည်ထောင်ပေးပြီး တရုတ်၊ ရုရှား တို့၏ ရုပ်သေးလုပ်ကာ သမ္မတ တက်လုပ်ကာ ဖွတ်ဘဝမှ မိကျောင်း ဖြစ်လာမည့် လူများနှင့် တိုင်းပြည်ကို မသေမချင်း အုပ်ချုပ်သွားရန် ကြံစည်လာနေသည့် အန္တရာယ်ကြီးကို မြန်မာ တိုင်းရင်းသား အားလုံး ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

တိုင်းရင်းသား ပြည်သူ တရပ်လုံး လက်တွဲပြီး မိမိတို့ အား သားစဉ်မြေးဆက် လူညွန့်တုံးအောင် စေစားလာမည့် ထိုအန္တရာယ်ကြီး ကို အပြီးအပိုင် ဖယ်ရှားနိုင်ရန် တော်လှန်အုံကြွလာမှုကြီးသည် တနေ့တခြား ပြင်းထန်သည်ထက် ပြင်းထန်လာမည့် အရေးကလည်း မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ်ကြီး မုချ အောင်ရမည်!!!