သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(95)

by Hla Soewai - Jan 20 2023

တရုတ်ပြည်၏ တော်လှန်သော အမျိုးသားရေး ဝါဒ (၃)

 

စည်းမျဉ်းခံ ဘုရင်စနစ် လက်အောက်တွင် ယခင် ဘုရင်ခံချုပ် ဖြစ်ခဲ့သူ ယူအန် ရှီကိုင် သည် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူလာခဲ့သည်။ ၎င်းမှ တိုင်းပြည်ကို ထိန်းချုပ်ရန် မကြိုးစား နိုင် သေးသည့် အချိန်တွင် ပြည်နယ် အကြီးအကဲများ၊ သူပုန် ခေါင်းဆောင်များ အားလုံးသည် အတိုက်အခံ အဖွဲ့အစည်းကြီး ဖြစ်သော တော်လှန်သော မဟာမိတ် အဖွဲ့သို့ သစ္စာခံလာကြသည်။ ထိုအဖွဲ့ကြီး တည်ထောင်ခဲ့မှု တွင် ဆွန်ယက်ဆင်သည် အဓိက နေရာမှ ပါဝင်ခဲ့သည်။

 

အမေရိကန် ပြည်ထောင်စု တဝှမ်း ရံပုံငွေ စုဆောင်း ရှာဖွေနေသော ဆွန်ယက်ဆင်သည် တရုတ်ပြည်သို့ ကမန်းကတန်း ပြန်လာခဲ့သည်၊ သူ့အား ထောက်ခံသူများသည် တရုတ်ပြည် အရှေ့ပိုင်း နန်ကျင်း မြို့တွင် ပြုလုပ်မည့် ညီလာခံ ကြီး ရှိရာသို့ တဖွဲဖွဲ ရောက်ရှိလာနေကြပြီ ဖြစ်သည်။ ထိုညီလာခံကြီးသည် တရုတ်ပြည်၏ အနာဂတ်ကို အဆုံးအဖြတ် ပေးမည့် ပွဲလည်း ဖြစ်သည်။

 

ညီလာခံ အား ဦးဆောင် ကျင်းပသူများက တရုတ်ပြည်အား သမ္မတ နိုင်ငံ အဖြစ် ကျေညာပြီး ဆွန်ယက်ဆင်အား ယာယီ သမ္မတ အဖြစ် ခန့်အပ်လိုက်ကြသည်။

 

သမ္မတ ဖြစ်လာသော ဆွန်ယက်ဆင်သည် ဖွဲ့စည်းနေဆဲ ဖြစ်သည့် ဧကရာဇ် အစိုးရကို ဘေးချိတ်ကာ ယူအန် ရှီကိုင်အား ငြိမ်းချမ်းရေး သံလွင်ခက် ကို ကမ်းလှမ်းလာခဲ့သည်။ အကယ်၍ စစ်တပ်မှ ခေါင်းဆောင်များက သမ္မတ နိုင်ငံ ဖွဲ့စည်းလိုက်ခြင်းကို သဘောတူလျှင် ယူအန် ရှီကိုင်အား သမ္မတ အဖြစ် တာဝန်ယူရန်ပင် အဆိုပြုခဲ့သည်။

 

ထိုအဆိုပြုချက်ကို ယူအန် ရှီကိုင်သည် ချက်ခြင်းလို သဘောတူလိုက်ပြီး ဘက်ပြောင်းလာခဲ့သည်။ စစ်တပ်ရင်း တပ်ဖွဲ့များသည်လည်း ဆက်တိုက်ဆိုသလို အစိုးရ ကို ကျောခိုင်းလာကြသည်။ ထို့အတွက် ရွေးချယ်စရာ လမ်း မရှိတော့သည့် အတွက် အသက် ခြောက်နှစ် အရွယ် ပုရီ သည် ၁၉၁၂ ခုနှစ် ဖေဖေါ်ဝါရီလ တွင် ထီးနန်းကို စွန့်လွှတ်လိုက်ရသည်။ ဤသို့ဖြင့် ချင် မင်းဆက်သည် တရားဝင် ဆုံးခန်းတိုင်သွားခဲ့ရပေတော့သည်။

 

တရုတ် ပြည်သူတို့၏ တော်လှန်ရေးသည်လည်း အောင်ပွဲခံနိုင်ခဲ့ပြီဟု ဆိုရမည် ဖြစ်သည်၊ သူပုန်များ လျို့ဝှက် ပုန်းအောင်းနေသော ဝင်းကြီး အတွင်း မတော်တဆ ပေါက်ကွဲမှုကြီး သည် ဆယ်စုနှစ်ပေါင်းများစွာ ကြိတ်မှိတ် သိုသိပ်ခဲ့ရသည့် ပြည်သူတို့၏ ခံစားချက်များ အတွက် တိုက်ပွဲ ခေါ်သံကြီး ဖြစ်လာခဲ့ပြီး ဘုရင်စနစ် အဆုံးသတ်သွားခဲ့ရခြင်းပင် ဖြစ်သည်။ ယင်းနှင့် အတူ အမျိုးသားရေး စိတ်ဓါတ်များလည်း တဖွားဖွား ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

 

ဥရောပ သမိုင်း နှင့် အတွေးအခေါ်များ အား ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သော တရုတ် ပညာတတ်များသည် ရှေးဟောင်း အစဉ်အလာ များ ကြား မှ ရုန်းမထွက်နိုင်သေးပဲ ဖြစ်နေသော ၎င်းတို့ တိုင်းပြည် အတွက် လစ်ဘရယ် အယူအဆများ နှင့် လွတ်မြောက်ရေး ကို ဆောင်ကျဉ်းပေးနိုင်ခဲ့ကြသည်။

 

နိုင်ငံခြား တိုင်းပြည်များ မှ ဂုတ်သွေး စုတ် ဗိုလ်ကျနေမှုများ နှင့် အကျင့်ပျက် ခြစားပြီး ထီးနန်း စည်းစိမ် ကို ခံစားနေကြသည့် အုပ်ချုပ်သူများ က မွှေးပေးလိုက်သော အမုန်းမီးတောက်ကြီးကြောင့် တော်လှန်ရေး မီးရှိန်ကြီးသည် တရိပ်ရိပ် မြင့်တက်လာနေခဲ့သည်။ ယခု အခါ တော်လှန်ရေး ကြီးဖြင့် ဧကရာဇ်မင်း၏ သရဖူ ကြီး အား လမ်းဘေးသို့ လွင့်စင် ကျရောက်သွားခဲ့ယုံမျှမက သမ္မတ နိုင်ငံ အဖြစ်ပင် တည်ထောင်လာနိုင်ခဲ့ကြသည်။

 

တရုတ်ပြည်၏ နိုင်ငံရေး ကံကြမ္မာ နှင့် အနာဂတ်သည် ကမ္ဘာတဝှမ်း တွင် ပေါ်ထွက်လာနေသော လစ်ဘရယ် လမ်းကြောင်း အတိုင်း ဆက်လက် လျှောက်လှမ်းသွားကြမည်ဟု ယူဆစရာ ဖြစ်လာသည်။ တကယ်တမ်း တွင် နောက် ဆယ်စု နှစ်ပေါင်း များစွာ တိုင်းပြည် တခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်လာတော့မည့် အရေးတွင် ပထမ အဆင့် သို့ တက်လှမ်းလာခဲ့သည်ကိုတော့ ထိုအချိန်က မည်သူမျှ ရိပ်စားမိခဲ့ကြခြင်း မရှိပေ။

 

ဆွန်ယက်ဆင် မှ အသစ် ဖွဲ့စည်းလာခဲ့သည့် ကူမင်တန် ပါတီသည်လည်း နိုင်ငံ အနှံ့ ထောက်ခံမှု ရရှိလာခဲ့သည်။ ၁၉၁၂ တွင် ကျင်းပခဲ့‌သော တရုတ် ပါလီမန် သစ် ရွေးကောက်ပွဲတွင် လူများစု နေရာ ရရှိလာခဲ့သည်။ ယင်းနှင့်အတူ ကူမင်တန် အမျိုးသားရေး ဝါဒီများ နှင့် ယူအန် ရှီကိုင် တို့အကြား အာဏာ ခွဲဝေ ကျင့်သုံးနေမှု သည် စိန်ခေါ်မှုကြီး တရပ် အဖြစ် တဖြေးဖြေး ပြောင်းလဲလာခဲ့သည်။

 

ထိုအထဲတွင် ယူအန် ရှီကိုင်အား ကျယ်ကျယ်လောင်လောင် ဝေဖန်ပြောဆိုလာသူသည် အမျိုးသားရေး ဝါဒီတဦး ဖြစ်သူ ဆန်ချိ အော်ဂျင်း ဆိုသူပင် ဖြစ်သည်။ သူသည် ၁၉၁၃ တွင် အသစ် ရွေးကောက်တင်မြှောက်ထားသည့် ပါလီမန် ကျင်းပသည့် အခါ ဝန်ကြီးချုပ် အဖြစ် တင်မြှောက်ရန် လျာထားခြင်း ခံထားရသူလည်း ဖြစ်သည်။ ၎င်းမှ အသစ်ဖွဲ့စည်းလာသည့် အမျိုးသား ပါလီမန် နှင့် ဝန်ကြီးချုပ် လက်ဝယ်တွင်သာ တိုင်းပြည်အာဏာ စုစည်းရမည် ဆိုကာ သမ္မတ ၏ အာဏာအရပ်ရပ်ကို လျော့ချရန် လုံးပမ်းလာခဲ့သည်။

 

၁၉၁၃ ခုနှစ် မတ်လ အရောက်တွင် ယူအန် ရှီကိုင်၏ မဟာမိတ်များက ဆန်ချိ အော်ဂျင်း အား လုပ်ကြံ သတ်ဖြတ်ခဲ့ကြသည်။ ယင်းနှင့် အတူ ပါလီမန်အား တိုင်းပြည်အာဏာအများစုကို အပ်နှင်းမည့် လှုံ့ဆော် မှုများသည်လည်း ချုပ်ငြိမ်းသွားခဲ့ရသည်။

 

ယူအန် ရှီကိုင်သည် ထိုသို့ ဇဝေဇဝါ ဖြစ်လာကြချိန်ကို အခွင့်ကောင်း ယူကာ ကူမင်တန် အမျိုးသားရေး ပါတီ ကို အကြီးအကျယ် အနှောက်အယှက် ပေးလာခဲ့သည်။ အသစ် ဖွဲ့စည်းထားသည့် ပါလီမန်ကိုလည်း ဖျက်သိမ်းပစ်လိုက်သည်။

 

ဆွန်ယက်ဆင်သည် အခြေအနေများ မဟန်တော့ ဆိုသည်ကို သိမြင်လာပြီး ၁၉၁၃ နွေရာသီအတွင်း ဂျပန်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။