နိုင်ငံတွင်းရှိ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များမှ ကမ္ဘာကို အသိပေးပြီ

by Hla Soewai - Jan 23 2023

"သဘာဝ သယံဇာတ များစွာ ဖြင့် ဘုရားသခင်၏ ကောင်းချီးပေးတော်မူခြင်း ခံရသည့် နိုင်ငံတွင် လူ့အသက်ပေါင်းများစွာ ဆုံးရှူံး ပျက်စီးနေရခြင်းသည် လွန်စွာ မှ စိတ်နှလုံး ထိခိုက်ကြေကွဲဖွယ် ရာ ဖြစ်သည်" ဟု ဆရာတော် ချားလ် မောင်ဘို ဦးဆောင်၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးရှိ ခရစ်ယာန် ဘာသာရေး ဂိုဏ်းချုပ် ဆရာတော်များ၏ ငြိမ်းချမ်းရေး ခရီး လျှောက်လှမ်းကြပါရန် အလေးအနက် တောင်းဆိုလာသည့် ပန်ကြားချက်အား ပူးတွဲ ထုတ်ပြန်ခဲ့ကြသည်။

 

၎င်းတို့၏ ဘာသာရေး အဆောက်အအုံများအား အဘယ်ကြောင့် စာနာစိတ် ကင်းမဲ့စွာဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေကြရသနည်း ဟူလည်း မေးခွန်းထုတ်လာခဲ့ကြသည်။

 

အာဏာသိမ်း စစ်တပ်သည် Islamic State (IS) ကဲ့သို့ ဖြစ်လာနေပြီ ဆိုသည်ကို မကြားဟန်၊ မသိဟန် ဆောင်နေကြသော ကမ္ဘာကြီးအား တရားဝင်

လှုပ်နှိုးပေးလိုက်ခြင်းပင် ဖြစ်ပေတော့သည်။

 

ပုံတွင် ချမ်းသာ ကျေးရွာ ရှိ သမိုင်းဝင် Lady of Assumption ဘုရားကျောင်း ဗုံးဒဏ်ကြောင့် ပျက်စီးသွားသည်ကို ဗာတီကန် သတင်းတွင် ဖေါ်ပြထားသည်ကို ‌တွေ့နိုင်သည်။

 

ထိုသို့ သမိုင်းဝင် ဘာသာရေး အဆောက်အအုံများအား တိုက်ခိုက်ခြင်းသည်ကပင် စစ်ရာဇဝတ်မှု မြောက်နေပြီ ဖြစ်သည်။

 

ယမန်နေ့ကပင် စစ်တပ် နှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးထားသည့် DKBA အဖွဲ့မှ ကြာအင်းဆိပ်ကြီး မြို့နယ် ကြိမ်ချောင်း ကျေးရွာ ရှိတပ်မှုး ဗိုလ်မှုးကြီး စောအေဝမ်း၏ နေအိမ် နှင့် ကျေးရွာ ဆေးခန်း ကို တိုက်လေယာဉ် သုံးစီး ဖြင့် ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်သွားခဲ့ပြန်သည်။

 

ဗိုလ်မှုးကြီး စောအေဝမ်း နှင့် မိသားစု သည် အသက်ဘေး မှ လက်မတင်လေး လွတ်‌မြောက်သွားခဲ့သည်ဟု သိရသည်။

 

ဗိုလ်မှုးကြီး စောအေဝမ်းသည် စစ်ခေါင်းဆောင်များ နှင့် အထူး ရင်းနှီးသူ တဦး ဖြစ်ပြီး စိုးဝင်း၊ ရာပြည့်တို့နှင့် အတူ တွဲ ရိုက်ကူးထားပြီး မှန်‌ဘောင်သွင်း ချိတ်ဆွဲထားသည့် ဓါတ်ပုံများ အပျက်အစီးပုံ များ အကြားတွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။

 

ထိုသို့ ယခုလို ဆိုင်းမဆင့် ဗုံမဆင့် လာရောက်တိုက်ခိုက်ခြင်းသည် ဘန်ကောက်ရှိ လက်နက်ပွဲစား ထွန်းမင်းလတ် အား ရုံးတင် စစ်ဆေးနေမှု နှင့် ဆက်စပ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုနေမှုများ ထွက်ပေါ်နေသည်။

 

အာဏာရှင် ဆိုသည်က မိမိ အကျိုးစီးပွားကို ထိပါးလာလျှင် မည်သူကိုမျှ ချမ်းသာပေးမည် မဟုတ်၊ ယခုလည်း လူသိရှင်ကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်အား လက်မှတ်ရေးထိုးထားသည့် အဖွဲ့အား အကြောင်းပြချက် တစုံတရာ မပေးပဲ ဗြောင်ကျကျ ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။

 

ဘန်ကောက်ပို့စ် သတင်းစာမှ ထိုင်းစစ်ဦးစီးချုပ် နှင့် မင်းအောင်လှိုင်တို့ ငပလီတွင် ၎င်းတို့ အဆို ရှစ်ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် ကော်မတီ အစည်း အဝေး နှင့် ပတ်သက်၍ ဗွေဆော်ဦး သတင်း ပါရှိလာခဲ့သည်။

 

အဆိုပါ သတင်းတွင် နှစ်နိုင်ငံ အကြား နယ်စပ်‌ဒေသ ငြိမ်းချမ်းရေး ထိန်းသိမ်းရန် နှင့် လုံခြုံရေး ပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် စစ်ရေး အရ ဆက်ဆံမှုများ တိုးမြှင့်ရန် လုပ်ငန်း ယန္တရား တရပ် တည်ထောင်ရေး ‌‌ဆွေးနွေးခဲ့သည်ဟုပါရှိခဲ့သည်။

 

ဆိုလိုသည်မှာ နယ်စပ်‌ဒေသများတွင် မင်းအောင်လှိုင်၏ အာဏာသိမ်း အဖွဲ့အား ဆန့်ကျင် တွန်းလှန်နေသူများ အား အကူအညီ မပေးရန် ချုပ်ကိုင် နိုင်ဖို့ လုံးပမ်းလာခြင်းပင် ဖြစ်သည်။

 

နောက်ထပ် ဆွေး‌နွေး မှု တခု အဖြစ် မြန်မာနိုင်ငံထဲမှ နယ်စပ် ဖြတ်ကျော် ထွက်ပြေးလာသူများအား ပြန်ပို့ရေး ဖြစ်သည်၊ ထိုင်းဖက်က ထိုကိစ္စ အပေါ် ‌

ထပ် လောင်း၍ ကတိကဝတ် ပေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်ဟု ဆိုသည်။

 

မင်းအောင်လှိုင်သည် တဖက်နိုင်ငံသို့ စစ်ဘေး ကြောင့် တိမ်းရှောင်နေသူများ ပြန်လာပါက ၎င်းတို့မှ တာဝန်ခံပြီး စောင့်ရှောက်ကူညီရန် ရည်ရွယ်ခြင်း မဟုတ်ပဲ ထိုဒုက္ခသည်များအား တော်လှန်ရေး အင်အားစုများမှ အကူအညီများ ပေးရတော့မည် ဖြစ်၍ ဘဏ္ဍာရေး အရ ဝန်ထုတ်ဝန်ပိုး ဖြစ်သွားအောင် ယုတ်မာပက်စက်စွာ ကြံစည်လာခြင်းပင် ဖြစ်သည်။

 

ဇန်နဝါရီ ၁၀-၁၁ တွင် အိန္ဒိယ နယ်ခြားအနီး ချင်းအမျိုးသား တပ်ဦး ဌာနချုပ် ရှိရာ ဝိတိုရိယ တောင်ခြေ အား မြန်မာစစ်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နယ်ခြားမျဉ်း ရှိရာ Tiau မြစ်အတွင်း ဗုံးတလုံး ကျရောက် ပေါက်ကွဲမှု အပေါ် မြန်မာဖက်နှင့် ဆွေးနွေးမည်ဟု အိန္ဒိယ ပြည်ပ ဆက်ဆံရေး ဝန်ကြီးဌာနမှ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

 

အာဏာသိမ်း စစ်တပ်သည် ဘင်္ဂ‌လားဒေ့ရှ်ကိုလည်း ချမ်းသာပေးခဲ့ခြင်း မရှိပဲ ၎င်းတို့၏ နယ်နမိတ် အတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြန်သည်။

 

အိမ်နီးချင်း နိုင်ငံများသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အထူး အကြံပေး ဒဲရက် ရှိုလေး အခေါ် "လူဆိုးလူညစ် တသိုက်"အား ချော့မော့ ဆက်ဆံသွားကြမည်လော၊ ပြတ်ပြတ်သားသား ဆန့်ကျင်သွားကြမည်လော ဆိုသည်ကို ‌ရွေးရ‌တော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!