အီဂေါ ဗလာဇယ်ဗစ် မှ ပြည်သူတို့ သိထားသင့်သည့် အချက်များ ထောက်ပြ

by Hla Soewai - Jan 20 2023

မဇ္စျိမ သတင်း ဌာန နှင့် မြန်မာ အရေး ကို တစိုက်မတ်မတ် ရေးသား ခဲ့သည့် ချက်သမ္မတ နိုင်ငံ မှ ဆောင်းပါးရှင် အီဂေါ ဗလာစီဗစ် နှင့် တွေ့ဆုံမေးမြန်းခန်း မှ ကောက်နှုတ် တင်ပြထားပါသည်။

 

၂၀၂၂ အတွင်း နိုင်ငံတကာ အသိုက်အဝန်းမှ အတော်များများသည် ပြည်သူများ၏ တွန်းလှန် ခုခံနေမှုအား စစ်အာဏာသိမ်း အဖွဲ့မှ ချုပ်ငြိမ်းသွားအောင် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း မြန်မာ ပြည်သူတို့၏ ဇွဲသတ္တိ နှင့် ခံနိုင်ရည် အားကြောင့် စစ်တပ်အဖို့ ရှေ့တိုး၍ မရ ဖြစ်လာနေသည်၊ ဤသည်က လွန်စွာ ချီးကြူးဖွယ် ကောင်းသော အောင်မြင်မှုကြီး ဖြစ်သည်။

 

သို့သော် ပြည်သူများ ဖက်က လည်း စစ်တပ်ကို အနိုင်မရနိုင်ပြန်၍ အခြေအနေသည် လိပ်ခဲတည်းလည်း ဖြစ်နေပြီး ၂၀၂၃ တွင် မည်သည့်ဖက်သို့ ချိန်ခွင်လျှာ စောင်းသွားမည်ကို စောင့်ကြည့်ရမည့် လွန်စွာ အရေးပါသော နှစ်လည်း ဖြစ်သည်။

 

စစ်တပ်၏ မဟာဗျူဟာသည် စစ်ရေးအရ ထိုးစစ်ဆင်ဖို့ထက် ပြည်သူများ ဖက်လှည့်ပြီး တိုက်ခိုက်မည် ဆိုသည့် မဟာဗျူဟာ ကို ရှင်းလင်းပြတ်သားစွာ ချမှတ်လာခဲ့သည်။ ဤနည်းဖြင့် လူလူချင်း စာနာထောက်ထားစွာ ကူညီပေးဖို့ လိုအပ်လာသည့် အကျပ်အတည်းကြီးကို ရည်ရွယ်ချက် ရှိရှိ ဖန်တီးခဲ့ကြသည်။ သို့မှသာ ၎င်းတို့အား ဆန့်ကျင်တွန်းလှန်နေသူ များ အတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်သွားစေမည်။

 

တဖက်တွင်လည်း နီပွန်ဖေါင်ဒေးရှင်း မှ ဆာဆာကာဝါ ကဲ့သို့ ပုဂ္ဂိုလ်များကို အသုံးချပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မက်လုံးပေး ချည်းကပ်စေသည်၊ ထိုမက်လုံးသည်ကား အပစ်ရပ်မည်ဆိုလျှင် ဒုက္ခသည်များ အတွက် အကူအညီများ ပေးမည် ဟူ၍ ဖြစ်သည်၊ ၎င်းတို့ နယ်မြေများတွင် ဒုက္ခသည်များ တောင်ပုံရာပုံ ရှိလာနေသည့် အတွက် လက်ခံဖို့ မက်မောစရာ ဖြစ်နေသည်။

 

တဖွဲ့က အပစ်ရပ် ရေး သဘောတူခဲ့လျှင် ကျန် အဖွဲ့များကလည်း လိုက်လုပ်ဖို့ စဉ်းစားလာကြမည်၊ ထိုအခါတွင် တချပ်လဲလျှင် အဆင့်ဆင့် ပြိုလဲတတ်သည့် Domino effect ဖြစ်သွားနိုင်သည်။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်က ထိုသို့ အပစ်အခတ် ရပ်စဲရေးများ ရရှိသွားသည်နှင့် ဥပမာ ကချင် နှင့် ရခိုင် ပြည်နယ် များနှင့် စစ်ကိုင်း၊ မကွေး ဆက်သွယ်ရေး လမ်းကြောင်း ကို ဖြတ်တောက်နိုင်ပြီး ထိုဒေသများအား အပြီးအပြတ် ချေမှုန်းရန်ပင် ဖြစ်သည်။

 

နောက်တချက်သည်က ရွေးကောက်ပွဲ နည်းဗျူဟာ ပင် ဖြစ်သည်၊ လိုအပ်မှ ထုတ်သုံးမည့် ရွေးကောက်ပွဲမျိုး ဖြစ်သည်။ တကယ်တမ်းတွင် ၎င်းတို့၏ အမှန်တကယ် လှုပ်ရှားမှု ကို ဖုံးကွယ်ပေးမည့် မီးခိုးမှိုင်း smokescreen ပင် ဖြစ်သည်။ ယခုအခါ ရွေးကောက်ပွဲသည် အားလုံး၏ အာရုံစိုက်စရာ ဖြစ်လာနေပြီး အမျိုးမျိုး အဖုံဖုံ သုံးသပ်ဝေဖန်နေရင်းက ညီညွတ်မှု အားပျော့သွားနိုင်သည်။ ဤသည်က စစ်မြေပြင်တွင် ရန်သူကို ရှေ့မှ အယောင်ပြ လှည့်စားပြီး နောက်မှ အလစ်ဝင်တိုက်သည့် နည်းဗျူဟာ မျိုး ပင် ဖြစ်သည်။ နွေဦး တော်လှန်ရေး ကို ပြိုကွဲရန် လှည့်ဖျားသည့် လုပ်ရပ်မျိုးသာ ဖြစ်သည်။

 

NUG အနေဖြင့် မိမိတို့ မဟာမိတ်များ အချင်းချင်း တွေ့ဆုံဆွေးနွေးပြီး ဘုံရပ်တည်ချက် တည်ဆောက်ရန် နှင့် အင်အားကို တလုံးတစည်းတည်း စုစည်းရန် ဖြစ်သည်။

 

တိုင်းရင်းသား များသည် ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် ရရှိရေး အတွက် တိုက်ပွဲဝင်နေကြသူများ ဖြစ်ပြီး၊ နွေဦးတော်လှန်ရေးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် မဟုတ်၊ အာဏာသိမ်း စစ်တပ်၏ ပြည်သူတို့ အပေါ် ဆင်နွှဲနေသော စစ်ပွဲ ကို ခုခံတွန်းလှန်နေခြင်း ဖြစ်သည်။ ထိုသို့ ကွဲပြားနေသော ရည်မှန်းချက် များကို ပြေလည်အောင် အပေးအယူ လုပ် ညှိနှိုင်းရမည် ဖြစ်သည်။ စစ်တပ်အား နိုင်ငံရေး နှင့် စီးပွားရေး နယ်ပယ်မှ ဖယ်ရှားပြီးသည်နှင့် နှစ်ပေါင်း ၇၀ လုံးလုံး မဖြစ်ခဲ့တာ မျိုး ဖြစ်စေရမည် ပုံစံမျိုး ရဲရဲကြီး ပြောတတ်ဆိုတတ်ဖို့ လိုနေသည်။ ထိုသို့ hard decision မျိုး ချမှတ်ပေးနိုင်မည့် ခေါင်းဆောင်မှု ပိုင်း အားနည်းနေသေးသည်။

 

ကချင်၊ ကယား၊ ကရင်၊ ချင်း အားလုံး အမျိုးသား ညီညွတ်ရေး အစိုးရနှင့် အတူ တခုတည်းသော နိုင်ငံရေး အင်အားစုကြီး ထွက်ပေါ်လာလျှင် နိုင်ငံတကာ၏ ရပ်တည်ပေးနိုင်မှုသည်လည်း လမ်းပွင့်သွားမည် ဖြစ်သည်။ အဖွဲ့ ဆယ်ဖွဲ့ က ဆယ်မျိုး တောင်းဆိုနေလျှင် အဘယ်သို့ ကူညီပေးနိုင်ကြပေမည်နည်း။

 

NDAA သည် ကောင်းသော အလားအလာ ဖြစ်ပြီး နောက်ထပ် အင်အား အချို့ ထပ်ဆောင်းပေးလိုက်ခြင်းမျိုး ဖြစ်သော်လည်း ပြည်တွင်း ပဋိပက္ခကို ပြည်တွင်း အားဖြင့် သာ ဖြေရှင်းနိုင်မည် ဆိုသည်ကို သတိချပ်ရန် လိုသည်။ NDAA သည် သမ္မတ အမိန့် မဟုတ်ပဲ သမ္မတ မှ အကောင်အထည် ဖေါ်ရန် လိုအပ်သည့် ဥပဒေမျိုး ဖြစ်သည်။ ယခုအခါ စစ်ပွဲသည် အောင်မြင်မည့် အလားအလာများ ရှိနေ၍ အမေရိကန် အစိုးရအဖွဲ့အား လော်ဘီ လုပ်ဖို့ လိုနေသည်။ အဓိက ကိုင်စွဲ ပြောဆိုရမည့် အချက်ကား နိုင်ငံရေး အရ တညီတညွတ်တည်း ရှိနေမှုပင် ဖြစ်သည်။

 

နိုင်ငံရေးအရ ညီညွတ်ဖို့ ဆိုသည်မှာ တဦး နှင့် တဦး ယုံကြည်ရလောက်သည့် ကတိကဝတ်မျိုး ပေးဖို့လိုသည်။ ဆိုလိုသည်မှာ အနာဂတ် မြန်မာနိုင်ငံတော် သစ်တွင် ဖက်ဒရယ် စနစ်ဖြင့် ကိုယ်ပိုင် ဆုံးဖြတ် အုပ်ချုပ်ပိုင်ခွင့် ရှိမည်၊ တိုင်းရင်းသားများလည်း မိမိတို့ ရင်သွေးများကို ကိုယ်ပိုင် ဘာသာစကားဖြင့် သင်ကြားပေးမည့် စာသင်ကျောင်းများ ရှိလာမည်၊ မိမိနယ်မြေကို မိမိတို့ သဘောအတိုင်း အုပ်ချုပ်ပိုင်ခွင့် ရှိစေရမည်၊ လူ့အခွင့်အရေးများအားလည်း တပြေးညီ လိုက်နာ ဆောင်ရွက်သွားမည် အစရှိသည်တို့ ဖြစ်သည်။

 

မြန်မာပြည်သူများ အတွက်လည်း စီးပွားရေး၊ လူမှုရေး ပိုင်းများတွင် မျှတစွာ စီမံ ဆောင်ရွက်သွားမည်၊ မြန်မာ ပြည်သူများသည် ကာလကြာမြင့်စွာကပင် စစ်တပ်၏ တိုင်းပြည် ဓန များကို ထင်တိုင်းသုံးကာ ခေါင်းပုံဖြတ် ခြင်း ခံနေရသည်။

 

မြန်မာ ပတ်ပတ်လည် တွင် ထိုသို့ အကွဲကွဲ အပြားပြား ဖြစ်နေမှုများကို အခွင့်အရေး ယူ အသုံးချမည့် နိုင်ငံများ ရှိ‌နေ၍ ပြည်သူများ၏ ဆန္ဒကို ကိုယ်စားပြုမည့် နိုင်ငံရေးအရ ညီညွတ်မှုမျိုး အခိုင်အမာ ရှိနေဖို့ လိုသည်။ တိုင်းပြည်၏ သဘာဝ အရင်းအမြစ်များ မှ ရရှိနေသော ဝင်ငွေများအား ပညာရေး၊ ကျန်းမာရေး ဖက်တွင် အသုံးပြုရမည့်အစား ဂျက်တိုက်လေယာဉ်များ ဝယ်ယူပြီး ဗုံးကြဲတိုက်ခိုက်နေကြသည်၊ ရွာများကို မီးလောင်တိုက်သွင်းနေကြသည့် အပြင် မိသားစု စည်းစိမ်ပြည့် ဇိမ်ခံ နိုင်ရေး တွင် သုံးစွဲနေကြသည့် အဖြစ်များ ပပျောက်သွားစေရမည်ဟူသော ကတိကဝတ်များလည်း ပြည်သူများကို ပေးရမည် ဖြစ်သည်။

 

ထိုသို့ ညီညွတ်သော နိုင်ငံရေး မှသည် ခိုင်မာတောင့်တင်းသော စစ်အင်အား တရပ်အဖြစ် အသွင်ပြောင်းပြီး စစ်တပ်ကို လုံးဝချိနဲ့ ပြိုကွဲသွားအောင် အသွင်ပြောင်းပစ်ရမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာ သို့လည်း လိုအပ်သည်များကို တသံတည်း ရှင်းလင်းပြတ်သားစွာ အကူအညီ တောင်းနိုင်မည် ဖြစ်သည်။

 

ပြည်သူများ၏ ဆန္ဒကို ကိုယ်စားပြုသည့် နိုင်ငံရေး ညီညွတ်မှု ကြောင့် မြန်မာအား သွေးခွဲ အမြတ်ထုတ်နေကြသည့် နိုင်ငံများလည်း နောက်တွန့်သွားကြမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(ပုံတွင် ဇန်နဝါရီ ၁၇ ရက်နေ့ တွင် ကျင်းပသော တောင်ပိုင်း စစ်ဒေသ အမှတ် (၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒေါန စစ်ကြောင်း ၏ မွမ်းမံ သင်တန်း ဆင်းပွဲ အခမ်းအနားသို့ အမျိုးသား ညီညွတ်ရေး အစိုးရ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း တက်ရောက် အမှာစကား ပြောကြားစဉ် - ဓါတ်ပုံ ခေတ်သစ် သတင်းဌာန)